ဟိုခိုက်

Friday, February 11, 2011






ဟိုခိုက်
ရွာကလေးတရွာ၏ အမည်ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် ပင်လုံကြား ၁ မိုင်ခန့်အကွာ တောင်ကြား၌ တည်ရှိသည်။
ထိုရွာကလေး၌ နေထိုင်သူများသည် အများနှင့်မတူ၊ လူအများ၏ စွန့်ပယ်ထားခြင်းခံရသော အနာကြီးရာဂါသည် အပယ်ခံများဖြစ်သည်။
ကျွန်ုပ်တို့သည် ထိုရွာလေးသို့ရောက်ရန် လွိုင်လင်မြို့အပြင်ဘက် အစိုးရကွန်ပျုတာ တက္ကသိုလ် (ပင်လုံ) ကို ဖြတ်ကျော်၍ မိနစ် ၄၀ ခန့် ဆိုင်ကယ်မောင်းကြရသည်။
ရွာအ၀င်လမ်းလေးမှာ ကြမ်းသည်၊ ထော်သည် လူအများမလျှောက်သော လမ်းကလေး။ အစွန့်ပစ်ခံများသို့ဟု ဆိုင်းဘုတ် မတပ် ထားသော်လည်း လမ်းကလေးကိုတွေ့သည်နှင့် ထိုခံစားချက်မျိုး ၀င်လာသည်။
ရွာလေးဆီသို့ မရောက်ခင်မှာပင် လမ်းပေါ်မှ ရွာကိုဆီးမြင်ရသည်။ လှလိုက်သည်ဖြစ်ခြင်း ကျနော်တို့အားလုံး အံ့သြသွားသည်။မျှော်လင့်ထားသည်မှာ ဤသို့မဟုတ်။ ရွာသူ၊ ရွာသားများ၏ စည်ကမ်းနှင့်သတ္တိအား ရွာသို့မရောက်နှင့်ခင်ကပင် ကျနော်တို့ ကဗျာဖွဲ့ကြပြီ။
ပထမဆုံး အလည်လာသောကျနော်တို့ အနေနှင့် ဘာကိုလုပ်လို့ ဘယ်ကိုသွားရမှန်း မသိကြပါ။ ရွာကြီးမှာအတော့်ကိုကြီးမားသည်။ ရွာလယ်တွင် ခမ်းနားထည်ဝါသော ရှေး ခရစ်ယာန် ဘာသာဝင်တို့၏ ၀တ်ပြုကျောင်း ဆောင်ကြီးကို တွေ့ရသည်။ ရွာအလယ် လမ်းမကြီးကို မျက်နှာမူ၍ တဘက်တချက်တွင် လူနေအိမ်ကလေးများ ဆောက်လုပ်ထားသည်။ ကျနော်တို့သည် ဘုရားကျောင်းကြီးရှေ့တွင် ဆိုင်ကယ်များရပ်၍ လမ်းလျှောက်မည်။ အိမ်ကလေးများမှ ခေါင်းကလေးများ ပြူတစ် ပြူတစ် ထွက်လာ၍ ကျနော်တို့အား အကဲခပ်သည်။

