အဝေးပြေးဝင်းထဲက အမည်ခံ အနှိပ်ခန်းတွေ
Friday, February 25, 2011
အောင်မင်္ဂလာ အဝေးပြေးကားဝင်း မြင်ကွင်း (ဓာတ်ပုံ - Popular News)
သတင်းထောက် သင်းအောင် ပေးပို့သည်။
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်း အရင်တုန်းက အလှပြင်ဆိုင်ခန်း၊ အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာ လုပ်ငန်းတွေဟာ အခုလည်း ပုန်းလျှိုးကွယ်လျှိုးနဲ့ ဆက်ပြီး ကြီးထွားနေတုန်းပါပဲလို့ ကျွန်ုပ်တို့ရဲ့ သတင်းထောက်က သတင်းပေးပို့ပါတယ်။
အရင်လက အနှိပ်ခန်း ၄ ခန်းကို ဝင်ရောက်ဖမ်းဆီးခဲ့ပေမယ့် အခု ဒိုင်လျှိုနဲ့ ဆက်ပြီး ဖွင့်နေကြဆဲပဲလို့ အဝေးပြေးဂိတ်မှာ ကျင်လည်သူတွေက ပြောပါတယ်။
“အောင်မင်္ဂလာကန်ရှိရာ တောင်ကြီးလမ်းတလျှောက် ဆိုင်ခန်းတွေ၊ တည်းခိုခန်းရှိရာ စက်မှုလမ်းတလျှောက် ဆိုင်းဘုတ် တင်မထားတဲ့ အနှိပ်ခန်း၊ ပြည့်တန်ဆာခန်းတွေ အရင်အတိုင်းပဲ ရှိနေသေးတယ်။ ရုတ်တရက်ကြည့်ရင် ဖမ်းဆီးပြီး နောက်ပိုင်း ဒါတွေ ပပျောက်သွားသလို ထင်စရာ ရှိတယ်” လို့ သူတို့က ဆိုပါတယ်။
အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်း တနင်္သာရီလမ်း၊ စစ်ကိုင်းလမ်း၊ ပဲခူးလမ်းတွေမှာ အနှိပ်ခန်းတွေ ရှိပါတယ်။ ပြည့်တန်ဆာခန်း ၄၀ ကျော်လောက်ရှိနိုင်တယ်လို့ ကားဝင်းထဲက စတိုးဆိုင် ပိုင်ရှင်တဦးက ပြောပါတယ်။
သက်ဆိုင်ရာက မကြာခဏ ဖမ်းဆီးပေမယ့်လည်း မကြာခင် ဒီလုပ်ငန်းတွေ ပြန်ပေါ်လာမြဲဖြစ်ပါတယ်။
လုပ်ငန်းရှင်တဦးကလည်း “၂၀၀၇ နာဂစ်လေဘေးမှာ ဒေသတွင်း အလုပ်အကိုင် ပါးရှားမှုကြောင့် ဧရာဝတီတိုင်းက မိန်းကလေးတွေ ရန်ကုန်မြို့ ရောက်လာကြတယ်။ တချို့ လှိုင်သာယာ၊ ပုလဲမြို့သစ်လို စက်မှုဇုန်တွေဘက် ရောက်တယ်။ တချို့က အခုလို အနှိပ်ခန်း လုပ်ငန်းတွေဘက် ရောက်လာကြတယ်။ ရန်ကုန်မြို့ရဲ့ အနှိပ်ခန်း အစည်ကားဆုံး နှစ်တွေ ဖြစ်ခဲ့တယ်” လို့ ပြောပြပါတယ်။
ရန်ကုန်မြို့ တနေရာ (ဓာတ်ပုံ - Felix Features)
ဒီကိစ္စတွေကို အရင်းစစ်လိုက်တော့ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာက ထွက်ဆိုသလိုပဲ မှတ်ပုံတင်၊ လိုင်စင်ယူလုပ်လို့ရတဲ့ လုပ်ငန်းတွေ မဟုတ်လေတော့ မြို့နယ်အလိုက် သက်ဆိုင်ရာ အာဏာပိုင်များနဲ့ အပေးအယူလုပ်ပြီး ဖွင့်ခွင့်ရနေတာပါ။
အောင်မင်္ဂလာ အဝေးပြေးကားဝင်းက အနှိပ်ခန်း တခုလျှင် မြို့နယ်၊ ခရိုင်၊ တိုင်း အဖွဲ့အစည်း ၂၀ ကျော်သို့ လစဉ် ပေးဆောင်ရတဲ့ လာဘ်ထိုးငွေ ၃ သိန်းနဲ့အထက် ရှိတယ်လို့ လက်ရှိအနှိပ်ခန်း ဖွင့်ထားသူ တဦးက ပြောပါတယ်။
သူက ဆက်ပြောတာက “အခု အဖမ်းအဆီးတွေ များနေတယ်။ ကိုယ်နဲ့ ရင်းနှီးတဲ့ ဧည့်သည်ကလွဲလို့ နေ့လယ်ဘက် အနှိပ်ခန်း ခွင့်မပြုပါဘူး။ အနှိပ်ခန်း အသုံးပြုရင် အခန်း ဖွဲ့စည်းပုံအရ တနာရီ ၃၀၀၀ ကနေ ၅၀၀၀ ကျပ်အထိ ရှိပါတယ်” တဲ့။
ကားပစ္စည်း အရောင်းဆိုင် ပိုင်ရှင်တဦးက “ပြည့်တန်ဆာ ပွဲစားတွေရဲ့ ခါးကြားမှာ အမြဲ ဓားပါတယ်။ ထစ်ခနဲရှိ ဓားနဲ့ထိုးလိုက်၊ တုတ်နဲ့ ရိုက်လိုက်နဲ့။ စက်မှုလမ်းနဲ့ တောင်ကြီးလမ်းက နေ့လယ်ဘက် ပုံမှန် ငြိမ်သက်သယောင် ရှိပေမယ့် ညဘက်မှာ တကယ့် လူမိုက်နယ်မြေပဲ” လို့ အဲဒီက အခြေအနေကို ပြောပြပါတယ်။
7 comments :
  1. Anonymous said... :
    မိုက်တယ်..ပျက်မှပျက်တော့လည်းအားလုံးအတူတူပျက်ကြတာပေါ့.ငါတို့ချည်းပဲပျက်နေရင် လောကကြီးက ဘယ်တရားတော့ မလဲ.ဒီထက်ပိုပျက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်..
  1. Anonymous said... :
    should not post the photo of girls ,i think it is unethical and breach the code of conduct of journalist.Perhaps,you should do the blurring of the girls with computer effect.It is so so dreadful !!!!!!!!
    Myanmar Group
  1. Anonymous said... :
    တရားမ၀င်မှ ဖမ်းလို့ရတယ်။ ဒါမှငွေဝင်မယ်။ လူတွေနစ်နာတာ သုတို့နဲ့ဘာမှမဆိုင် ။ တာဝန်ရှိသူတွေ အတွေးခပ်ညံ့ညံ့လေးတွေကြောင့် ကျွှန်တော်တို့နိုင်ငံ တောာ်တော်နစ်နာနေပြီ ။
  1. Anonymous said... :
    Ohhh no...
    You should not show the girl's face clearly.
  1. Anonymous said... :
    ဟာဗျာ--- ဓါတ်ပုံထဲမှာ မိတ်ကပ်အဖွေးသားနဲ့ ၊ ဒီအမျိုးသမီးတွေကို ပြည့်တန်ဆာတွေပါလို့  ဘာကြောင့်တပ်အပ်ပြောနိုင်တာလဲ။ သာမန်အမျိုးသမီးတွေ သူတို့ ဖာသာ သူတို့ ဆိုဖာပေါ်ထိုင်နေကြတာကို၊ ပြည်တွင်းသတင်းထောက်က ခိုးရိုက်ပြီး ပေးပို့ လာတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဓါတ်ပုံထည့်မယ်ဆိုရင်တောင်၊ မျက်နှာကို
    ကျင့်ဝတ်သိက္ခာအရ တာဝန်ရှိပါတယ်။
  1. Anonymous said... :
    သတင်းပို့ သူ၊ သတင်းတင်သူတွေမှာ စာနယ်ဇင်း
    ကျင့်ဝတ်သိက္ခာအရ တာဝန်ရှိပါတယ်။
    This is Right!
  1. Anonymous said... :
    ဓါတ်ပုံက ဘာအရေးကြီးလဲ.. ဘယ်သူက သူတို့ကို မှတ်မိနိင်မှာလဲ... ခင်ဗျားတို့ကလည်း ဘိုဆန်ချင်လိုက်တာ.. ခုတ်ရာတခြားရှရာတခြားတွေပဲ..
    မလိုတာတွေ သဲမနေပါနဲ့.. ခင်ဗျားတို့ ဘယ်နိင်ငံမှာနေမှန်း သိပါတယ်.. ဘာလို့ အချိန်ကုန်ခံပြီး လာဖတ်နေသေးလဲ..ကိုသင်းအောင် ကို အပြည့်အ၀ ထောက်ခံတယ်.. ဆက်လုပ်ပါ
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved