ဂဠုန်စောလက်သစ်

Monday, March 7, 2011

ကိုယ်ဖျောက်ဝိဇ္ဇာ၊ မတ် ၇၊ ၂၀၁၁

“ဂဠုန်စောလက်သစ်” အကြောင်းကို ပြောပြဖို့ရာ ဦးစွာပထမ “စ” ရမှာက “ဂဠုန်စော”အကြောင်းပါခင်ဗျ။

ဂဠုန်စောဟာ မြန်မာ့သမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားသူပါ။ ဒင်းကြီးက မိုက်မိုက်မဲမဲ လုပ်ကြံလိုက်လို့ အစားထိုးမရ “ရှာမှရှား” ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများကို ကျုပ်တို့တတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လေ။

ဒင်းကြီးကတော့ ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်ပြီး လုပ်ချလိုက်တာပါပဲ။ ဒါပေမယ့်ဒင်းကြီးရဲ့ လုပ်ရပ်ကြောင့် တိုင်းရင်းသား ပြည်သူတွေအားလုံး မိမဲ့ဖမဲ့ပမာ ဒုက္ခတွေဗရပွကို ရင်ဆိုင်နေရတာ မသက်သာပါဘူးဗျာ။ ဒင်းကြီးရဲ့သားသမီး မြေးမြစ်ဆွေမျိုးတွေလည်း ဘာမဆိုင်ညာမဆိုင်မျက်နှာငယ်ရပြီး လူတောထဲ အတိုးရခက်ကုန်တယ်ဗျာ။
ကိုင်း.. ဒင်းကြီးအကြောင်းကို ဒီမှာတထောက်နားပြီး ဗိုလ်ချုပ်အောင်ဆန်းဘက် လှည့်လိုက်ကြစို့ရဲ့။

ဗိုလ်ချုပ်အောင်ဆန်းကို ပြည်ထောင်စုဖခင်၊ တပ်မတော်ဖခင်၊ လွတ်လပ်ရေးဖခင်ရယ်လို့ ဂုဏ်တင်ကာ အသိအမှတ်ပြုကြပါတယ်။

ဒါကြောင့် လွတ်လပ်ရေးရကတည်းက ဗိုလ်ချုပ်အောင်ဆန်းကို လေးမြတ်သမှုဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတော်အထိမ်းအမှတ် ပြယုဂ်အဖြစ် ဗိုလ်ချုပ်ရဲ့ဓါတ်ပုံကို အစိုးရရုံးတွေ၊ စာသင်ကျောင်းတွေက အထွတ်အမြတ်နေရာမှာ ချိတ်ကြတယ်။ အိမ်တွေမှာလည်း ချိတ်ကြတာပါပဲ။ ငွေစက္ကူပေါ်မှာဆို ဗိုလ်ချုပ်အောင်ဆန်းပုံကို ထည့်သွင်းပုံနှိပ်ထားတယ်ခင်ဗျ။ ဒါ့အပြင် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလည်း ဗိုလ်ချုပ်ရဲ့ ကြေးရုပ်တွေ ထားရှိ ဂုဏ်ပြုထာတွေလည်း ရှိရဲ့။


ဗိုလ်ချုပ်ရုပ်ထုတွေက လူမြင်ကွင်းမှာဒုနဲ့ဒယ်နဲ့ အထင်းသားကြီး တည်ရစ်နေတာဗျ။ အခုခါမှ ဖျက်ဆီးဖယ်ရှားပစ်ရင် အရုပ်ဆိုးလွန်းမယ်။ ဒါကြောင့် ဗိုလ်ချုပ်ရုပ်ထုတွေကတော့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပါရဲ့။

သို့သော်ငြားလည်း အစိုးရရုံးတွေ၊ ကျောင်းတွေမှာ နိုင်ငံတော်အကြီးအကဲဆိုတဲ့ သန်းရွှေရဲ့ဓာတ်ပုံ တပုံတည်းကိုပဲ
ချိတ်ရမယ်လို့ညွှန်ကြားပြီး ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို သွယ်ဝိုက်တဲ့နည်းနဲ့ “ဖြုတ်ချ” ပစ်ခဲ့တယ်။ ငွေစက္ကူပေါ်က ဗိုလ်ချုပ်အောင်ဆန်းပုံကိုလည်း တိရစ္ဆာန်ရုပ်တွေနဲ့ အစားထိုးပစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို “ပထုတ်” တယ်။ “ပစ်ပယ်” တယ်။ “နာမ်နှိမ်” တယ်။

အာဇာနည်နေ့ အခမ်းအနားအကြောင်းကိုလည်း ပြောရဦးမယ်။ ဟိုတုန်းကဆို အာဇာနည်နေ့ နီးကပ်လာတာနဲ့အမျှ မီဒီယာပေါင်းစုံက ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ရှုဒေါင့်အမျိုးမျိုးကနေပြီး ဂုဏ်ယူအားရ အတုယူချင်စဖွယ် တခမ်းတနားဖော်ပြကြတယ်။ စာသင်ကျောင်းတွေမှာဆို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာစီစာကုံးတွေရေးကြ၊ အခမ်းအနားတွေ ကျင်းပပြီး ဟောကြပြောကြ၊ စီတန်းလှည့်လည် ကြွေးကြော်ကြ။

ရုံးတွေနဲ့ရပ်ကွက်ထဲက ဓမ္မာရုံတွေမှာဆို အာဇာနည်နေ့တိုင်း ဘုရားနဲ့တကွ ရဟန်းသံဃာတော်များကို
ဆွမ်းကပ်လှူဒါန်းပြီး ကောင်းမှုတွေပြုကြ..။

ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ နိုင်ငံတော်အလံကိုတိုင် ၀က်လွှင့်ထူကြ..။ အာဇာနည်များကျဆုံးချိန်မှာ စက်ရုံအလုပ်ရုံတွေက ဥသြသံရှည်ဆွဲ..။ ဥသြသံရှည်ကိုကြားရတာ ရင်ထဲနင့်သွား..။ သွားလာနေကြတဲ့လူတွေ၊ မော်တော်ကားတွေအားလုံးကခဏရပ်..။ အာဇာနည်ကြီးများကို အာရုံညွှတ်ပြီးအလေးပြုကြ..။ အောင်ဆန်းလမ်းစဉ်အတိုင်း လျှောက်လှမ်းသင့်တယ်၊ လျှောက်လှမ်းရမယ်လို့ သန္နိဋ္ဌာန်ချကြ..။

အဲဒီအလေ့အထ အစဉ်အလာတွေဟာ ခုခါများမှာတော့ ကွယ်ပကုန်ကြပြီဗျ။ နောင်လာနောက်သားတွေအတွက်
ပုံပြင်တွေ၊ ယုံတမ်းစကားတွေဖြစ်ကုန်ပြီ။ အခုခေတ်ကလေးတွေက တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်သွားကြတဲ့ အာဇာနည်ကြီးများကို မသိကြတော့ဘူး။ အာဇာနည်လို့ ပြောလိုက်ရင် သီချင်းဆိုတဲ့ အဆိုတော်အမည် အာဇာနည်ကိုတော့ သိပါသတဲဗျား။ သြော်..ကြားရ ကြားရ နားဝမှာမသက်မသာ ရင်နင့်စရာတွေပါကလားဗျာ။

အာဇာနည်ကုန်းမှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကလည်း ဟိုယခင်ကလို ထည်ဝါခမ်းနား အလေးထားမှုက လျော့သည်ထက် လျော့လျော့လာလိုက်တာ၊ မကောင်းတတ်လို့ ၀တ်ကျေတန်းကျေမျှ လုပ်နေတဲ့အဆင့်ပဲရှိတော့တယ်။ ဒီအချက်မှန်ကန်ကြောင်းကို အာဇာနည်နေ့နဲ့ပတ်သက်လို့ နအဖအစိုးရရဲ့ ရုပ်မြင်သံကြားနဲ့ရေဒီယိုမှာ အချိန်တိုတိုပဲပေးတာက ညွှန်ပြနေတယ်ခင်ဗျ။ သတင်းစာမှာ နေရာကျဉ်းကျဉ်းပဲပေးတာကလည်း ညွှန်ပြနေတယ်ခင်ဗျ..။

နောက်ထပ်ထူးထူးခြားခြား ပြောစရာနှစ်ခုရှိနေပါသေးတယ်ခင်ဗျာ။ အားလုံးသိကြပါတယ်။ စစ်အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်လို့ ခေါ်ဝေါ်သမုတ်ထားတဲ့ ကြပ်ပြေးဒေသမှာ အရုပ်ကြီးသုံးရုပ်ရှိပါတယ်။ ဘာရယ်လို့ ကမ္ပည်းထိုး မထားပေမယ့် အချို့သိထားကြတာက ဒီလိုပါခင်ဗျ။

အဲဒီအရုပ်ကြီးသုံးရုပ်ဟာ ပထမနိုင်ငံတော် တည်ထောင်သူ အနော်ရထာ..။ ဒုတိယနိုင်ငံတော် တည်ထောင်သူ ဘုရင့်နောင်..။ တတိယနိုင်ငံတော် တည်ထောင်သူ အလောင်းဘုရား..။ အဲဒီရှင်ဘုရင်သုံးပါးကို ရည်ညွှန်းထားတာ..။ မခုချိန်ထိ ဒီနိုင်ငံမှာ နိုင်ငံတော်တည်ထောင်သူခေါင်းဆောင်ရယ်လို့ သုံးဦးပဲရှိခဲ့တယ်လို့နှုတ်နဲ့မပြော၊ စာနဲ့လည်း မပြော၊ အရုပ်နဲ့ပြောတာ..။

ဒါ..ဘာသဘောလဲဗျာ။ နှယ်နှယ်ရရ ပြဿနာမဟုတ်။ ဧရာမပြဿနာ..။ ကိုယ်ပိုင်ဦးနှောက် ကိုယ်ပိုင်ရပ်တည်ချက် ရှိမှ သိနိုင်တဲ့ပြဿနာ..။ ဒီပြဿနာကို ဒီမှာပဲခေတ္တခဏဆိုင်းငံ့ထားပါရစေဗျာ။ ယခုလေးပဲ ပါးစပ်ထဲခုန်ဝင်လာတဲ့ ပြောစရာကို လိုရင်းတိုရှင်းပြောမယ်ဗျား။

ဒီလိုဗျ..။ အလောင်းဘုရားရဲ့ ကုန်းဘောင်မင်းဆက်မှာ ဘုရင်လူမိုက်၊ ဘုရင်လူရူး၊ ဘုရင်လူဖျင်း၊ ဘုရင်လူပျင်းတွေက အများကြီး..။ သူတို့ကြောင့် ကျုပ်တို့နိုင်ငံဟာ ဗြိတိသျှနယ်ချဲ့ရဲ့ ကျွန်နိုင်ငံလုံးလုံး ဖြစ်ခဲ့ရတယ်။ နှလုံးရည်လက်ရုံးရည် စွယ်စုံနည်းနဲ့ကြိုးပမ်းနိုင်ခဲ့လို့ သခင်နိုင်ငံလုံးလုံးပြန်ဖြစ်လာခဲ့တာ။ ဒီကြိုးပမ်းမှုမှာ အဓိကဦးဆောင်သူဟာ ခေတ်သစ်အတွေး၊ ခေတ်သစ်အမြင်ကို အခြေခံပြီး ခေတ်သစ်နည်း၊ ခေတ်သစ်ဟန်နဲ့ ခေတ်သစ်ကမ္ဘာမှာ အမီလိုက်နိုင်စွမ်းတယ်။ ခေတ်သစ်ကလူသစ်တွေနဲ့ အလှမ်းမကွာ အဟပ်အစပ်အချိပ်အဆက်မိတယ်။ အဲဒီထူးထူးကဲကဲ သူမတူ ကျေးဇူးရှင်ကြီးဟာ အခြားအခြားသောသူ ဟုတ်ပါရိုးလားဗျာ။ စောစောကပြောပြောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဗျ၊ ဗိုလ်ချုပ်အောင်ဆန်း..။

အဲ..ပြောလက်စ စကားကို ပြန်ကောက်ပါ့မယ်။ အရုပ်ကြီးသုံးရုပ်ရဲ့ မူရင်းပဒေသရာဇ် ဧကရာဇ်ဘုရင် သုံးပါးဟာ ဟိုးအဝေးကြီး ခေတ်ဟောင်းခေတ်အိုမှာ ကျန်ခဲ့ပြီဗျာ။ သို့ပါလျက် ဗိုလ်ချုပ်အောင်ဆန်းကို ရည်ရွယ်ချက်ရှိရှိ အရုပ်ကြီးသုံးရုပ်နဲ့ကန့်ပြီး ပယ်တာ၊ ပတာမဟုတ်ပါလားခင်ဗျာ။

နောက်ထပ် တင်ပြချင်တာတခုရှိသေးတယ်ဗျ။ ဗိုလ်မှူးအောင်လင်းထွဋ် ဖွင့်ချလိုက်တဲ့စကားပါခင်ဗျာ။ သန်းရွှေက ဗိုလ်ချုပ်အောင်ဆန်းကို “ငတိ” လို့ ခေါ်သတဲ့။ “ဒီငတိ င့ါလိုမလုပ်နိုင်ဘူး” တဲ့။ အင်း..ခက်ကုန်ပြီ။ ကိုင်း … အရပ်ကတို့ရေ။ သန်းရွှေက သူ့ရဲ့ကျေးဇူးရှင်ကို၊ တိုင်းရင်းသားပြည်သူအာလုံးရဲ့ ကျေးဇူးရှင်ကို ကျေးဇူးကန်းရုံမျှသာမက မိုက်မိုက်ရိုင်းရိုင်းကြီးကို စော်ကားလိုက်တာပါခင်ဗျ။

ဒီမျှဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကို သန်းရွှေက အခြောက်တိုက် “ဘလိုင်း” လုပ်ကြံနေတာ ကွက်တိဒက်ထိ ပေါ်လွင်ထင်းရှားနေပါတယ်ခင်ဗျာ။

ဒါကြောင့်နိဂုံးစကားပြောပါတော့မယ်။

ဗိုလ်ချုပ်အောင်ဆန်းကို ဦးစွာလုပ်ကြံသူက ဂဠုန်စော..။ ထပ်ဆင့်ပြီး အစဉ်တစိုက်လုပ်ကြံနေသူက ဂဠုန်စောလက်သစ်..။ ကိုင်း … ဂဠုန်စောလက်သစ်ဘယ်သူလဲ..။ အရှင်းကြီးပါဗျာ။

6 comments :

  1. Anonymous said... :

    We should remove this new Galon U Saw! He is not deserved to live anymore.

  1. Anonymous said... :

    ဦးစော သားစဉ်မြေးဆက် ခေါင်း မဖေါ် ရဲသလို သန်းရွှေ သားစဉ်မြေးဆက် ခေါင်းမဖေါ် ရဲလောက်အောင် ဖြစ်လာတော့မယ်။ သန်းရွှေ လောက် အသိဥာဏ်နဲပြီးမိုက်မဲသူမျိုး ယုတ်မာပက်စက်သူမျိုး နောက်နောင် ဗမာပြည်မှာ ပေါ်မလာဘို့ ဗမာပြည်သား အားလုံး မှာ တာဝန်ရှိတယ်။ သန်းရွှေ ခြေရာ နင်းဘို့ ကြံနေတဲ့ သူတွေကိုလဲ ပြတ်ပြတ်သားသား ဆန့််ကျင် ဘို့လိုတယ်။ လက်ရှိ စစ်တပ်ဟာ သန်းရွှေ ရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတာ ရင်နာစရာပဲ။ စစ်တပ်က ဘိုချုပ်တွေ ကလဲ သန်းရွှေ ရဲ့ အလိုကိုလိုက် အကြိုက်ကိုဆောင်နေတာကိုကြည့်ရတာ အင်မတန် စိတ်ပျက်ဘို့ ကောင်းတယ်။ အရှက် သိက္ခာ မဲ့တဲ့ မောင်အေး သိန်းစိန် ရွှေမန်း တင်အောင်မြင့်ဦး အောင်သောင်း စတဲ့ နအဖ ထိပ်သီးတွေ ကိုလဲ သန်းရွှေနဲ့ တတန်းထဲ ထားပြီး ဆန့်ကျင်ရမှာပါပဲ။

  1. toetoelay said... :

    မှန်ပါတယ်ဗျ မှန်တယ်ဗျ.. အရမ်းကို မှန်ပါတယ်ဗျ...ကျေးဇူးတရား နားမည်တဲ့ ငကန်းငမိုက် သန်းရွှေတသိုက်ကို မိုဃ်းကြိုးက မပစ်ပဲ ဘယ်နား သွားအိပ်ပျော်နေလဲ မသိဘူး။ ကျေးဇူးကြီးတဲ့ ခင်ပွန်းကြီး ၁၀ ပါးရဲ့ ကံက ထိုက်နေတာ ကြာလှပြီ

  1. Anonymous said... :

    ဂဠုန်ဦးစော၏ သားစဉ်မြေးဆက်များမှာ ဦးစော၏ အကြံအစည်ကို သိခဲ့ကြသလား၊ သဘောတူခဲ့ကြသလား သေသေချာချာ မသိရသော်လည်း ဂဠုန်ဦးစောလက်သစ်၏ သားစဉ်မြေးဆက်များမှာကား သူ၏ အကြံအစည်ကို သိရုံမျှမက အားပေးကူညီ ပါဝင်ထောက်ပံ့ ကိုယ်တိုင်ပင် လုပ်ဆောင်နေကြသူများ ဖြစ်ရာ သူတို့၏ ၀ိပါက၀ဋ်ကြွေးများ အတွက် အထူး စိုးရိမ်ပေးနေစရာ မရှိပေ။ ပြည်သူတို့၏ စရိတ်နှင့်သူတို့ နေထိုင်နေနိုင်ကြသော်လည်း သူတို့၏ ခရီးရှည်ကြီးအတွက်မူ သူတို့စရိတ်နှင့်သူတို့ အလုအယက် လက်မှတ် တန်းစီနေကြပြီဟု သတင်းကောင်း ပေးလိုက် သည်။
    (မှတ်ချက်။ ။ ခရီးရှည်=ငရဲကြီးရှစ်ထပ် package tour)

  1. Anonymous said... :

    ဒီ သန်းရွှေဆိုတဲ့ ငနာကြီး ပြည်သူ့ မေတာဒီလောက်ခံနေရတာတောင် တော်တော်သက်ဆိုးရှည်တယ် မသေနိုင်ဘူး သေသင့်နေပြီ

  1. A S A said... :

    ဒါကြောင့် ASA (အောင်ဆန်းတပ်မတော်) (ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေချင်တဲ့ တပ်မတော်) ဖြစ်ဖို့  အရေုးကီးေုကာင်းပါ။
    http://aungsanarmy.blogspot.com/

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved