သိုဟန်ဘွားသန်းရွှေ … ဒင်းကြီးကို ဒီလိုရှင်းမယ် (အပိုင်း ၅)

Saturday, February 26, 2011

ဦးအလံမလှဲ
ဦးလေးကြီးက စကားခရီးစဉ် (၅) ကို နှင်ဖို့ရာ နှုတ်တံခါးကိုဖွင့် လိုက်သည်။

“ပြီးခဲ့တဲ့စကားခရီးစဉ်အဆုံးမှာ ကိုတူမောင်ကိုတိုင်တည်ပြီး ပုဂ္ဂိုလ်အများကြီးကို ဖိတ်မန္တကပြုခဲ့တယ်။ အဲဒီ..ပုဂ္ဂိုလ်များ အသင့်ဖြစ်နေပြီ`ထင်´ပါ့။”

“ဟုတ်ကဲ့ပါခင်ဗျာ..။ အားလုံးအသင့် ဖြစ်နေလောက်ပါပြီ။”

“ကိုင်း ဒါဆို သိုဟန်ဘွားသန်းရွှေ ဒင်းကြီးကို ရှင်းပစ်မယ့် လက်နက်ကိုင်နည်းကို စ မယ်။”

ရုတ်တရက်သော် ကိုတူမောင်`တွေ´သွားသည်။`ဝေ´သွားသည်။ ထို့ကြောင့် ဆင်ခြေတက်ပြီ။

“ဟာ..ဦးလေးကြီးက လုပ်ချလိုက်ပြီ။ တိုင်းရင်းသားပြည်သူအများက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတာ..၊ အားထားတာ..။ ဒေါ်အောင်းဆန်စုကြည်က လက်နက်ကိုင်နည်းကို မသုံးဘူးခင်ဗျ။ အကြမ်းမဖက်တဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့စခန်းသွာနေတာ..။ ဒီတော့..ဦးလေးကြီးရဲ့နည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့နည်းနဲ့ ပြောင်းပြန်ဖြစ်မနေဘူးလား”

ကိုတူမောင်၏ စကားဆုံးသည်နှင့် ဦးလေးကြီး၏နှုတ်မှ တစ်လုံးတည်းသောစကားက ရုတ်ချည်းခုန်ထွက်လာသည်။

“ဟိုက်..”

ဦးလေးကြီး`ဟိုက်´သွားသည်မှာ `ကြိုက်´သွား၍ဖြစ်သည်။ဘာကိုများဦးလေးကြီးက`ကြိုက်´သွားသနည်း။ မိမိပြောချင်သည့်စကားကို ချက်ချင်းပြောဖို့ရာ`အကွက်ဆိုက်´လာ၍ `ကြိုက်´သွားခြင်းဖြစ်သည်။

“အစပိုင်းကတည်းက ဦးလေးကြီးပြောခဲ့တယ်လေ။ `လက်နက်ကိုင်နည်း´ဆိုတာက..ဘာ။ `အကြမ်းဘက်နည်း´ဆိုတာက..ဘာ။ မတူဘူး..။ ကွဲပြားတယ်..။ ကဲ..ထားတော့။ ဒီနေ့စကားခရီးဆုံးရင် ကိုတူမောင် ဘ၀င်မကျတဲ့အချက်က ရှင်းသွားမှာပါ။”


သည်တော့မှ ကိုတူမောင်မျက်နှာ ရွှင်လာသည်။ ဒါကို..ဦးလေးကြီးသတိပြု မိသဖြင့် ရှေ့သို့ဆက်လေသည်။

“သိုဟန်ဘွား သန်းရွှေဒင်းကြီးကို ရှင်းပစ်ဖို့အရေးက.. နိုင်ငံရေးကိစ္စ။ နိုင်ငံရေးနည်းကို သုံးရမယ်။ နိုင်ငံလုံးဆိုင်ရာ နိုင်ငံ့အရေးအရာမှန်သမျှကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းတိုင်ပင်အဖြေရှာတာဟာ နိုင်ငံရေးနည်းကိုသုံးတာပဲ။”

ဤသို့အစချီပြီး ဦးလေးကြီးက ဆက်လက်ပြောဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားပြည်သူများ အဓိကလိုချင်သည့် ဒီမိုကရေစီကိုရဖို့ နိုင်ငံရေးနည်းကို သုံးလာခဲ့သည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီ။ နိုင်ငံတကာကရော ကုလသမဂ္ဂစင်မြင့်ကပါ န၀တ,နအဖကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုင်ယာလော့ခ်ပါဟု ဖန်တရာတေအောင် တိုက်တွန်းခဲ့သည်။ သို့တစေ စစ်အာဏာရှင်များက ဟိုလိုလို,ဒီလိုလို ဝေ့လည်ကြောင်ပတ် လုပ်ခဲ့သည်။ မူယာမာယာ တပြုံတခေါင်းကို အသုံးချခဲ့သည်။ ဒိုင်ယာလော့ခ်တော့မယောင်ယောင် လှည့်ပတ်ကွေ့ဝိုက်ပြီး တကမ္ဘာလုံးကို အကြိမ်ပေါင်းများစွာ တပတ်ရိုက်လာခဲ့သည်။

ဦးလေးကြီးက သန်းရွှေမိသားစု အာဏာရှင်ဘ၀၏ နောက်ဆက်တွဲကိုပါ ပွဲထုတ်လာသည်။

“အာဏာရှိလာရင် ဥစ္စာဓနက ထက်ကြပ်မကွာ ကပ်လိုက်လာတယ်။ ဒီတော့အာဏာရှင်ဟာ တချိန်တည်းမှာ ဓနရှင်လည်းဖြစ်တယ်။ ဒါကြောင့် အာဏာရှင်သန်းရွှေလို့ဆိုတာထက် အာဏာရှင်၊ ဓနရှင်၊ သန်းရွှေလို့ဆိုတာက ပိုမိုပြည့်စုံမှန်ကန်တယ်။ အာဏာရှင်၊ ဓနရှင်၊ ရှင်နှစ်ရှင် သန်းရွှေ..ဟဲ..ဟဲ..”

ဦးလေးကြီးက သဘောတရားရေးဆန်ဆန် ရှုမြင်သုံးသပ်ခဲ့သည်။ တဖန်ဆက်၍ ရှုမြင်သုံးသပ်ပြန်သည်။

“အာဏာရှင်၊ ဓနရှင် သန်းရွှေဟာ သူ့လက်ထဲက အာဏာထွက်သွားရင် သူမောင်ပိုင်စီးထားတဲ့ဓနတွေထဲက အတော်များများကို စိတ်မချရတော့ဘူး။ အာဏာလည်း..ထွက်။ ဓနလည်း..ထွက်။ ဒီအခြေမှာ ဖုတ်ထွက်သွားတဲ့လူမမာလို အသက်ပါထွက်သွားလိမ့်မယ်။ `ကြောင်အိုတော့ကြွက်မလေး´တဲ့ သဘောသဘာဝအရ သူကိုယ်တိုင်နှံခဲ့တဲ့ ဗိုလ်နေ၀င်ထံက အဲဒီသင်ခန်းစာကို ရထားတယ်။”

ဦးလေးကြီးက နောက်ထပ်သင်ခန်းစာတစ်ခုကိုလည်း ဆွဲထုတ်လာပြန်သည်။

“မနေ့တနေ့က တိုင်းပြည်ကထွက်ပြေးရတဲ့ အီဂျစ်သမ္မတမူဘာရက်ကလည်း ရာဇ၀င်တွင်မယ့် သင်ခန်းစာကို လတ်လတ်ဆတ်ဆတ်ပေးခဲ့တယ်။ အာဏာရှင်၊ ဓနရှင်ဘ၀မှာ တည်မြဲနေချင်ရင် စစ်တပ်ကိုအပိုင်ကိုင်ထား..။ စစ်တပ်ကိုမပိုင်ရင်တော့ အထုပ်ဆွဲပြီးလေယာဉ်ပေါ်တက်။ ငါကဲ့သို့ထွက်းပြေး..။ အသက်နဲ့ဓန မစွန့်ရအောင်..မြန်မြန်ထွက်။ ..မြန်မြန်ပြေး။ ..မြန်မြန်ထွက်ပြေး တဲ့..ဟဲ..ဟဲ..”

ဤတွင် ကိုတူမောင်က စိတ်ပျက်ပျက်နှင့်ငြီး၏။

“ဒင်းကြီးက ထွက်မပြေးလို့ခက်နေတယ်။”

“စိတ်မလျှောနဲ့ကိုတူမောင်။ ဒင်းကြီးက ရာဇအိနြေ္ဒ.. ရာဇိနြေ္ဒပျက်ရမှာ ကိုရှက်လို့ ထွက်ပြေးရလည်း..အခက်။ တိုင်းရင်းသားပြည်သူတွေက မနှစ်မမြို့ဆန့်ကျင်နေကြလို့ ဆက်နေရလည်း..အခက်။ ရွေးကောက်ပွဲအပြီး သူ့လက်ကိုင်ဒုတ်တွေကို ရာထူးခွဲတမ်းချရာမှာ နည်းလမ်းမကျမမျှတလို့ မီးပွါးလေးတွေပွားပွားပြီး မီးကြီးလောင်လာနိုင်တာကလည်း.. တခက်”

ဦးလေးကြီးက သန်းရွှေမဖြေရှင်းနိုင်သည့် များတကာ ထင်သာမြင်သာအချက်တွေကိုသာ အမြည်းသဘောမျှပြောသည်။ ပြီးတော့ တရားသဘောအခြေခံကို`နှော´လိုက်သည်။

“အာဏာရှင်ရဲ့လောဘ၊ ဓနရှင်ရဲ့လောဘ..ဟဲ..ဟဲ.. ရှင်နှစ်ရှင်ရဲ့လောဘ..။ လောဘနဲ့ကပ်ငြိပါလာတာက..ဒေါသ။ အဲဒီလောဘ၊ ဒေါသကြောင့်မွှန်ထွန်ပြီး အ၀ိဇ္ဖာကဖုံးသွားပြီ။ အမှန်အမှား၊ အကောင်းအဆိုးကို မခွဲခြားနိုင်တော့ဘူး။ ဟော..ကုလားမနိုင်တော့ ရခိုင်မဲဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကို နည်းမျိုးစုံသုံးပြီး သဲကြီးမဲကြီးတိုက်ခိုက်လာတယ်”

“ကဲ..ကိုတူမောင်။ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နအဖကိုတွေ့ဆုံဆွေးနွေး ညှိနှိုင်းတိုင်ပင် အဖြေရှာချင်ပါသတဲ့။ `ဒိုင်ယာလော့ဂ်´ လုပ်ချင်ပါသတဲ့။ ဒါကိုဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ်အခါခါ ပြောခဲ့ပါတယ်။ နိုင်ငံတကာကလည်း `ဒိုင်ယာလော့ဂ်´ လုပ်ကြပါတဲ့။ ကုလသမဂ္ဂစင်မြင့်ကလည်း ဒါကိုပဲအစဉ်တစိုက် ကြိမ်ကြိမ်ခါခါ တိုက်တွန်းနေပါတယ်။ ဒါပေမယ့်သန်းရွှေက လုံးဝဒိုင်ယာမလော့ခ်ချင်။ ဘာကြောင့်လဲ..အဲ”

ဦးလေးကြီးက သူ့မေးခွန်းကို သူ့ဘာသာသူပင် ဖြေလေသည်။

“ကိုတူမောင်ပဲစဉ်းစားကြည့်..။ ဒိုင်ယာလော့ခ်ရမှာက စစ်အာဏာရှင်စနစ်နေရာမှာ ဒီမိုကရေစီကိုအစားထိုးဖို့ဖြစ်တယ်။ စစ်အာဏာရှင်တွေ ပလ္လင်ပေါ်ကဆင်းပေးရမယ်။ ဒီကောင်တွေမဆင်းရဲဘူး။ မဆင်ချင်ဘူး၊ သန်းရွှေဟာ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီးတွေကြောင့် သူ့လိပ်ပြာကသူ့ကို အမြဲခြောက်နေပြီ။ အကြောက်တရားနဲ့နေ နေရပြီ။ စစ်အင်အားကိုမခွာရဲဘူး။ ကိုင်း..ပြောနေကြာတယ်။ သိုဟန်ဘွားသန်းရွှေနေရာမှာ ကိုတူမောင်နေကြည့်။ နိုင်ငံရေးပြဿနာကို ဒိုင်ယာလော့ခ်တဲ့နိုင်ငံရေးနည်းနဲ့ ရှင်းရဲသလား”

ကိုတူမောင် ရုတ်တရက်တွန့်သွားသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သတိတချက်လှစ်ခနဲလက်ပြီး ရယ်မောစရာစကားက အလိုလိုထွက်လာ၏။

“ဟာ.. ဘ၀အဆက်ဆက် သိုဟန်ဘွားသန်းရွှေတော့ မဖြစ်ပါရစေနဲ့..ဟဲ..ဟဲ..။ မဟာ့မဟာ အ၀ီစိငရဲသားတွေက တင်းပုတ်ကြီးတွေ၊ လှံကြီးတွေ၊ မီးကျည်းခဲတွေနဲ့ စောင့်နေကြလေရဲ့..။ ဆီတွေပွက်ပွက်ဆူနေတဲ့ ဒယ်အိုးကြီးတွေကလည်း အသင့်အနေအထားနဲ့..။ ဒင်းကြီးကို.. ဘူးသီးကြော် ကြော်သလိုကြော်ပြီး ဆုံးမကြတော့မယ်..ဟဲ..ဟဲ..”

“ကောင်းပြီ..ကိုတူမောင်။ သန်းရွှေဘာကြောင့် အာဏာပလ္လင်ပေါ်က မဆင်းရဲတာကိုပြောပြီးပြီ။ မဆင်းချင်တာကို ဆက်ပြောမယ်။ အများအလွယ်တကူမြင်ရတာကို ညွှန်ပြပြီးပြောမယ်။ အကြောင်းကြောင်းတွေကြောင့် သန်းရွှေနဲ့တွေ့ရပြီဆိုရင် လူတွေဟာလက်အုပ်ချီပြီး မတုန်မလှုပ်ငြိမ်ကုတ်နေကြရတယ်။ မျက်နှာကိုပြုံးထားရတယ်။ လေလည်ချင်ရင် ဟ၀ှာကိုတအားရှုံ့ထားရတယ်။ ဟဲ..ဟဲ..မျက်နှာကိုပြုံးပြရ..။ တချိန်တည်းမှာ ဟ၀ှာကိုရှုံ့ထားရ..ဟဲ..ဟဲ..။ တချိန်တည်းမှာပြုံးတာကိုရော ရှုံ့တာကိုပါတွဲလုပ်ရမှာ..ဟဲ..ဟဲ..။ ဆိုင်ရာဒေသအာဏာပိုင်တွေက သန်းရွှေရဲ့ရှေ့မှာ အဲဒီလိုလုပ်ဖို့အမိန့်ထုတ်ထားလို့ အဲဒီလိုလုပ်ကြရပါသတဲ့..။ ဒေသဆိုင်ရာအာဏာပိုင်တွေက ဘာကြောင့်အဲဒီလိုလုပ်ခိုင်းတာလဲ။ အဲဒီလိုလုပ်မှသန်းရွှေက အကြိုက်တွေ့လို့ပါတဲ့။”

ဦးလေးကြီးက သန်းရွှေရဲ့မိသားစုအကြောင်းကို ဆက်သည်။

“မယ်မင်းကြီး မကြိုင်ကြိုင်က ဧည့်ခန်းထဲမှာ ထိုင်ခုံတလုံးပဲထားတယ်။ အဲဒီထိုင်ခုံမှာ သူကဟိတ်နဲ့ဟန်နဲ့ထိုင်တယ်။ လာလာသမျှဧည့်သည်တွေက ကြမ်းပြင်မှာ ကျုံ့ကျုံ့ထိုင်ရတယ်။ ပူဇော်ပသတဲ့သဘောနဲ့ ဦးကုန်းချပြီး စိန်ရွှေရတနာကျောက်သံပတ္တမြားတွေကို လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သကြရတယ်။ မယ်မယ်ကြီးလို့ခေါ်ရတယ်။ သမီးတွေ၊ မြေးတွေကို သမီးတော်၊ မြေးတော်လို့ခေါ်ရတယ်။ လျှောက်ထားစရာကို တိုတိုတုတ်တုတ်လျှောက်ထား။ အချိန်တိုအတွင်း ကိစ္စဖြတ်။ ပြန်ခါနီးနောက်တကြိမ်ဦးကုန်းချ။ နောက်ဆုတ်နောက်ဆုတ်ပြန်ကာသုတ်။ ဘယ်လိုဟာတွေလဲ..ဟဲ..ဟဲ..”

ဦးလေးကြီးက သန်းရွှေမိသားစုအရူးထပုံကို အများအလွယ်တကူ မြင်နိုင်သည့်ဖြစ်ရပ်များဖြင့် သက်သေပြပြီး ကောက်ချက်ဆွဲလိုက်ပြန်သည်။

“ကိုင်း..ကိုတူမောင်။ အဲဒီလိုအရှင်သခင်ရူး ရူးရမှ အိပ်ပျော်စားဝင်ဖြစ်နေလေတော့ သန်းရွှေကြီးရော မယ်မင်းကြီးမပါ သမီးတွေ၊ မြေးတွေမကျန် အာဏာကိုမစွန့်ချင်ကြတာ..တဲ့”

ဦးလေးကြီးက သန်းရွှေသာမက သန်းရွှေမိသားစုကပါ အာဏာပလ္လင်ပေါ်က မဆင်းရဲတာ၊ မဆင်းချင်တာကိုထောက်ပြခဲ့ပြီ။ ယခုလတ်တလော အုံးအုံးကြွက်ကြွက်ဖြစ်နေသည့် နိုင်ငံတကာက စိတ်လှုပ်ရှားဘွယ်ရာများကို ဆက်၍ဆွေးနွေးသည်။

“ကဲ..သိုဟန်ဘွားသန်းရွှေဖြစ်ရမှာကို ကြောက်နေတဲ့ကိုတူမောင်..။ နိုင်ငံတကာမှာ ပြဿနာအ၀၀ကို ဒိုင်ယာလော့ဂ်တဲ့နိုင်ငံရေးနည်းနဲ့ ရှင်းလို့မရရင် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြကြရတာပဲ။ တလောကဖြစ်ခဲ့တဲ့ တူနီးရှားနဲ့အီဂျစ်ကိုကြည့်။ အဲဒီကစစ်တပ်တွေက အာဏာရှင်ကြိုးဆွဲတဲ့အတိုင်း မကဘူး။ သူတို့စစ်တပ်ဟာ နိုင်ငံကိုကာကွယ်ရမယ်။ ပြည်သူကိုကာကွယ်ရမယ်။ နိုင်ငံ့အကျိုးပြည်သူ့အကျိုးကို ဆန့်ကျင်ပြီး အာဏာရှင်ကိုမကာကွယ်ရဘူး။ အဲဒီမူပေါ်မှာ ဖြောင့်မတ်ခိုင်ကြည်စွာ အပြတ်ရပ်တယ်”

ကိုတူမောင်က ခပ်မဆိတ်။ နားစိုက်၍သာထောင်နေ၏။ ထို့ကြောင့် ဦးလေးကြီးကပင် ရှေ့ဆက်ပြောသည်။

“ကိုတူမောင်လည်း သိနေတာပဲ။ ၁၉၈၈ တုန်းက ပြည်သူတွေက ငြိမ်းချမ်းစွာ အုံးအုံးကြွက်ကြွက် ဆန္ဒပြခဲ့ကြတယ်။ စစ်တပ်က ပြည်သူဘက်ကမရပ်ဘူး။ မဆလအာဏာရှင်အလိုကျ၊ ပစ်ခတ်သတ်ဖြတ်တယ်။ ၂၀၀၇ မှာ သံဃာတော်တွေ မေတ္တာသုတ်ရွတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ စစ်တပ်က သံဃာတော်တွေပြည်သူတွေဘက်က မရပ်ဘူး။ စစ်အာဏာရှင်အလိုကျ ပစ်ခတ်သတ်ဖြတ်တယ်။ ပြည်သူ့စစ်သား.. ဒို့စစ်သားမဟုတ်ဘူး။ အာဏာရှင့်စစ်သား.. ရန်သူ့စစ်သားဖြစ်သွားပြီ။ သွားပြီ..သွားပြီ..ကိုတူမောင်..ရေ့..”

ဦးလေးကြီးက စစ်တပ်ကို အတော်စိတ်ပျက်သွားပြီ။ စိတ်ကုန်သွားပြီ။ ထို့ကြောင့် မချိတင်ကဲ ပြောလာတော့သည်။

“သန်းရွှေစစ်တပ်ဟာ တစုံတရာရဲ့အချကို ခံလိုက်ရပြီး ခတ်ဆတ်ဆတ်ကလေးနာသွားမှ ကျောင်းမှန်းကန်မှန်း သိလာမယ်။ အပိုးကျိုးလာမယ်။ သန်းရွှေနဲ့ကွာလာမယ်။ ဒီတော့မှ သန်းရွှေကဆွေးနွေးစကားဝိုင်းမှာ ဒိုင်ယာလော့ဂ်ဖို့စဉ်းစားလာမှာ။ ကဲ..ဘယ်လိုချမလဲ.. ကိုတူမောင်။”

ကိုတူမောင်က ခေါင်းကိုသာကုတ်သည်။ အဖြေကိုတော့မထုတ်နိုင်။ ဒါကိုဦးလေးကြီးက သိပြီးဖြစ်သည်။ ကြည်စားလို၍သာ ခလုတ်တိုက်လိုက်ခြင်းဖြစ်သည်။

“အားမငယ်နဲ့ကိုတူမောင်..။ သန်းရွှေမှာ စစ်တပ်ရှိသလို ပြည်သူတွေမှာလည်း စစ်တပ်ရှိတယ်။ တိုင်းရင်းသားလူမျိုးအသီးသီးမှာ တမ်မတော်တွေရှိနေတယ်။ ကျောင်းသားတပ်မတော် ဆိုတာလည်းရှိတယ်။ အားလုံးကတော့ တိုက်ဖို့ရာ တာစူနေကြပြီ။”

ဦးလေးကြီးက အားပါပါဖြင့် ၀မ်းသာစရာကို ဆက်ပြောသည်။

“အဲ.. တခုထူးတာကိုပြောရဦးမယ်.. ကိုတူမောင်။ အကြောင်းကြောင်းတွေကြောင့် အကြမ်းဘက်အဖွဲ့လို့ စာရင်းသွင်းခံထားရတဲ့၊ ကျောင်းသားတပ်မတော်..။ ဟိတ်.. ကျောင်းသားတပ်မတော်ကို အကြမ်းဘက်အဖွဲ့စာရင်းထဲက ပယ်ဖျက်လိုက်ပြီ။ ဒါကဘာသဘောလဲ။ ဘာအဓိပ်ပါယ်လဲ။ အကြမ်းဘက်အဖွဲ့ မဟုတ်ရင် အဖိနှိပ်ခံပြည်သူတို့ရဲ့ တော်လှန်ရေးတပ်မတော်ပဲ။ ကဲ…နောက်ဆက်တွဲ တိုးတက်ဖြစ်ထွန်းမှုတွေကတော့.. လာတော့မယ်။ လာပါတော့မယ်။”

ဤသို့ပြောရင်းပြောရင်း.. ဦးလေးကြီး၏ မျက်နှာပြင်က။ အားတွေတက်ပြီး တဖျင်းဖျဉ်းဖြစ်လာသည်။ ကိုတူမောင်လည်း မျက်လုံးကျယ်ပြီးတက်ကြွလာသည်။

တဆက်တည်းပင် ဦးလေးကြီးက တရုပ်ပြည်က မော်စီတုံးစစ်တပ်နှင့် ချန်ကေရှိပ်စစ်တပ်တို့အကြောင်းကို ရှင်းပြသည်။ မူလအစက ချန်ကေရှိပ်စစ်တပ်က ကြီးလွန်းသည်။ မော်စီတုံးစစ်တပ်က ငယ်လွန်းသည်။ သို့သော်..

“စစ်တို့ရဲ့သဘောက စစ်သည်အင်အားများတာ,နည်းတာ ပဓါနမဟုတ်။ တရားသောဓမ္မစစ်လား၊ မတရားသောအဓမ္မစစ်လား။ ဓမ္မနှင့်အဓမ္မယှဉ်ရတာဆိုတော့ အချိန်တန်လို့ ဇာတ်ရည်လည်းလည်ရော ဓမ္မစစ်ကအောင်ပွဲခံပါပကော။”

ဤသို့ဦးလေးကြီးက အနှစ်ချုပ်ကိုပြောပြီး မော်စီတုံးတပ်နီတော်၏ အောင်ပွဲခံဖြစ်စဉ်ကို ရှင်းပြသည်မှာ ပြည်သူက တရားသောစစ်ဆင်နွှဲသည့် ဓမ္မဘက်တော်သား မော်စီတုံးတပ်နီတော်ဘက်က အပြတ်ရပ်သည်။ နည်းမျိုးစုံဖြင့် ထောက်ခံအားပေးကူညီသည်။ သည်မျှနှင့်အားမရသဖြင့် တပ်နီတော်ထဲဝင်ပြီး စစ်ပွဲကိုကိုယ်တိုင်ဝင်နွှဲကြသည်။ ထို့ကြောင့်တပ်နီတော်ဘက်က အင်အားကြီး၍ကြီး၍လာခဲ့သည်။ ချန်ကေရှိပ်စစ်တပ်ဘက်ကတော့ လက်နက်ချသူကချ။ ပြေးသူကပြေး။ အမြင်မှန်ရပြီး ဘက်ပြောင်းသူကဘက်ပြောင်း။ နိဂုံးအချုပ်မှာတော့ ပြည်သူ့အကျိုးစီးပွါးဘက်က ရပ်တည်ပြီး တရားသောစစ်ကိုဆင်နွှဲသည့် ဓမ္မဘက်တော်သား တပ်နီတော်က အောင်ပွဲခံခဲ့သည်။

“ကဲ..ကိုတူမောင်။ ဒီကနေ့တိုင်းရင်းသားပြည်သူတွေဟာ သန်းရွှေရဲ့စစ်တပ်ဘက်မှာရပ်သလား။ တိုင်းရင်းသားလူမျိုးတပ်မတော်များနဲ့ ကျောင်းသားတပ်မတော်တို့ဘက်မှာရပ်သလား။ ဘယ်ဘက်က အောင်ပွဲခံမှာလဲ။ တရုတ်ပြည်လွတ်မြောက်ရေးစစ်ပွဲက သင်ခန်းစာပေးထားလေရဲ့..။”

ဦးလေးကြီးက တိုင်းရင်းသားပြည်သူအများ အလွယ်တကူနားလည်သဘောပေါက်အောင် ရိုးရိုးရှင်းရှင်းပြောပြလို့ဝပြီ။ ထို့ကြောင့်စကားခရီးစဉ်ကို အနားသတ်ဖို့ရာ ဤသို့ဤနှယ် တာစူလိုက်သည်။

“ကိုင်း..ကိုင်း..ကိုတူမောင်။ တိုင်းရင်းသားပြည်သူအားလုံး..၊ အဲ..ဦးလေးကြီးနဲ့ကိုတူမောင်တို့ ဗမာတွေ.. မဟာဗမာဆိုတဲ့လူမျိုးကြီးဝါဒခေတ် ကုန်သွားပြီနော်..။ ဗမာလည်းတိုင်းရင်းသားတမျိုးပါပဲ..။ ဒါက..နံပါတ်တစ်..။

“တိုင်းရင်းသားပြည်သူအားလုံး.. စစ်အာဏာရှင်ရဲ့ စစ်ဖိနပ်အောက်မှာ နင်းပြားဖြစ်တာလည်း.. အတူတူ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားအားလုံးတန်းတူရေးဆိုတဲ့ ပန်းတိုင်ကလည်း..အတူတူ။ ဘ၀တူတွေချည့်ပဲ။ ဒါက..နံပါတ်နှစ်..။

“ပဒိုမန်းရှာရဲ့သဘောထားကို ဖေါက်သည်ချချင်တာက၊`ပြည်တွင်းလှုပ်ရှားမှုက အဓိကအဆုံးအဖြတ်ပေးမယ်´..တဲ့။ `လက်နက်ကိုင်အင်အားစုတွေက ပြည်တွင်းလှုပ်ရှားမှုကို ပန်းတိုင်ရောက်သည်ထိ ပံ့ပိုးပေးမယ်..တဲ့။ ဒါက..နံပါတ်သုံး..။

“ပြည်တွင်းလှုပ်ရှားမှုက၊ နိုင်ငံရေးကိုနိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ရအောင် အကြမ်းမဖက်ငြိမ်းချမ်းတဲ့လူထုတိုက်ပွဲကို အင်နှင့်အားနှင့်အရှိန်အဟုန်နှင့် ဖေါ်ထုတ်ရပါလိမ့်မယ်။ ဒါက..နံပါတ်လေး..။

“လက်နက်ကိုင်နည်းက ပြည်တွင်းလှုပ်ရှားမှုကို တိုင်းပြည်အ၀ှမ်းကျယ်ပျံ့အားကောင်းစွာနဲ့ ပန်းတိုင်ရောက်သည်ထိ စူးစူးရှရှ, ထိထိမိမိ, ပံ့ပိုးပေးရပါလိမ့်မယ်..။ ဒါက..နံပါတ်ငါး..။

“သန်းရွှေရဲ့စစ်ဖိနပ်အောက်မှာ လူလိုသူလို..မစားရ၊ မ၀တ်ရ၊ မနေရတဲ့..တပ်မတော်သားတွေ..။ သူတို့တတွေဟာ တိုင်းရင်းသားပြည်သူများနဲ့ ဘ၀ချင်းတူနေပြီ..။ ဘ၀တူတပ်မတော်သားများကို တိုင်းရင်းသားပြည်သူမိဘများရဲ့ ရင်ခွင်ထဲပြန်ရောက်လာအောင် နွေးထွေးသမှုနဲ့ ဖိတ်ခေါ်ကြိုဆိုရပါလိမ့်မယ်..။ ဒါက..နံပါတ်ခြောက်..။

“နိုင်ငံရေးဆိုတာ အတ္တဟိတအလုပ်မဟုတ်။ ပရဟိတအလုပ်ဖြစ်တယ်။ အဲဒီလို တိုင်းရင်းသားပြည်သူအားလုံးက ခံယူပြီး စစ်အာဏာရှင်စနစ်ကိုရော, စစ်အာဏာရှင်များကိုပါ အမြစ်မကျန်တော်လှန်တိုက်ပွဲဆင်နွဲရပါလိမ့်မယ်..။ ဒါက..နံပါတ်..ခွန်နှစ်..။

“ပြည်တွင်းလှုပ်ရှားသူတွေက အကြမ်းမဘက်ငြိမ်းချမ်းတဲ့နည်းနဲ့ လူထုတိုက်ပွဲကို အုံးအုံးကြွက်ကြွက် ၀က်ဝက်ကွဲဆင်နွှဲရပါလိမ့်မယ်..။ တိုင်းရင်းသားလူမျိုးတပ်မတော်များနဲ့ ကျောင်းသားတပ်မတော်တို့ကလည်း လက်နက်ကိုင်နည်းကို လူထုတိုက်ပွဲနဲ့ဟန်ချက်ညီညီ အချိတ်အဆက်မိမိ အချိန်ကိုက်ဆင်နွှဲရပါလိမ့်မယ်..။ ဒါက..နံပါတ်..ရှစ်..။

“စစ်အာဏာရှင် ဖြုတ်ချဖျက်သိမ်းရေး ဘုံရည်မှန်းချက်ချင်းအတူတူမို့ သူသူငါငါမခွဲခြားဘဲ ညီညာထကြွ တိုက်ပွဲဝင်ရပါလိမ့်မယ်..။ ဒါက..နံပါတ်..ကိုး..။”

ဦးလေးကြီးကလုပ်ငန်းစဉ်`၉´ရပ်ကိုတင်ပြလိုက်ပြီး ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ဝေဖန်ရေးကို ဖိတ်ခေါ်လိုက်သည်။

“ကိုတူမောင်..ရေ့..။ ဦးလေးကြီးကတော့ ဥာဏ်မီသမျှအကြမ်းဖျင်း အဆိုပြုလိုက်ပြီ။ တင်ပြလိုက်ပြီ။ ဒါလေးမျှနဲ့တော့အားမရသေးဘူး။ ဒါကြောင့် ကိုယ့်ထက်စွမ်းသူများဆရာ့ဆရာများက ကောင်းနိုးရာရာ ဝေဖန်သမှုပြုကာ ဖြည့်စွက်ကြပါလို့ တောင်းပန်သမှုနဲ့ ဖိတ်မန္တကပြုလိုက်ပါ..ရဲ့..”

နောက်ဆုံးဦးလေးကြီးကအရာရာကိုတွက်ဆပြီးနမိတ်ဖတ်လိုက်သည်။

“အကြမ်းမဖက် ငြိမ်းချမ်းတဲ့ လူထုတိုက်ပွဲနည်း ဆင်နွှဲမယ့်သူတွေ..။ လက်နက်ကိုင်နည်း ဆင်နွဲမယ့်သူတွေ..။ သူတို့အားလုံးဟာ တရားသောစစ်ကို ဆင်နွှဲမယ့်သူတွေ..။ ဓမ္မဘက်တော်သားတွေ..။ နိုင်ငံရေးစိတ်ဓါတ်ခွန်အား ကြီးမားတဲ့သူတွေ..။

“နအဖစစ်တပ်ထဲမှာ ဗိုလ်ချုပ်ကြီးတွေ ဗိုလ်ချုပ်တွေကလွဲရင် ကျန်သူတွေဟာ စိတ်ဓါတ်ချွတ်ခြုံကျနေတဲ့သူတွေ..။ ပင်စင်နဲ့စုငွေဆောင်းငွေတွေ ဆုံးကုန်မှာစိုးလို့ ကြိတ်မှိတ်ပြီး ကုန်းခံနေရတဲ့သူတွေ..။ နိုင်ငံရေးစိတ်ဓါတ်ခွန်အား ချည့်နဲ့နေတဲ့သူတွေ..။

“ကိုင်း..အဓမ္မဘက်တော်သားတွေဟာ၊ချန်ကေရှိပ်တပ်ဗိုလ်တပ်သားတွေလို၊ခွေးသေ၀က်သေသေကြရပါလိမ့်မယ်။ခွေးပြေးဝက်ပြေးပြေးကြရပါလိမ့်မယ်။

“ဓမ္မဘက်တော်သားတွေကတော့ မော်စီတုံးတပ်နီတော် တပ်ဗိုလ်တပ်သားတွေလို အောင်လံတော်တလွင့်လွင့်နဲ့ အောင်ပွဲဝင်ကြပါလိမ့်မယ်။

“ဒို့တိုင်းရင်းသား ဖက်ဒရယ်ပြည်ထောင်စုကြီးကဖြင့် နိုင်ငံရေးဂုဏ်သိက္ခာမဲ့လွန်းတဲ့ အာရှနိုင်ငံများရဲ့အထက်မှာ နိုင်ငံရေးဂုဏ်သိက္ခာရှိရှိ ပေါ်ထွန်းလာတော့မည်မှာ အချိန်မဝေးတော့ကြောင်းပါခင်ဗျား။ ။

5 comments :

  1. timothy said... :

    ဦးလေးကြီးရဲ့အချက်၉ချက်ကသွေးထွက်အောင်မှန်ကန်တဲ့၊အာဏာရှင်အမြစ်
်ဖြုတ်တိုက်ဖျက်ရေးဖေါ်မြူလာဘဲဆိုကြပါစို့။ဒီအဆိုကိုလေးလေးနက်နက
်အတည်ပြုပါရစေ။
    လစ်ဗျားကအကြောင်းလေးပြောပါရစေ။
    ဗမာပြည်ရဲ့ဖက်ဆစ်အာဏာရှင်ဖိနှိပ်မှုနဲ့ထပ်တူထပ်မျှတူညီလို့အလေးထား
    ရျှင်းပြပါရစေ။
    လစ်ဗျားမှာအခုတော်လှန်အုံကြွနေကြသောလူထုအင်အားက
    တနေ့ထက်တနေ့အာဏာရှင်ဂဒါဖီးအပေါ်အနိုင်ရနေပြီ။
    စစ်တပ်နဲ့အသိုးရအရာရှိကြီးများကဂဒါဖီးအမိန့်အတိုင်းလူထုကိုပြစ်ခတ်
    ချေမှုန်းပြီးအာဏာရှင်ဘက်နေမလား၊ဒါမှမဟုတ်လူထုအင်အားကကြီးမား
    ခန့်ထည်လာလို့မှန်ကန်သောဆုံးဖြတ်ချက်နဲ့အကြောက်တရားကိုဖယ်ရှားပြီး
    ပြည်သူလူထုဘက်ကိုခုန်ကူးပြီးကြရမလား၊လားပေါင်းများစွာနဲ့ပေါ့။
    ဒါပေမဲ့လူပေါင်း၁၀၀၀ကျော်ရက်ရက်စက်စက်သတ်ထားတာတောင်မှ
    ဒီလူထုရဲ့ရဲရင်းမှန်ကန်တဲ့စိတ်ဓါတ်ကအရာရှိကြီးများကိုလူထုဘက်ပါလာဘို့
    တွန်းအားပြင်းထန်လွန်တာဘဲ။
    အဲဒီမှာလူထုဘက်ပါမလား၊ဂဒွဖီဘက်ပါမလားမေးရင်လူထုဘက်ဘဲပါမယ်လို့
    အိပ်နေရင်နှိုးမေးတောင်မမှာမီအောင်ဖြေကြတယ်လို့
    ရယ်ရွှင်စရာပြောကြတယ်။
    တနေ့ကပြည်ထဲရေးဝန်ကြီးကို(ဘင်ဂါဇီမြို့)ကပုန်ကန်မှုကိုနှိမ်နင်းဘို့
    ဂဒါဖီကအမိန့်ပေးစေခိုင်းတယ်။
    ဘင်ဂါဇီမှာတက်ကြွသောတော်လှန်ရေးလူထုကြီးနဲ့လဲတွေ့ရော၊
    ဝန်ကြီးမင်းကဂဒါဖီရဲ့အထူးအမိန့်ကိုလဲမေ့၊လူထုဘက်ကထဲကူးပြောင်း
    လိုက်တယ်။ဂဒါဖီကိုလဲဖုံးဆက်ပြီးရာထူးကနှုတ်ထွက်ဘို့တိုက်တွန်း
    လိုက်တယ်။နောက်နေ့မှာတရားရေးဝန်ကြီးနှုတ်ထွက်တယ်။ဝန်ကြီး
    ဝန်ကလေး၊သံအမတ်မင်းများထွက်ကြတယ်။
    ကုလသမဂ်ဂကလစ်ဗျားဒု-ခေါင်းဆောင်ထွက်တယ်၊ခေါင်းဆောင်ကဂဒါဖီးကိုထောက်ခံတယ်တဲ့။
    နောက်ရက်မှာအဲဒီကုလသမဂ်ဂလစ်ဗျားခေါင်းဆောင်လဲလူထုဘက်
    ကူးပြောင်းလို့အခုလစ်ဗျားကိုယ်စလှယ်အဖွဲ့ကဂဒါဖီးကိုအရေးယူဘို့
    ကုလသမဂ်ဂမှာအရေးဆိုနေပါပြီ။
    ဗမာပြည်မှာလဲဒီနည်းလမ်းအတိုင်းဖြစ်လာပါမယ်။
    လူထုအင်အားသည်သာအဓိက၊အာဏာရှင်ပြိုလဲဘို့အဓိကဆိုတာပါဘဲ။

  1. Anonymous said... :

    တိုင်းရင်းသာတပ်တွေက တိုင်းရင်းသားတွေအတွက်သာ လို့ ဆိုပါတယ်။ တစ်မျိုးသားလုံးအတွက် မဟုတ်ဘူးလို့ နားလည်ထားပါတယ်။ နောက်ပြီးတော့ သူတို့ကို ထိမှ ထချမယ်တဲ့။ မထိယင်တော့ ပိုနေမြဲ ကျားနေမြဲတဲ့။ ၀တပ်၊ ရှမ်းတပ်၊ ကချင်တပ်တို့ကို ကြည့်လေ။ ပိုနေမြဲ ကျားနေမြဲဘဲ။ ဗိုလ်မှူး စောလားဘွယ်ရဲ့ စိတ်ဓာတ်ကို လေးစားပါတယ်။

  1. Anonymous said... :

    very nice article.Be united everybody .

  1. Anonymous said... :

    ကြားရတာ အားရစရာပါ
    ခွေးတပ်တွေက လက်ခုပ်တီးတာနှင့် ထကိုက်မဲ့ခွေးတွေချည်းဘဲ
    ဦးနှောက်မရှိတဲ့ခွေးတပ် ရှိနေရင် ဘာလုပ် လုပ် အဆင်မပြေနိုင်လောက်ဘူး
    ခွေးဆိုတာ သခင်အားရလုပ်တတ်စမြဲပါ

  1. Anonymous said... :

    ကျွန်တော် အဲ.ဒီလို အမြဲတမ်း စဉ်းစားတတ်ပြီး အမြဲလည်း သူငယ်ချင်းတွေနဲ. ဆုံတိုင်း ပြောဖြစ်ပါတယ်
    ဦးအလံမလှဲ ကို အပြည်.အ၀ ထောက်ခံပါတယ်
    ဒါပေမဲ. တစ်ခုရှိတာက ပြည်သူတစ်ရပ်လုံးက ပြည်တွင်း လှုပ်ရှားမှုနဲ.
    တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း တစ်ချိန်တည်းမှာ
    နအဖ ကို ဖိအားပေးတွန်းလှန်ဖို. စုစည်းညီညွတ်မှုရှိအောင်
    ခေါင်းဆောင်ကောင်း တွေ လိုနေတာပါပဲ
    တကယ်တော. တိုင်းရင်းသားတွေရော အားလုံးဟာ ရည်ရွယ်ချက်တွေ တူနေကြပြီး တစ်ပေါင်းတစ်စည်းတည်း မဖြစ်နိုင်ကြတာဟာ
    စစ်ကျွန်သက်တမ်းကို ရှည်နေစေတာပါပဲ
    အကြမ်းမဖက်တဲ. ငြိမ်းချမ်းတဲ. နည်းလမ်းနဲ.တော. ကျွဲပါးကို စောင်းသွားတီးနေသလိုပဲ ဖြစ်နေလိမ်.မယ် ထင်ပါတယ်
    အဖြစ်နိုင်ဆုံး နည်းလမ်းတွေနဲ. လက်တွေ.ကျတဲ.
    နည်းစနစ်တွေ သုံးပြီး ညီညွတ်မှုကို ပြဖို. အချိန်တန်ပါပြီလို.ပဲ ပြောချင်ပါတယ်
    နောက်ထက် အနှစ် ၂၀ တွေ အနှစ်၂၀ တွေ နဲ.
    ပြည်သူတွေလည်း ချွတ်ခြုံ ကျနေပါပြီဗျာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved