မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့တဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို တန်ပြန်စီးပွားရေးပိတ်ဆို့မယ် ဆိုတဲ့ အဖြေစကားပါတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇနဲ့ The Future မဂ္ဂဇင်းရဲ့ အယ်ဒီတာ စိုးယုဝေက မေးမြန်းထားတဲ့ အင်တာဗျူး မူရင်းကို လူအများ စိတ်ဝင်စားနေကြပါတယ်။
မြန်မာ သတင်းသမားများကွန်ရက်က ပြည်တွင်းပြည်ပ စာဖတ်ပရိသတ်များ ဖတ်ရှုနိုင်ဖို့ အင်တာဗျူးမူရင်း အတိုင်းဖော်ပြ ပေးလိုက်တာကို Myanmar Tutor ရဲ့ facebook ကနေ ယူပြီး တဆင့် ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်။
စိုးယုဝေ။ ။ မြန်မာနိုင်ငံ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတယောက်အပြင် လုပ်ငနှ်းရင် တဦးအနေနဲ့ပါ လက်ရှိကျောက်မျက်ဈေးကွက် အခြေအနေကို သုံးသပ်ပေးပါ။
ဦးတေဇ။ ။ မြန်မာနိုင်ငံကျောက်မျက်ရတနာဈေးကွက်အနေနဲ့နှစ်ပိုင်းရှိပါတယ်။ တခုက ကျောက်စိမ်းနဲ့ နောက်တခုက ပတ္တမြား၊ နီလာစတဲ့ ကျောက်မျက်အပိုင်းဖြစ်ပါတယ်။ လတ်တလော ကျွန်တော်တင်ပြတဲ့ နှစ်ပိုင်းလုံးမှာ အရိုင်း (Raw) ထုတ်လုပ်ပေးတဲ့ ကျောက်မျက်ရတနာနယ်မြေသစ်တွေ ထပ်ရှာမတွေ့သေး တာရယ်၊ လက်ရှိထုတ်နေတဲ့ ကျောက်မျက်ရတနာနယ်မြေတွေကလည်း ၁၀ စုနှစ်တခုစာပဲ ရှိတော့တဲ့ အတွက် မြန်မာ့ကျောက်မျက်ရတနာဈေးကွက်က ကျဆင်းသွားဖို့ မမြင်ပါဘူး။ အထူးသဖြင့် ကျောက်စိမ်း အပိုင်းအနေနဲ့ တရုတ်ပြည်စီးပွားရေးတိုးတက်တဲ့အတွက်ရယ် တရုတ်လူမျိုးတွေရဲ့ ကျောက်စိမ်းအပေါ် အလေးထားဝတ်ဆင်မှုရယ်ကြောင့် ကျောက်စိမ်းဈေးကွက်အနေနဲ့ ဆက်တက်ဖို့ပဲမြင်ပါတယ်။
စိုးယုဝေ။ ။ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြတဲ့ လုပ်ငန်းရှင်များအတွက် ဘယ်လို အလားအလာတွေရှိနိုင်မလဲ။
ဦးတေဇ။ ။ မြန်မာနိုင်ငံမှာ ဒီနေ့နိုင်ငံသားကုမ္ပဏီပေါင်း ထောင်ဂဏန်းလောက်မှတ်ပုံတင်ပြီး တူးဖော်ရေးလုပ် ငန်းတွေ လုပ်ကိုင်နေကြပါတယ်။ အရင်ခေတ်ကလို အရင်းပြုတ်သွားတဲ့ ကုမ္ပဏီဆိုတာ မရှိသလောက်ရှား ပါတယ်။ အားလုံးအနည်းနဲ့ အများ တိုးတက်သွားပြီး အကျိုးစီးပွားခံစားနေရတဲ့အတွက် ဈေးကွက်ကလဲ လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး Emporium(ကျောက်မျက်ရတနာရောင်းချပွဲ) တခုနှင့်တခုအပြီး ဈေးကျသွားတာ မတွေ့ရဘဲ အတက်ဘက်ပဲ ဖြစ်နေတာရယ်ကြောင့် ဒီနေ့ ကျောက်မျက်တူးဖော်ရေးတွေမှာ လုပ်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ အလားအလာဟာ အထူးကောင်းပါတယ်လို့ ကျွန်တော့်အမြင်အနေနဲ့ သုံးသပ်ပေးပါ တယ်။
စိုးယုဝေ။ ။ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ပြည်ပလုပ်ငန်းရှင်တွေအတွက် အသင်းအနေနဲ့ ဘယ်လိုအထောက်အကူပြုဆောင်ရွက်ပေးနိုင်ပါမလဲ။
ဦးတေဇ။ ။ ဒါကတော့ နိုင်ငံတော်ရဲ့ ကောင်းမွန်တဲ့ ပေါ်လစီအရ မြန်မာနိုင်ငံ ကျောက်မျက်တူးဖော်ရေးလုပ် ငန်းတွေမှာ နိုင်ငံခြားသားများလုပ်ကိုင်ခွင့်မပြုဘဲ တိုင်းရင်းသားလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပြုထားပါ တယ်။ ဒါပေမဲ့ အချောထည် လက်ဝတ်ရတနာသွေးတဲ့အပိုင်းနဲ့ Setting လုပ်တဲ့အပိုင်းတွေမှာတော့ ပြည်တွင်းလုပ်ငန်းရှင်များနှင့်ပူးပေါင်း ဆောင်ရွက်လိုသော်လည်းကောင်း၊ တဦးတည်းရင်းနှီးမြုပ်နှံလိုသော် လည်းကောင်း သတ္တူတွင်းဝန်ကြီးဌာနနှင့်ညှိုနှိုင်းပြီး MIC/FIC(မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်နှင့် နိုင်ငံခြားရင်းနှီးမြုပ်ကော်မရှင်) တင်ပြီးလုပ်ပိုင်ခွင့်ရှိပါတယ်။
စိုးယုဝေ။ ။ ကျောက်မျက်ရတနာလုပ်ငန်းနဲ့ ပတ်သက်လို့ ထုတ်လုပ်ရေးပိုင်းမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် Vale Added အဖြစ် လက်ဝတ်ရတနာအဖြစ်ပြုလုပ်ရောင်းချတာပဲဖြစ်ဖြစ် ဘယ်လိုမျိုးနည်းပညာတွေရယူဖို့ လိုအပ်တယ်လို့ ထင်ပါသလဲ။
ဦးတေဇ။ ။ နည်းပညာဆိုတာ နေရာတိုင်းမှာ အရေးကြီးပါတယ်။ ကျောက်မျက်ရတနာနဲ့ ပတ်သက်ပြီး ပတ္တမြားနီလာနဲ့ဆိုင်တဲ့ မိုင်းရှုး ကျောက်များကို ယိုးဒယားမှာလို မီးဖုတ်တဲ့အတတ်ပညာ၊ ခေတ်မှီစက်များနဲ့ အရိုင်းကိုတိုင်းတာပြီး ကွန်ပျူတာနဲ့အရင် အနာတတ်နိုင်သမျှ လွတ်အောင်ပုံဖော်ပြီး သွေးတဲ့အတတ်ပညာ ပြီးတော့ Setting ပိုင်းစာတာတွေက ပြည်တွင်းမှာ တချို့ရောက်ရှိပြီးသလောက် တော့ဖြစ်ပါတ်။ ဒါပေမဲ့ ကျနော့်အမြင်တော့လိုပါသေးတယ်။ ကျောက်စိမ်းနဲ့ပတ်သက်လို့လဲ တရုတ်ပြည်မ ကြီးအကြိုက် အရုပ်များသွေးနိုင်တဲ့ Skill ရှိတဲ့မြန်မာလူမျိုးတွေအများကြီးလိုပါသေးတယ်။ အသင်းအနေနဲ့ တတ်နိုင်သမျှတော့ နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ နည်းပညာတွေကို ပြင်ပလုပ်ငန်းရှင်များထံမှ သတင်းကော၊ အင်တာနက်က သတင်းကောင်းတချို့ပါ အသင်းသားများထံသို့ပေးပို့ဆောင်ရွက်လျက်ရှိပါ တယ်။
စိုးယုဝေ။ ။ ပြည်ပနည်းပညာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာပဲဖြစ်ဖြစ် နည်းပညာဖိတ်ခေါ်တာပဲဖြစ်ဖြစ် ဒီလုပ်ငန်းပိုင်းမှာ ပိုပြီးတိုးတက်မှုရှိလာနိုင်တယ်လို့ ယူဆပါသလား။
ဦးတေဇ။ ။ ပြည်ပက နည်းပညာရှင်အတတ်ပညာရှင်တွေသူတို့မြန်မာပြည်တွင်းမှာ လာရောက်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ရင် ကျနော်တို့မြန်မာနိုင်ငံကျောက်မျက်ဈေးကွက်က အရိုင်းကော၊ အချောထည်ကော နှစ်မျိုးစလုံး ပြည်တွင်းမှာ ဖြစ်သွားပြီး ဘက်စုံတိုးတက်ပြီပေါ့။ ဒါဆိုမြန်မာပြည်သူပြည်သားတွေလည်း အလုပ် အကိုင်အများကြီးရနိုင်တာပေါ့။ ကျနော်တို့ အမြဲကြိုဆိုနေပါတယ်။ လုပ်ချင်တဲ့လူများရှိရင် တရားဝင်ဖြစ်သွားအောင် အသင်းအနေနဲ့ကူညီဖို့ အမြဲအဆင်သင့်ရှိပါတယ်လို့ပြောလိုပါတယ်။
စိုးယုဝေ။ ။ ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ ဥပဒေတွေ၊ အခွန်အကောက်တွေအပေါ်မှာ လက်ရှိအနေအထားအရ ဘယ်လိုပြုပြင်ပြောင်းလဲမှုမျိုးတွေလုပ်ဆောင်သင့် တယ်လို့ ထင်ပါသလဲ။
ဦးတေဇ။ ။ လက်ရှိနိုင်ငံတော်ရဲ့ ပေါ်လစီတွေ၊ အခွန်တွေနဲ့ပတ်သက်လို့ အားလုံး Fair ဖြစ်တယ်။ ပေးရတာတန်တယ်လို့ ရှိသမျှလုပ်ငန်းရှင်များက သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် တရားမ၀င် ပြည်ပ သယ်သွားခဲ့တဲ့ ကျောက်တွေတောင် မြန်မာပြည်ပြန်သယ်ပြီး ကျေက်မျက်ရတနာရောင်းချပွဲကို ပြန်တင်ပြီး ရောင်းချကြတယ်။ အခွန်လဲ Fair ဖြစ်တယ်။ ဈေးလဲဈေးကောင်းရတယ်။ တရားမ၀င်သွားတဲ့ ကျောက်စိမ်း တွေလို ဈေးလဲအနှိမ်မခံရတော့ အားလုံးလုပ်နိုင်ကိုင်နိုင်ရှိပါတယ်။
စိုးယုဝေ။ ။ ဒီလုပ်ငန်းနဲ့ဆက်စပ်ပြီးအခြားဘယ်လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှု ချဲ့ထွင်နိုင်မယ်လို့ ထင်ပါ သလဲ။
ဦးတေဇ။ ။ ကျနော်စောစောက တင်ပြခဲ့သလို မြန်မာနိုင်ငံသားကုမ္ပဏီပေါင်းထောင်ချီ ၀င်လုပ်နေတာ ဒီကျောက်မျက်လုပ်ငန်းက အကျိုးအမြတ်တွေရတော့ ဒီလူတွေပဲမြန်မာပြည်တွင်းမှာ စက်ရုံတွေ၊ ဟိုတယ် တွေ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးစသဖြင့် လုပ်ငန်းပေါင်းစုံကို ကျ နော်တို့ ကျောက်မျက်လုပ်ငန်းရှင်တွေက လုပ်ငန်းတွေ ချဲ့ထွင်ကြပါတယ်။
စိုးယုဝေ။ ။ မြန်မာနိုင်ငံက ကျေက်မျက်ရတနာထွက်ရှိတဲ့ နိုင်ငံဖြစ်သော်လည်း ရောင်းဝယ်ဖောက်ကားမှုဈေး ကွက်မှာ အိမ်နီးချင်းထိုင်းနိုင်ငံလောက် မကျယ်ပြန့်တာ ဘာကြောင့်လို့ထင်ပါသလဲ။
ဦးတေဇ။ ။ ကျောက်မျက်နဲ့ပတ်သက်ပြီး ပတ္တမြား၊ နီလာလောက်ပဲ ကျနော်တို့အိမ်နီးချင်း ထိုင်းလောက် မကျယ်ပြန့်သေးတာပါ။ ဒါကလဲ ကျနော်အရင်တင်ပြခဲ့သလို မီးဖုတ်တဲ့ အတတ်ပညာ၊ ကျောက်သွေးတဲ့ အတတ်ပညာ၊ Setting ပိုင်းမှာ သူတို့က နည်းပညာသာနေသေးတာကိုး။ ပြီးတော့နှစ်ရှည်ကာလ ဖြစ်ခဲ့တဲ့ ဈေးကွက်နဲ့ မိတ်ပေါ့။ အခုတော့ ပြည်တွင်းမှာလည်း ကုမ္ပဏီတွေ တော်တော်များများ ဒီလုပနင်းတွေမှာ စလုပ်လာပါပြီ။ ကျနော်တို့အသင်းကလည်း Lab တခုထောင်ပြီး သဘာဝကျောက်မျက်၊ မီးဖုတ်ကျောက် မျက်၊ အတုအစစ် စသည်ဖြင့် Gurantee Certificate ပေးနိုင်တဲ့အဆင့်ဖြစ်အောင်လုပ်ပြီး မြန်မာပြည်တွင်း ဈေးကွက်ကျယ်ပြန့်အောင် ကျနော်တို့လဲ ကြိုးစားရမှာပေါ့။
စိုးယုဝေ။ ။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကျောက်မျက်ရတနာတွေအပေါ်အင်အားကြီးနိုင်ငံတချို့ရဲ့ ပိတ်ဆို့မှုတွေကို ဘယ်လိုများတုံ့ပြန်ချင်ပါသလဲ။
ဦးတေဇ။ ။ ကျနော်တို့ လက်ရှိကမ္ဘာမှာ ဖြစ်နေတာက ရတနာဆိုတာ နိုင်ငံတိုင်းမှာမရှိပါဘူး။ အထူးသဖြင့် မြန်မာပြည်က ပတ္တမြားမျိုး၊ ကျောက်စိမ်းမျိုးဆိုတာ တကမ္ဘာလုံးကျနော်တို့ မြန်မာပြည်ရဲ့ အရည်အသွေး ကို ဘယ်နိုင်ငံမှ ယှဉ်လို့မရဘူး။ ဒါကြောင့် အနောက်နိုင်ငံတွေကလဲ သူတို့နိုင်ငံရေးသမားတွေကပဲ ပိတ် တာပါ။ စီးပွားရေးသမားတွေကတော့ အခုထိ လာပြီး ၀ယ်နေတာပဲ။ အထူးသဖြင့် ကျောက်စိမ်းဈေးကွက်က တရုတ်နိုင်ငံက ပိုကြိုက်တော့ တရုတ်ပြည်မကြီးကလည်း စီးပွားရေးအရမ်းတက်နေတော့ အဲဒီပိတ်ဆို့မှုက ဘာမှ မထိရောက်ပါဘူး။ ကျနော်တို့ကတောင် Counter Sanction လုပ်တဲ့အနေနဲ့ အနောက်နိုင်ငံတွေ ကို မရောင်းလိုပါဘူး။ အခုကျွန်တော်တို့ကျောက်မျက် Mine တွေထဲမှာ ကုမ္ပဏီအားလုံးနီးပါး Counter Sanction လုပ်တဲ့အနေနဲ့ အနောက်နိုင်ငံကထုတ်တဲ့ စက်တွေဖြစ်တဲ့ Excavator တွေ Dozer တွေ သိပ် မသုံးတော့ဘူး။ Asia ထုတ်ပစ္စည်းတွေပဲ သုံးတော့တယ်။ သူတို့ပိတ်ဆို့မှုကလည်း လုံးဝတရားမျှတတဲ့ ပိတ်ဆို့ကမှုမဟုတ်ပါဘူး။ သူတို့ရဲ့အကျိုး USD Billion ချီနှစ်စဉ်ရတဲ့ မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ ၀င်လုပ်နေတဲ့ အမေရိကန်နိုင်ငံ ပိုင် Chevron နဲ့ ပြင်သစ်ပိုင် Total တို့ကျတော့ ဘာမှ အရေး မယူဘူး။ တရားဝင်ကြောင်းတောင် ကြေညာပေးသေးတယ်။ အခုလို ကျောက်မျက်လုပ်ငန်းနဲ့ ဆက်စပ်ပြီး တွင်းသားတွေ၊ ကျောက်သွေးဆရာတွေ၊ လုပ်သားတွေ၊ အခြေခံပြည်သူတွေထမင်းစားရတဲ့ ကျောက်မျက်လုပ်ငန်းတွေနဲ့ Hotel & Tourism လုပ်ငန်းတွေ Sanction လုပ်တာကတော့ သူတို့ရဲ့ စိတ်ဓာတ်သူတို့ဖော်ပြလိုက်တာပဲ။
စိုးယုဝေ။ ။ ဒီကအသင်းအဖွဲ့တွေ အနေနဲ့ လုပ်ငန်းရှင်တွေအပေါ် Supporting ပိုင်းအား နည်းပြီးလုပ်ငန်းရှင် တွေဘက်ကလည်း လုပ်ငန်းကရရှိလာတဲ့ အကျိုးအမြတ်အရ နိုင်ငံအတွက် တာဝန်သိတတ်မှုတွေ လိုအပ် တဲ့အပြင် အခြားပြန်ဖြည့်ဆည်းပေးရမဲ့ လုပ်ငန်းစဉ်တွေ(ဥပမာ- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစသဖြင့်) အပေါ်မှာ တာဝန်ယူမှုအားနည်းချက်တွေရှိနေတဲ့အပေါ် မိမိရဲ့အမြင်ကို သုံး သပ်ဖြေကြားပေးပါ။
ဦးတေဇ။ ။ အသင်းအနေနဲ့ လုပ်ငန်းရှင်တွေအပေါ် Supporting လုံးဝ အားမနည်းပါဘူး။ ကျောက်စိမ်း ကျောက်မျက် Emporium တင်ရောင်းတာမှာ လက်ခံချိန်တွယ်ပြီးတော့ Lot ထိုင်ပြီးတော့ နိုင်ငံတော်နှင့် သတ္တုတွင်းဝန်ကြီးဌာန ကြီးကြပ်မှုနဲ့ လေလံ၊ တင်ဒါစနစ်တို့နဲ့ ရောင်းပြီး ရင်အသင်းကပဲ Packing လုပ်ပို့၊ အားလုံးအသင်းကပဲ အဓိက ဦးဆောင်လုပ်နေတာပါ။ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုလဲအပြည့်အ၀ရလို့ပါ။ အဲ့ဒီ အတွက်လဲ မိမိတို့ ရောင်းရေငွမှ ၁ %ကို နိုင်ငံတော်ကို ပြန်ထည့်ပြီး အခုနေပြည်တော်မှာ အသင်းပိုင် Emporium Hall ကြီးစတင်တည်ဆောက်နေပါတယ်။ လာမဲ့ March မှာ ပြီးပါ့မယ်။ ဒါပြီးရင် ကျနော်တို့ အသင်းသားစုံညီမှာ ထပ်မံဆွေးနွေးအတည်ပြုချက်ရယူပြီး သက်ဆိုင်ရာကျောက်မျက်ထွက်ရှိရာဒေသ များကို လမ်းအပိုင်း၊ မီးအပိုင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပိုင်းတွေမှာ ကူညီပံ့ပိုးမှာပါ။
စိုးယုဝေ။ ။ လူကြီးမင်းအနေနဲ့ ဒီလုပ်ငန်းအပေါ် အခြားပြောကြားချင်တဲ့ အကြောင်းအရာများရှိရင်လည်း ပြောကြားပေးပါ။
ဦီးတေဇ။ ။ သီးခြားတော့မရှိပါဘူး။ ဒီနေ့ မြန်မာနိုင်ငံကျောက်မျက်အသင်းရဲ့ ဈေးကွက်ရှာဖွေမှု၊ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုနှင့် အာရှာ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးမှုတို့ကြောင့် မြန်မာနိုင်ငံသားများ နိုင်ငံတော်မှ ဦးဆောင် တဲ့ Emporium ကို ယုံကြည်စိတ်ချမှုတို့ကြောင့် ဒီကျောက်မျက်ရတနာလုပ်ငန်းဟာ နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နေမှာပါ။ ကျနော်အနေနဲ့ တတ်နိုင်သမျှ အသင်းသားတွေကို မိမိကျောက်မျက်တွေကို လုပ်ငန်းလည်ပတ်ရုံသာရောင်းချပြီး ကျောက်ကြီးကျောက်ကောင်းတွေကို တတ်နိုင်သမျှ ထိန်းသိမ်းထားဖို့ ပဲ အဓိကပြောချင်ပါတယ်။ ရတနာဆိုတာ ကြာလေ တန်ဖိုးတက်လေဖြစ်တဲ့အတွက် ဖြစ်ပါတယ်။
စိုးယုဝေ။ ။ မြန်မာနိုင်ငံက လူငယ်လူရွယ်တွေရဲ့ လူကြီးမင်းအပေါ် အားကျမှုတွေအပြင် သူတို့ရဲ့ စိတ်ကူး အိမ်မက်တွေ အတွက်ဘယ်လို အကြံပြုချင်ပါသလဲ။
ဦးတေဇ။ ။ လူငယ်လူရွယ်တချို့ အားကျတယ်လို့ပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူငယ်တွေရဲ့ စိတ်ကူးအိမ်မက်တွေဆိုတာ အမှန်အောင်မြင်မှုရဖို့ဆိုရင် တကယ်လုပ်မှ တကယ်ရတာပါ။ စိတ်ကူးယာဉ် ရုံနဲ့ မရပါဘူး။ ကျနော် တို့ဆိုလည်း ၁၉၈၄ တည်းက စီးပွားရေးနယ်ထဲစ၀င်ခဲ့ပါတယ်။ အရင်းအနှီးဆိုတာ ကျပ်တသောင်းတောင်မပြည့်ခဲ့ပါဘူး။ ပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဆိုတော့ လုပ်ရတာ ကြပ်ပါတယ်။ ဒါပေမဲ့ ရတဲ့အခွင့်အလမ်းအားလုံးနေ့စဉ်စဉ်းစားပြီးရသမျှ လုပ်တယ်။ တနေ့ကို အလုပ်ချိန် ၁၂ နာရီက ၁၄ နာရီ အနည်းဆုံးထားလုပ်တယ်။ ၁၉၈၈ နောက်ပိုင်းကျတော့ ဈေးကွက်စီးပွားရေးဖြစ်လာ တော့ တစ်နေ့ ၁၆ နာရီ အထိပိုလုပ်တယ်။ ကျနော် ၁၉၈၄ မှ ၂၀၀၄ အထိ နှစ် ၂၀ အတွင်း ရာနှုန်းပြည့် Holiday ဆိုပြီး မနာဘူးပါဘူး။ ကြုံကြိုက်တုန်း အထူးသဖြင့် ပြည်ပရောက် ပညာတတ်လူငယ်တွေ မြန်မာ ပြည်ပြန်လာပြီး အလုပ်လုပ်စေချင်ပါတယ်။ အခုအချိန်ဟာ မြန်မာပြည်မှာ လုပ်စရာတွေအများကြီးပါ။ မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ သယံဇာတအကြွယ်ဝဆုံး နိုင်ငံထဲမှာ ပါပါတယ်။ Down Stream လုပ်ငန်းတွေအများကြီးလုပ်လို့ရတယ်။ ဥပမာ-ကြေးနီး၊ ဆန်ပဲ အခြေခံစားသောက်ကုန်လုပ်ငန်း၊ ဆောက်လုပ်ရေး စတာတွေအပြင် အခြားသတ္တုလုပ်ငန်းတွေ အများကြီးပါ။ အခု ကျနော်တို့ ကျောက်မျက် လုပ်ငန်းတွေလည်းအများကြီးပါ။ ဘေးထိုင်ဘုပြောနေမဲ့ အစားပြန်လာပြီး လုပ်ပါ။ နေ့ချင်းညချင်းတော့ တိုးတက်ဖို့ဆိုတာ အခက်အခဲတွေတော့ တွေ့ရမှာပါ။ အချိန်တစ်ခုရောက်ပြီး ဈေးကွက်တခု ကိုယ်ရလာ ရင် အောင်မြင်မှုကို ရမှာပါ။ ကျနော်တို့လဲ ၁၀ နှစ်လောက်ကြာမှ တကယ်အောင်မြင်မှုရတာပါ။ ကြံကြိုက် တုန်းပေါ့လေ ၁၉၉၅ မှာ ကျနော်ဆို Millionaire စဖြစ်တယ်၊ ကျနော် စင်ကာပူမှာ စင်ကာပူနိုင်ငံသားအနေ နဲ့ ခံယူပြီး စီးပွားရေးလုပ်ဖို့ အခွင့်အရေးရခဲ့တယ်။ တကယ်လည်း စဉ်းစားခဲ့တယ်။ ဒါပေမဲ့အဖေက မင်း စင်ကာပူမှာသွားရင်းနှီးမြုပ်နှံမှုရင် စင်ကာပူနိုင်ငံသားတွေပဲ အလုပ်ရမှာပေါ့။ မြနမာပြည်မှာ မင်းလုပ်မှ မြန်မာတွေ အလုပ်ရမှာ ပေါ့။ ကျန်တဲ့ ကိစ္စတွေ ဘာမှ ကြောက်နေစရာမလိုဘူးဆိုပြီး ဆုံးမတဲ့အတွက် ဒီနေ့ ကျနော်မှာ ရှိသမျှ မြန်မာပြည်မှာပဲ ရင်းနှီမြုပ်နှံပြီး မြန်မာတိုင်းရင်းသားတွေအတွက် ထမင်းအိုးတွေ တတ် နိုင်သမျှ တည်ပေးတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာ အယူအရလည်း သေရင်လဲဘာမှ ယူမသွားနိုင်ပါဘူး၊ ထားခဲ့မဲ့ပစ္စည်းတွေ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေဆီမှာပဲ ရှိစေရမယ်။
ထားပါတော့။ အဓိက မြန်မာလူငယ်ကလေးတွေအတွက် ပြောချင်တာကတော့ အောင်မြင်မှုရဖို့ဆို တာရှေးလူကြီးတွေပြောသလိုပဲ ကံ၊ ဥာဏ်၊ ၀ီရိယအဓိကပါပဲ။ ဒါပေမဲ့ အသေးစိတ်တော့ ကျနော်နည်းနည်း ထပ်ပြောချင်ပါတယ်။ ကံဆိုတာ အဓိက Luck ကိုမဆိုလိုပါဘူး။ ပါဠိစကားမှာ လည်း ကံဆိုတာ ကမ္မ(ကမ္မ= အလုပ်)ပါပဲ။ ကံကောင်းတယ်ဆိုတာ အလုပ်ကောင်းတာပါပဲ။ ဒီတော့ ကိုယ်လုပ်မဲ့အလုပ်ကို အမှန်စီးပွား ဖြစ်မယ့် အလုပ် ကိုယ့်အတွက် တိုင်းပြည်အတွက် အကျိုးပြု နိုင်မဲ့ အလုပ်မှန်မမှန် အစကတည်းက သေသေချာချာ စဉ်းစားရွေးစေချင်ပါတယ်။ ဥာဏ်ပိုင်းနဲ့ ပတ်သက်လို့လည်း ဘာလုပ်လုပ် သေသေချာချာ ကိုယ်လုပ်မဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး Demand နဲ့ Supply ကစပြီးသေသေချာချာ Analysis လုပ်ပြီးမှလုပ်စေချင်ပါတယ်။ ၀ီရိယပိုင်းနဲ့ ပတ်သက်လို့ လည်း ကိုယ့်အလုပ်ကို အစကတည်းက သေသေချာချာ ဖိဖိစီးစီးလုပ်ပြီး အဆုံးတိုင်းပြီးစီးမှ Mission Complete ဆိုတဲ့ စိတ်ဓာတ်ထားပြီး လုပ်ကိုင် ကြဖို့ အကြံပြုပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။