ကလေးတသိုက် ဒုန်းဆိုင်း၍ ကျနော်တို့ထံ ပြေးလာကြသည်။ ကလေးတို့၏ မျက်ဝန်းအိမ်မှာ ထူးနေသည်။ အပြင်မှ လာသော ဧည့်သည်များအား သိပ်မြင်ဖူးပုံမရ။ ပါလာသော ချိုချဉ်များဖြင့် ကလေးများအား ရင်းနှီးအောင်ကြိုးစားသည်။
ရွာအကြီးအကဲနှင့် တူသူတယောက် ခပ်လှမ်လှမ်းမှ အပေါ်ဘက်အဆောင်သို့ လက်ညှိုးထိုးပြကာ ကျနော် တို့အား လမ်းညွှန်ပြသည်။ ကျနော်တို့သည် ဆိုင်ကယ်များပေါ် တတ်၍ ညွှန်ပြရာ အဆောက်အအုံသို့ သွားကြသည်။
အဆောက်အုံထဲ ၀င်လိုက်သည်နှင့် ငယ်ရွယ်သော ခရစ်ယာန် ဘာသာဝင် Sister များအား တွေ့သည်။
Sister များထဲမှ အကြီးအကဲဖြစ်သူ တယောက်သည် ကျနော်တို့အား ဧည့်ဆောင်သို့ ဖိတ်၍ လာရာ အကျိုးအကြောင်း မေးသည်။ကျနော်တို့သည် လာရောက်လေ့လာခြင်းဖြစ်ကြောင်း၊ တတ်နိုင်သလောက် လှူဒါန်းလိုသဖြင့် လာကြောင်း ပြောပြသည်။ Sister သည် တဒင်္ဂမျှ ငြိမ်သက်သွားသည်။ ထို့နောက် ကြိုဆိုကြောင်း၊ အစွန့်ပယ်ခံ ဘ၀များထံ ဤကဲ့သို့ လာရောက် လည်ပတ် သည်ကိုပင် ကျေနပ်လှကြောင်း ပြောသည်။
ကျနော်တို့အား လိုက်လံပြသပေးရန် Sister ကြီးက Sister တယောက်အား တာဝန်ပေးသည်။ Sister က ကျနော်တို့အား ရှင်းပြသည်။ အနာကြီး ရောဂါသည်များသည် အရပ်ရပ်မှ လာရောက်ခြင်း ဖြစ်ကြောင်း၊ အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြောင်း၊ ဤခေတ်တွင် အနာကြီးရောဂါအား ကုနိုင်သည်မှာ မှန်သော်လည်း အများစုမှာ ရောဂါကျွမ်းနေပြီး ဖြစ်သဖြင့် ကုမရကြောင်း၊ ဤရွာတွင် နေထိုင်သော ရောဂါသည်များအား အပြင်ဘက်တွင် တောင်းရမ်းခွင့် မပြုကြောင်း၊ ရောဂါသည် တချို့သည် တကိုယ်ရည် ဖြစ်သော်လည်း တချို့မှာ မိသားစုလိုက်ဖြစ်ကြောင်း ပြောဆိုသည်။
ထို့နောက် Sister က လယ်ကွက်များဘက်သို့ မျက်နှာမူ၍ လယ်ကွက်များအား အနာကြီးရောဂါ သည်များကို တကွက်စီ ပေးထားကြောင်း၊ လယ်ကွက်များအား သူတို့၏ ခွန်အားဖြင့် စိုက်ပျိုးကြောင်း၊ နှစ်စဉ်ရလာသော အသီးအနှံများအား Sister များက စီစဉ်ခန့်ခွဲကာ ၀မ်းစာအတွက် ဖြေရှင်းရကြောင်း ပြောသည်။ ကျနော်တို့သည် လမ်းမကြီး တဘက် တယောက်နေ အဆောင်တလုံးဆီသို့ Sister နှင့်အတူ ၀င်ရောက်လေ့လာကြသည်။
Sister ကို တွေ့သည်နှင့် အနာကြီးရောဂါသည် ဦးကြီးမှာ ထိုင်ရာမှ အားပြုထသည်။ ထို့နောက် Mother ... Mother ဟုခေါ်၍ ဂါရ၀ပြုသည်။ Sister က “ဒီရွာက လူတွေအားလုံးက ကျမတို့ကို အမေ လို့ပဲခေါ်ကြတယ်” ဟုရှင်းပြသည်။ အနာကြီး ရောဂါသည် အများစုမှာ မြန်မာစကား နားမလည်ကြချေ။ Sister ကသာ အမေးအဖြေ လုပ်ပေးရသည်။
ထို့နောက် ကျနော်တို့သည် အိမ်ထောင်သည်များ နေထိုင်ရာ တိုက်တန်းများဆီသို့ သွားကြသည်။ Sister က “သူတို့တွေရဲ့ သားသမီးတွေကတော့ ဒီရောဂါ ဆက်မဖြစ်တော့ပါဘူး၊ ဘာလို့လည်းဆိုတော့ ကျမတို့က ဆေးကို ပုံမှန်တိုက်တယ်၊ လိုအပ်သလို ကုသမှုတွေ လုပ်ပေးတယ်” ဟု ပြောပြသည်။
ရွာတွင် အစိုးမူလတန်းကျောင်းကလေးရှိသည်။ ၀န်ထမ်း မလုံလောက်ပါ။ ဆရာမ တယောက်တည်းသာ။ ထို့ကြောင့် ဘာသာ တော်တော်များများအား Sister များကပင် သင်ပေးကြရသည်။ မူလတန်းလွန်လာသော ကျောင်းသာများအား မြို့သို့ ထော်လာဂျီင်္ဖြင့် ကျောင်းထားရေးအားလည်း Sister များကပင် စီမံခန့်ခွဲကြသည်။

တချို့မှာ ဘွဲ့ပင်ရထားကြသည်။ သို့သော် ရွာမှဘွဲ့ရ ကျောင်းသားလေးအား မေးကြည့်ရာ “လူတွေက အနာကြီး ရောဂါသည်တွေရဲ့ သားဆိုတော့ အဖက် မလုပ်ချင်ဘူး။ တော်တော်လေးကို ရှက်ရတယ်။ ကျောင်းမှာဆိုလည် ဆရာမတွေရဲ့ ခွဲခြားဆက်ဆံခံရတယ်။ ကျနော်တို့ မပျော်ခဲ့ရပါဘူး။ အခုတော့ ကျနော့် မွေးရပ်မြေလေးကိုပဲ ဆရာအဖြစ် အကျိုးပြုတော့မယ်” ဟု ဆိုသည်။

ကျတော်တို့သည် နောက်ဆုံးအနေနှင့် ရောဂါသည်လူအိုများ နေထိုင်ရာ တိုက်တန်းများဆီသို့ ရောက်လာကြသည်။ အသက် ၈၀ ခန့်ရှိသော အဘိုးအိုတဦးမှာ မြန်မာစကားတတ်သည်နှင့် အလိုကျ စကားပြောခွင့် ရသည်။

အဘိုးကြီးက ခံစားချက်များအား ဖောက်ထုတ်သည်...

“ကျနော် ဒီရောဂါဖြစ်တာ မိဘ မျိုးရိုးတွေမှာ ဒီရောဂါ အခံရှိလို့မဟုတ်ပါဘူး။ ကျနော့် နေအိမ်ကလေး မီးလောင်တော့ ကျနော့် အပေါ် မီးလောင်သစ်တုံးကြီး တခု ပြုတ်ကျရာကနေ စပြီး ဒီရောဂါကို ရရှိခဲ့တာပါ။ စဖြစ်တော့ ရှက်နေခဲ့တာလည်း ပါပါတယ်။ ဒါဟာ ဒီရောဂါရဲ့ လက္ခဏာဆိုတာ မသိတာလည်း ပါပါတယ်။ အဲဒီနောက်ပိုင်း ကျနော် ရွာလေးမှာ မနေချင်တော့လို့ အလုပ်အတွက် မြို့တက်လာခဲ့တယ်။ ကျနော့်ဆီက ဒဏ်ရာတွေကို တွေ့တာနဲ့ လူတွေက ကျနော့်ကို အလုပ်မပေးချင်ကြပါဘူး။ ဒါနဲ့ နောက်ဆုံး တောင်းစားရတဲ့အထိ ဖြစ်လာခဲ့တာပါ။ ကျနော့်ကို တချို့က ပြောကြပါတယ်။ အလုပ်လုပ်နိုင်သားနဲ့ အလုပ်မလုပ်ဘူး၊ တောင်းစား နေတယ်လို့ ပြောပါတယ်။ ကျနော့်လို အနာကြီးရောဂါသည်ကို ဘယ်သူက အလုပ်ခန့်မှာလဲ။ တချို့ ကလေးတွေ ဆိုရင် ကျနော့်ကို ပိုက်ဆံထည့်တဲ့အခါ သူတောင်းစားကြီး ဆိုပြီး အကြွေစေ့ကို ပစ်ထည့် ဆဲရေးပြီး သွားကြတာပါ။ တကယ်တော့ ကျနော်က လူကြီးတယောက်ပါ၊ ဒီရောဂါဟာ ကျနော့်ဘ၀ထဲကို မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့တာပါ။ နောက်ဆုံး နေစရာမရှိတဲ့ ကျနော်ဟာ ဒီ ဟိုခိုက်ရွာလေး အကြောင်း၊ ဆရာမတို့ရဲ့ မေတ္တာ စေတနာတွေအကြောင်း ကြားတာနဲ့ ဒီကို ရွှေ့ပြောင်း လာခဲ့တာပါ။ ဒီက Sister တွေဟာ ကျနော်တို့ကို မွေးထုတ်လိုက်တဲ့ အမေတွေ မဟုတ်ပေမယ့်၊ ကျနော့် သမီးအရွယ်တွေ ဖြစ်ကြပေမယ့် ကျနော်တို့ အမေတွေပါဗျာ” ဟု ငိုရင်း ပြောဆိုသည်။

ကျနော်တို့ အဖွဲ့ထဲက မိန်းကလေး တဦးလည်း သူနှင့်အပြိုင်ငိုကြွေးသည်။ ကျနော့်မှာလည်း စိတ်ကို မနည်း ထိန်းထားရသည်။

လူအများ၏ အစွန့်ပယ်ခံ၊ အစိုးရတရပ်လုံး၏ ကူညီဖေးမမှုကို မရကြသည့် ဒုက္ခသည်တွေပါလားဟု စိတ်ထဲ၌ ကြိတ်ငိုကြွေးရသည်။ အဘိုးကြီးက ဆက်ပြောသည်

“ဖြစ်နိုင်ရင် ကျနော်တို့ ရွာကလေးက ကလေးတွေကို အားပေးကြပါ၊ လာလည်ပေးကြပါ၊ ကျေးဇူးပြုလို့ ပစ်မထားကြပါနဲ့ဗျာ” ဟုဆိုသည်။

ဆို့တက်လာသော ခံစားချက်ကို ကျနော်လည်း မထိန်းထားနိုင်တော့ပါ။ မျက်ရည်ပူများ ကျလာသည်။ ရင်ထဲတွင်တော့ ရွာကျောင်းများ ဆီသို့ ပညာရေး မပို့ပေးသော၊ ကိုယ့်သားသမီးဟု ကျုံးဝါး၍ ချွေးစက်များနှင့် ဆင်းရဲသော ဘ၀များအပေါ် အနိုင်ထက် စီးနှင်းသော နိုင်ငံဥသျှောင်များအား ဤမြင်ကွင်းအား မြင်တွေ့စေချင်နေသည်။

ဆေးဝါးနှင့် အကူအညီအတွက် ခရစ်ယာန် ဘာသာရေးကျောင်းများက တာဝန်ယူထားကြသော်လည်း လုံးဝ မလုံလောက်ပါ။

မိုးလည်း ချုပ်လုပြီဖြစ်သောကြောင့် ကျနော်တို့ အားလုံး တည်းခိုရာ ဟိုတယ်ဆီသို့ ပြန်ရန်သင့်ပြီ။ ကျနော်တို့ အိမ်ပြန် ခရီးလေးမှာ အလာနှင့် မတူပါ။ အားလုံး ရင်တွင် ဒုန်းဆိုင်း၍ စကားမပြောနိုင်အောင် ဖြစ်နေသည်။ ကူညီသင့်သလောက်ကို မကူညီနိုင်၍ စိတ်မကောင်း ဖြစ်ရသည်။ Sister များ၏ ပြင်းထန်သော မေတ္တာစိတ်များ အပေါ် ကျနော်တို့တွင် ပြောစရာ စကားလုံးများ ရှာ မတွေ့ခဲ့ကြပါ။

အနာကြီး ရောဂါသည်၏ အမေများအဖြစ် ဘ၀ကို နှစ်မြှုပ်ထားကြသော အမေများ ကျန်းမာပါစေဟုသာ ဆုတောင်းနိုင်သည်။

ကျနော် အိမ်ပြန်ဦးမည်။ လူများအားလည်း ပြောပြဦးမည်။ အလှူငွေများ ကောက်ခံ၍ ........... နောက်တခေါက်တော့ လာခဲ့ဦးမည်။ ဟိုခိုက် ရွာသားများ အားလုံး ကျန်မားပါစေဟု ဆန္ဒပြုရင်း ခရီးကို အဆုံးသတ်ခဲ့ပါသည်။
မင်းကိုကို

6 comments :

  1. Unknown said... :

    သီးသန့်အနေနဲ့သွားရင် မလွယ်ကူနိုင်တော့ ရန်ကုန်ကနေပဲဖြစ်ဖြစ် အလှူငွေနဲ့ အ၀တ်အစားတွေ ဆက်သွယ်လှူဒါန်းလို့ ရနိုင်မယ့် လိပ်စာ မျိုးရှိရင် ပိုကောင်းပါမယ်ခမျ။

  1. အလှူငွေကောက်ခံတဲ့ဖက် သို့မဟုတ် လှူဒါန်းတဲ့ဖက်မှာ တတ်အားသရွေ့ ကူညီချင်ပါတယ်

    နိုင်းနိုင်းစနေ

  1. Anonymous said... :

    ကိုမင်းကိုကိုအားကျေးဇူးအထူးတင်လျှက်ပါ။ဘယ်သူမှမရောက် ဖြစ်တဲ့နေရာကိုစာနာစိတ်အပြည့်ဝနဲ့သွားရောက်ခဲ့တာမို့တဆင့် စကားတဆင့်ကြားဆိုသလို အလှူငွေများထည့်ပေးကြပါရန် အားလုံးကိုဘဲပြောပါရစေ။

  1. Anonymous said... :

    တနိုင်ငံလုံးအနှံ့ တော်တော်ဒုက္ခရောက်နေကြရတာပါ ဒုက္ခရောက်သူတွေကို ခုလို ကိုယ်ကျိုးစွန့်လွှတ်ပြီး တတ်နိုင်သမျှ ကူညီစောင့်ရှောက်နေသူတွေကို လည်း လေးစားချစ်ခင်ရပါတယ် စစ်အာဏာရှင်စနစ်ဆိုးကြီးကို မတွန်းလှန်နိုင်သေးခင် စပ်ကြား တတ်နိုင်သမျှ နီးစပ်ရာ ပြည်သူတွေကို ကူညီဖေးမတာတွေ ကြားရမြင်ရတာလဲ စိတ်မကောင်းတဲ့ကြားက မင်္ဂလာရှိပါပေတယ်ဗျာ

  1. Anonymous said... :

    လှူချင်ပါတယ်။ လိပ်စာသိပါရစေ။ ကိုယ်တိုင်သွားရောက်ချင်သူများ အတွက်လဲ လမ်းညွန်လေး သိပါရစေ။ ကျေးဇူးတင်ပါတယ်။

  1. Anonymous said... :

    အင်္ဂလိပ်လိုလေးရေးပေးပါလားဗျာ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved