ရှမ်းပြည်ငလျင် သတင်း နောက်ဆက်တွဲ

Friday, March 25, 2011

ဧရာဝတီ၊ မတ် ၂၅၊ ၂၀၁၁

ငလျင်က မြန်မာစံတော်ချိန် ၈ နာရီ ၂၉ မိနစ်မှာ လှုပ်သွားပါတယ်။ လှုပ်ခတ်သွားတဲ့အချိန်က ၅ မိနစ်လောက် ကြာပါတယ်။ ဗဟိုပြုလှုပ်သွားတာက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နဲ့ ၃၅ မိုင်အကွာ လွယ်မွေမြို့ကို
ဗဟိုပြုပြီး လှုပ်သွားတာလို့ သိရပါတယ်။ ပြင်းအားက မြန်မာနိုင်ငံမိုးလေ၀သက တိုင်းတာလိုက်တဲ့အခါ ၇ ရစ်ခ်ျတာစကေးရှိပါတယ်။

အဲဒီနေရာတွေက အတော်ခေါင်တဲ့နေရာတွေဖြစ်တဲ့အတွက် အဆောက်အအုံကြီးတွေ၊ တိုက်ကြီးတွေတော့ မရှိလို့ အသေအပျောက်တော့ ကြီးကြီးမားမားမရှိနိုင်ဘူးလို့ နေပြည်တော်မိုးလေ၀သက ပြောပါတယ်။

ကျိုင်းတုံမြို့နယ် အေးချမ်းသာယာရေးဖွံ့ဖြိုးရေးကောင်စီက မယကလူကြီးတဦးကို ည ၁၀ နာရီမှာ ဖုန်းရပါတယ်။ ကျိုင်းတုံမှာတော့ အဆောက်အအုံတွေ မျက်နှာကြက်ကွာကျ၊ လုံးချင်းတိုက်တွေ နည်းနည်း ကွဲအက်တာတွေတော့ ရှိပါတယ်တဲ့။ လုံးဝအဆောက်အအုံပြိုသွားတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။


ဒါပေမယ့် ကျိုင်းတုံနားက တာလေမြို့မှာတော့ အပျက်အစီး အသေအပျောက် ရှိနေတယ်လို့ သိရပါတယ်။ အနည်းဆုံး လူ ၂၀ ကနေ ၃၀ အတွင်း သေဆုံးမှု ရှိနိုင်ကြောင်းနဲ့ တာလေမှာရှိတဲ့ သံလွင်မြစ်ကူးတံတား အက်သွားလို့ အသုံးပြုမရဖြစ်နေကြောင်း သိရပါတယ်။ မီးသတ်၊ ကြက်ခြေနီနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အခုမှ အဲဒီနေရာကို သွားရောက်နေကြတုန်းမို့ အသေးစိတ်ကို မသိရသေးပါဘူး။





တာချီလိတ်ကလည်း ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန်ကို ခံစားရပါတယ်တဲ့။ အသေအပျောက်စာရင်းတော့ ခုချိန်ထိ မရသေးပါဘူးတဲ့။ အချို့ အဆောက်အအုံတွေ လုံးဝပြိုသွားတယ်ပြောတယ်။ တာချီလိတ်က အိမ်ခြေလေးတွ နည်းနည်းစိတ်တော့ တဦးစ၊ နှစ်ဦးစတော့ သေနိုင်တယ်ဗျ။ ဒါပေမယ့် မနေ့က ညကြီးဆိုတော့ ဖုန်းလိုင်းတွေ ခေါ်လို့မရဘူး။

နေပြည်တော်မှာတော့ တော်တော်ကို ငလျင်လှုပ်သွားတာပါတဲ့ အစိုးရ၀န်ထမ်းတွေကပြောတာ။ ငါးမိနစ်လောက် ကြာတယ်တဲ့။ နေပြည်တော်မှာ ငလျင်လှုပ်တဲ့ပြင်းအားက ရစ်ခ်ျတာစကေး ၆ အဆင့်ကို ကျော်တယ် လို့ နေပြည်တော်မိုးလေ၀သက ပြောပါတယ်။

ဝန်ထမ်းတွေက မင်းပြောင်းမင်းလွဲကာလ ငလျင်လှုပ်တာက နိမိတ်မကောင်းဘူးလို့ပြောတယ်။

နေပြည်တော်က ပြည်တွင်းအခွန်ဦးစီးဌာနက ဦးစီးအရာရှိ အမျိုးသမီး တယောက်က “ငလျင်လုပ်တဲ့အချိန်မှာ မူးလွန်းလို့ ထိုင်နေရတယ်။ တော်တော်သိသာသာကို လှုပ်တာတဲ့။ တိုင်ကပ်နာရီတွေ ယိမ်းထိုးနေတယ်” လို့ ပြောတယ်။

အစိုးရ၀န်ထမ်း တော်တော်များများက လန့်နေကြတယ်။ သူတို့က ဗေဒင်အယူရှိတယ်။ မင်းပြောင်းမင်းလွဲကာလ ငလျင်လှုပ်တာက နမိတ်မကောင်းဘူးချည်းပဲပြောနေကြတယ်။ ၀န်ထမ်းတွေလည်း ငလျင်လှုပ်ပြီးနောက် အချင်းချင်းဖုန်းဆက်ကြ၊ ရန်ကုန်က ဆွေမျိုးတွေကို ဖုန်းဆက်ကြနဲ့ ကမ္ဘာပျက်သလိုပဲတဲ့။

ရန်ကုန်မှာတော့ အခြေအနေက အရမ်းကြီးမဆိုးဘူး။ ဒါပေမယ့် အထပ်မြင့်တိုက်မှာနေတဲ့လူတွေက ငလျင်ဒဏ်ကို ခံလိုက်ရတယ်။ တိုက်တွေ နည်းနည်းလှုပ်တယ်။ ရန်ကုန်မိုးလေ၀သက ပြောတာက ရန်ကုန်က ငလျင်ပြင်းအား ၃ ရစ်ခ်ျတာစကေးလောက် ခံလိုက်ရတယ်တဲ့။ ခြောက်ထပ်၊ ရှစ်ထပ်နေတဲ့သူတွေ
နောက်ဆက်တွဲ ငလျင်လှုပ်မှာ ကြောက်လို့ အကုန်လုံးပြေးဆင်းလာကြတယ်။

တောင်ကြီးက အစိုးရအရာရှိတဦးကလည်း ငလျင်ဒဏ်ကို သိသိသာသာ ခံလိုက်ရတယ်တယ်လို့ ပြောတယ်ဗျ။

ညတွင်းချင်းပဲ မြန်မာနိုင်ငံ ငလျင်ကော်မတီကို ဖုန်းဆက်ပြီးအကြောင်းကြားတော့ နေပြည်တော်နဲ့ မန္တလေးက ငလျင် အန္တရယ်အထူးစိုးရိမ်ရတယ်လို့ပြောတယ်။ ဒီမြို့တွေက စစ်ကိုင်းပြတ်ရွေ့ကြောကြီး အပေါ်မှာ ရောက်နေတယ်တဲ့။

စစ်ကိုင်းပြတ်ရွေ့ကလည်း ၁၉၃၀ ပဲခူးငလျင်ကြီးလှုပ်ပြီးကတည်းက ငလျင်ထပ်မလှုပ်တော့တာ အခုအချိန်အထိပဲဖြစ်လို့ ငလျင်မလှုပ်တာ နှစ် ၇၀ ကျော်ကြာနေပြီတဲ့။ နေပြည်တော်နဲ့ မန္တလေး ငလျင်အန္တရာယ်အရှိဆုံးလို့ ပြောတယ်။ ငလျင်လှုပ်မယ်ဆိုရင် အမြင့်ဆုံးပြင်းအား ၈ ရစ်ခ်ျတာစကေးအထိ ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက ပြောတယ်။

ငလျင်ကော်မတီဆိုတာက အင်ဂျင်နီယာတွေ၊ ဘူမိပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ NGO အဖွဲ့ပါ။ စစ်ကိုင်းပြတ်ရွေ့ အန္တရယ်အတော်ကြီးတယ်လို့ပြောတယ်။ အထူးသဖြင့် မန္တလေးက အစိုးရိမ်ရဆုံးပါပဲ။ တိုက်အမြင့်တွေများတယ်။ မြေသားပျော့တယ်။ မန္တလေးက လူနေထူထပ်လွန်းလို့ အရမ်းစိုးရိမ်ရပါတယ်တဲ့။

ငလျင်ကြောင့်တော့ လူတွေ တော်တော်တုန်လှုပ်ကုန်တယ်။ ဂျပန်မှာ ငလျင်လှုပ်တာကို တီဗီကပဲမြင်ခဲ့ရတာ၊ ကိုယ့်နိုင်ငံမှာ တကယ်တန်း လှုပ်လာတော့ အကုန်ကြောက်နေကြတယ်။

ဖြည့်စွက်ချက် -
တာချီလိတ်မြို့နယ်အတွင်းမှာပဲရှိတဲ့ ဟောင်လိတ် ကျေးရွာစုမှာလည်း အထိအခိုက် အသေအပျောက်ရှိနိုင်ကြောင်း ထပ်မံသတင်းရပါတယ်။

ဖြည့်စွက်ချက် - စစ်အစိုးရသတင်းစာမှာတော့ တာချိတ်လိတ် ဝန်းကျင်ကျေးရွာတွေမှာ မနေ့ည လတ်တလော သတင်းများအရ ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူတွေ တာချီလိတ် ဆေးရုံကို ရောက်လာကြကြောင်း၊ တာလေမှာ အိမ် ၁၅ လုံးပြိုကြောင်း ဖော်ပြထားပါတယ်။ ဒါတွေကတော့ မနေ့ညက နောက်ဆုံးရ ဖောင်ပိတ်သတင်းဖြစ်တာမို့ မပြည့်စုံသေးပါဘူး။

ဖြည့်စွက်ချက် - တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာစုဘက်မှာလည်း အထိအခိုက်များတယ်လို့ ဖုန်းဆက်သွယ်မှုများအရ သိရပါတယ်။

(နောက်ဆုံးရ အချက်အလက်များကို ဒီသတင်းထဲမှာ ဖြည့်စွက်ဖော်ပြနေပါတယ်။ စောင့်ကြည့်ဖတ်ရှုပါ။)

1 comments :

  1. Anonymous said... :

    တာလေကယ်ဆယ်ရေးဌာနမှာ ပြည်သူတွေ လာလှူထားတဲ့ပစည်းတွေအများကြီးရှိပေမယ့် လိုအပ်တဲ့ပြည်သူတွေကိုမဝေကြောင်းကြားသိရပါတယ်။
    တပ်တွင်းမိသားစုများမှလိုအပ်သလိုလာယူနေကြောင်းလည်း မျက်မြင်တွေပြောပြချက်အရ သိရှိထားပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved