အတူတကွ ခေါ်ခဲ့ကြတဲ့ သာဓု

Friday, April 22, 2011


ကိုယ်ဖျောက်ဝိဇ္ဇာ

(၁)

မြန်မာသက္ကရာဇ် ၁၃ရ၃ ခုနှစ် တန်ခူးလဆန်း (၁၄)ရက် မင်္ဂလာရှိတဲ့မြန်မာနှစ်ဆန်း (၁) ရက် (၁ရ - ၄ -၂၀၁၁) ရဲ့ ညနေခင်းအစောပိုင်းမှာပါခင်ဗျာ။ မဖြူဆီကို တယ်လီဖုန်း ၀င်လာပါတယ်။ မဖြူ ဆိုတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုကော်မတီဝင် ဒေါ်ဖြူဖြူသင်း ပါခင်ဗျ။ ဒေါ်ဖြူဖြူသင်းဆိုတဲ့နာမည်နဲ့ ဒေါ်ဖြူဖြူသင်းရဲ့စိတ်ထားက လိုက်ဖက်ပါဘိ။

မဖြူ က တယ်လီဖုန်းကို နားစိုက်ထောင်ပြီး ရည်ရည်မွန်မွန် တရိုတသေပြန်ပြောလေရဲ့..။
“ဟုတ်ကဲ့ပါ `ဦး´။ မြန်မြန်ရောက်အောင် ခုချက်ချင်းပဲ တက္ကစီနဲ့လာခဲ့ပါ့မယ်။”

(၂)

ဒီနေရာမှာ ဇာတ်ရည်လည်အောင် မဖြူ ရဲ့ အကြောင်း တစေ့တစောင်းကို ဖေါ်ပြဖို့ လိုလာပါတယ် ခင်ဗျာ။
မဖြူ ဟာ လူအတော်များများက အဖက်မလုပ်ပဲရှောင်ကွင်းကြတဲ့ HIV ဝေဒနာသည်များစွာအတွက် ဘ၀ကိုမြှုပ်နှံထားသူပါ။ ဝေဒနာသည်တွေရဲ့ ကျန်မာရေး, စားဝတ်နေရေး, “ရေး(၄)ရေး” ကုသိုလ်ကောင်းမှုကို အစဉ်ပြုနေသူပါ။

(၃)

ဒေါ်အောင်ဆန်းစုကြည် က HIV “ရေး(၄)ရေး”အတွက် `အစ´ကိုသာပျိုးပေးနိုင်ခဲ့ပါတယ်။ နှိုးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုတရားခံ ငတိသန်းရွှေက မောင်းပြန်သေနတ်ရယ်, ၀ါးရင်းထုတ်ရယ်နဲ့ `ပြောင်းပြန်စနစ်´ကျင့်သုံးပြီး တရားလိုဒေါ်အောင်ဆန်းစုကြည်ကို ကာလရှည်ကြာအကျဉ်းချခဲ့လေတော့ ဒေါ်အောင်ဆန်းစုကြည်ခမျာ ကိုယ်ပျိုးပေးခဲ့, နှိုးပေးခဲ့တဲ့ `အစ´ကို ဘယ်လိုလုပ်ပြီး စိတ်ရှိတိုင်း ဆွဲတင်နိုင်တော့မှာလဲဗျာ။


သိုပါသော်ငြား ဒေါ်အောင်ဆန်းစုကြည် ရဲ့ လမ်းညွှန်ချက် အမှာအကြားကို မဖြူ က ဇွဲနပဲနဲ့ဦးဆောင်ပြီး ရုပ်လုံးဖေါ်လာခဲ့တယ်။ ယခုတော့ ဒု နဲ့ ဒယ် နဲ့ အောင်မြင်ပေါ်လွင်နေပါပြီလားဗျာတို့ ရယ်။

ဒီအောင်မြင်မှုကို အရှိန်အဟုန် တွန်းတင်ပေးလိုတာက တကြောင်း..။ ဝေဒနာသည်များကို ကိုယ်တိုင်ကိုယ်ကျ ကိုယ်ထိလက်ရောက် တွေ့ဆုံနှုတ်ဆက်ပြီး လက်ဆောင်နဲ့တကွ အားပေးလိုတာကတကြောင်း..။ အဲဒီအကြောင်းတွေကြောင့် ဒေါ်အောင်းဆန်းစုကြည်ခမျာ အကျဉ်းကျခံဘ၀မှ လွတ်လာတော့ အချိန်လုပြီး HIV ရိပ်သာကို အပြေးအလွှားသွားခဲ့တယ်ခင်ဗျ။

ဒီမှာ ပြဿနာ က စပြီ။ အာဏာပိုင်တွေက တစခန်းထပြီ။ ဒီဝေဒနာသည်တွေ ဒီနေရာမှာ မနေရ။ ရွှေ့ကြတဲ့ ခင်ဗျ။ ဒါဟာ..တကယ်က နှင်ထုတ်တာဗျ။ နှင်ထုတ်တာ။ သူတို့လုပ်ပေါက်က နေစရာမရှိရင် သာကေတ က ဆေးခန်း တခုမှာနေကြ တဲ့။ အဲဒီ ဆေးခန်း ဆိုတဲ့နေရာမှာက ဝေဒနာသည်တွေ နေလို့ရတဲ့အခြေအနေ ဘာမျှ မရှိဘူးခင်ဗျ။

စစ်အာဏာရှင် အဆင့်ဆင့်က မေတ္တာ, ဂရုဏာ, မုဒိတာ, ဥပေက္ခာ တွေ ပွါးရမယ့် အစား၊ ဗျာပါဒ, ဒေါသ, ၀စီဒုစရိတ, သီလဗျသ, ကုလမစ္ဆရိယ တွေ ပွါးပြီး ဘယ်မျှပင် ဖျက်လိုဖျက်ဆီး လုပ်,လုပ်။ ကုတ် နဲ့ ကော်လို့ပဲ ထုတ်,ထုတ်။ လူနာတွေ ကတော့ အသက်သာ အသေခံမယ်။ မဖြူ အပါးက တဖ၀ါးမျှ မခွာဘူး တဲ့။

ဒီမျှထိ မဖြူ မှ မဖြူ ဖြစ်နေကြလေတော့ အဆင့်ဆင့်သော စစ်အာဏာရှင် အဖျက် အမှောင့်သမားတွေ ကိုယ်ရှူးကိုယ်ပတ် ဖြစ်ကုန်ပြီ။ ပြည်သူ ရဲ့ ရှေ့မှောက်မှာ ညစ်ပတ် စုတ်ပဲ့ မသတီ ရွံရှာစဖွယ် ဇာတိရုပ်က ဘွားခနဲ ပေါ်ရ ပြန်ပြီ။ ဟဲ..ဟဲ..ကိုယ်တော်မြတ်တွေ ကိုယ်ဖေါ်တဲ့ဆေးကို ကိုယ်တိုင်ပြန်စားနေရပါကလားဗျာ..ဟဲ..ဟဲ။

(၄)

အစဇာတ်လမ်း, ပြန်ကာ`လှမ်း´ရရင် တယ်လီဖုန်းဆက်ပြီးဖိတ်ခေါ်တဲ့အိမ်ပေါ်ကို မဖြူ ရောက်လာပါပြီ။ အိမ်ဦးခန်းက ကုတင်ပေါ်မှာ အဖွားအို တစ်ဦးကို ပက်လက်အိပ်လျက်သားပုံစံနဲ့တွေ့ရပါပြီ။ အဖွားအိုခမျာ တကယ့်ကို အရိုးပေါ်အရေတင် ဖြစ်နေပါပေါ့လား။ ယာဘက်မျက်လုံးက ပိတ် လု,လု..နီးပါး။ ၀ဲဘက်မျက်လုံးက အနည်းငယ်မျှတော့ ပွင့်နေပါရဲ့။ မဖြူ က အဖွားအို ရဲ့ အနီးကပ်ဝန်းကျင်ကို`ဝေ့ကာ,၀ိုက်ကာ´ ကြည့်လိုက်တယ်ဗျ။

အဖွားအို ရဲ့ နှာခေါင်းနှစ်ပေါက်မှာ အောက်စီဂျင်လွှတ်ပေးထားတဲ့ ပိုက်ပျော့လေးက တတ်လျက်သား..။ ၀ဲဘက်လက်ကောက်ဝတ် အထက်နားမှာက အားဆေးသွင်းထားတဲ့ drip-set ပိုက်ပျော့လေး..။ ပိုက်ပျော့လေးမှတဆင့် အားဆေးပုလင်းကြီးထဲက ဆေးရည်က တစက်ချင်း, တစက်ချင်း, တစက်ချင်း, ဖြေးဖြေးညှင်းညှင်းကလေးမှ ဖြေးဖြေးညှင်းညှင်းကလေး, သွေးကြောထဲစိမ့်ဝင်နေလေရဲ့။ အဖွားအို ရဲ့ ခြေမျက်စိ အထက်နားထမီကြားထဲကထွက်လာတဲ့ ဆီးပိုက် ရဲ့ အဆုံး၊ ဆီးအိပ်ထဲမှာ ဆီးတွေကအနီရောင်သန်းလို့..။

မဖြူဆီက ကြင်ကြင်နာနာလေသံနဲ့ စကားတခွန်းထွက်လာတယ်။

“အဖွား ရဲ့ အသက် ဘယ်လောက် ရှိပြီလဲ `ဦး´။”

“၉၄ နှစ် ရှိပြီ ကွယ်။”

မဖြူ က`ဦး´လို့ခေါ်လေ့ရှိတဲ့ အဖွားအို ရဲ့ သားကြီး က၊ ကျပ်တစ်ထောင်တန်သုံးထုပ်ကို အဖွား ရဲ့ ၀ဲဘက်လက်ဖ၀ါးထဲ ထည့်လိုက်တယ်ဗျ။

“အမေ..။ အမေ့အတွက် အမေ့မြေး ကန်တော့လိုက်တဲ့ငွေထဲက ကျပ်သုံးသိန်း။ ဒါ..အမေ့ငွေ။ အမေ့လက်နဲ့ ဆုပ်ထား။”

သားကြီး က အဖွားအို ရဲ့ လက်ဖ၀ါးပေါ်ကငွေကို အဖွားအို ဆုပ်ကိုင်မိအောင် အဖွားအို ရဲ့ လက်ချောင်းကလေးတွေနဲ့ ဖိပေးလိုက်တယ်။

“အမေ..။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်..။ ဒေါ်အောင်ဆန်းစုကြည်ကို အမေ သိတယ်နော်။”
အဖွားအိုကဘာမျှပြန်မပြော။ ခေါင်းလည်းမငြိမ့်, ခေါင်းလည်းမခါ။ ၀ဲဘက်မျက်လုံးကတော့အနည်းငယ်မျှ `ပွင့်´မြဲတိုင်း`ပွင့်´နေဆဲ။ သားကြီး ပြောတဲ့ စကားကို အဖွားအို သိမှ, သိပါလေစ။ ဒါတွေကို`အ,ပ´ထား။ အဖွားအို သိလို သိငြား သားကြီး က သူ့ရင်ထဲက တစိမ့်စိမ့် လျှံတက်လာတဲ့ စကားလုံးတွေ တစ်လုံးချင်း ထိထိ မိမိ ပြောလေပြီ။

“အမေ..။ ဒီကလေးမလေး ရဲ့ နံမည် က မဖြူ။ ဒေါ်အောင်ဆန်းစုကြည် အင်မတန်အားကိုးရတဲ့ လက်ရုံး ပါ အမေ။”
သားကြီး က အမေအဖွားအို ကို စကား တစ်လုံးချင်း တစ်လုံးချင်း လေးလေး နက်နက် ပြောပြပါတယ်။ ခဏမျှဆိုင်းပြီးမှ ဆက်ပြောတယ်။

“အမေ..။ တပြည်လုံးက ဆင်းရဲလွန်းတဲ့ လူမမာတွေ..။ သနားစရာကောင်းလွန်းတဲ့ လူမမာတွေ..။ အဲဒီ လူမမာတွေကို၊ဒီ ကလေးမလေး မဖြူ က ခေါ်ထားတယ်။”

သားကြီး က ခဏ ဆိုင်းထားပြန်တယ်။ စကားတွေကို ဒလဟောဆက်တိုက်ပြောနေရင် အမေ့ မှာ အသိရှိနေစေဦးတော့၊ သတိရှိနေစေဦးတော့၊ အာရုံနောက်ကုန်မှာစိုးရိမ်တယ်။ သိနားလည်မှုတွေ ရှုပ်ထွေးတာ, မေ့လျော့ ကုန်တာမျိုးတွေ မဖြစ်စေချင်ဘူး။ ဒါကြောင့် သားကြီး က စကားကို ရှင်းအောင် တစ်လုံးချင်း ပြောလိုက်၊ ခဏနားလိုက် လုပ်နေရတာခင်ဗျ။

“အမေ..။ ဒီ ကလေးမလေး မဖြူ က သူခေါ်ထားတဲ့ လူမမာတွေကို ဆေးကုပေးတယ်။ အစားကျွေးတယ်။ အ၀တ်ပေးတယ်။ နေစရာပေးတယ်။ အင်မတန်မွန်မြတ်တဲ့ သူတော်ကောင်းအလုပ်ပါ..အမေ။”
အားခဲပြီးပြောလာခဲ့တဲ့စကားတွေကို အဖွားအို ခမျာ ကြား မှ ကြား ပါ ရဲ့လား။ သိ မှ သိ ပါရဲ့လား။ သားကြီး ရဲ့ ရင်ထဲမှာ တစိုးရိမ်ရိမ်, စိုးတထိပ်ထိပ်၊ မချိတင်ကဲ, အားမလို အားမရ ခံစားနေရ တယ်ခင်ဗျ။

သားကြီးကအများကြီးပြောနေရင် အဖွားအိုနားရှုပ် ကုန်လျော့မယ်။ ဒါကြောင့် သားကြီး က စကားကိုလက်စသတ်ရပါတော့တယ်။

(၅)

“အမေ..။ ဒီ ကလေးမလေး မဖြူ က အင်မတန်မွန်မြတ်တဲ့အလုပ်ကို လုပ်နေသူပါ။ သူ့ ရဲ့ မွန်မြတ်တဲ့အလုပ်အတွက် အမေ ပိုင်တဲ့ ဒီငွေကို လှူလိုက်ပါလား..အမေ။”

အဖွားအို ခမျာ လက်ဖ၀ါးပေါ်က ငွေကိုဖိဆုပ်ထားတဲ့ လက်ချောင်းကလေးတွေ..။ အဲဒီ လက်ချောင်းကလေးတွေ ကို ဖြေချလိုက်ပါရောခင်ဗျာ။ နှစ်နှစ်ကာကာ လှူလိုက်ပါတယ်လို့ နှုတ်နဲ့မပြော လက်ချောင်ကလေးတွေနဲ့ ပြောသွားတာကိုး။ မဖြူ က ရတောင့်ရခဲလူ့ဘ၀မှ မကြာမတင်ထွက်ခွာတော့မယ့် အသက် ၉၄ နှစ် အဖွားအို ရဲ့ အလှူငွေ ကို အမွန်အမြတ်ထားပြီး လက်နှစ်ဘက်နဲ့ တရိုတသေ လက်ခံလိုက်ပါတယ်။

အဖွားအို ရဲ့ သားကြီး နဲ့ သမီးချွေးမ တို့လည်း မိခင်ကြီး က အသိနဲ့ယှဉ်, သတိနဲ့ယှဉ်ပြီး လိုလိုလားလား, မတွန့်မတို, ရက်ရက်ရောရော, လှူဒါန်းသွားတာမို့ ဒေါ်အောင်းဆန်းစုကြည် ရဲ့ ဆန္ဒကို ပီပီပြင်ပြင် စွမ်းဆောင်နေတဲ့၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ရုံး,သူတော်ကောင်းမကလေး မဖြူ နဲ့ အတူတကွ၊ သာဓု..သာဓု..သာဓု..ခေါ်ခဲ့ကြပါတယ်ခင်ဗျား။

(၆)

အလှူဒါနမြောက်သွားပြီဖြစ်လို့ မဖြူ က လက်ဆယ်ဖြာ လက်အုပ်မိုးပြီး အဖွားအိုကို ကန်တော့ရှာတယ်။ မဖြူ အပြန်မှာ အဖွားအို ရဲ့ သားကြီးက ဇနီး နဲ့ အတူတကွ စောင့်နေတဲ့ တက္ကစီကားဆီ မဖြူ ကိုလိုက်ပို့ရင်း တက္ကစီကားဆြာကို တလေးတစားမေးလိုက်ပါတယ်။

“အသွား အပြန် ဘယ်လောက် ကျ ပါ သလဲ ခင်ဗျာ။”

ဒီတော့ တက္ကစီဆြာ က ပြုံး တုန့်တုန့် နဲ့ ယဉ်ကျေးစွာ ပြန်ပြောပါတယ်။

“ရပါတယ် `ဦး´။ မဖြူ ရဲ့ လုပ်ငန်းကို တတ်နိုင်တဲ့နည်းနဲ့ ကူညီနေတာပါ ခင်ဗျာ။”

ဒီမှာ ဇနီး မောင် နှံ နှစ်ဦး ရဲ့ နှုတ်ဖျားမှ တိုးတိုး ညှင်းညှင်း ကလေး သံပြိုင်ထွက်လာပါတယ်။
“သာဓု သာဓု သာဓု”

(၇)

ကျွန်ုပ် ကိုယ်ဖျောက်ဝိဇ္ဇာသည် ရေးသားခဲ့ပြီးဖြစ်သည့် စာမူကို ပြန်လည်ဖတ်ရှုပြီးသောအခါ လွန်စွာပီတိဖြစ်ရပါသည်။

“သြော်.. အဟောဝတ ကောင်းလေစွ၊ သာဓု သာဓု သာဓု။”

5 comments :

  1. သတိ said... :

    အားလုံးသတိ

    ဖတ်ရတာကျေနပ်စရာပါပဲဗျာ.. အဖွားရေ သာဓု သာဓု သာဓု ပါဗျာ.. တကယ်မွန်မြတ်တဲ့ အလှူပါပဲ..

    ဖတ်ရတဲ့ ဇါတ်လမ်းရဲ့ မွန်မြတ်စင်ကြယ် အေးမြမှုကို တင်ဆက်သူရဲ့ ထင်မြင်ချက်တွေမှာ တွေ့ရတဲ့ မုန်းတီးမှု.. တရားလွန် မြှောက်ပင့်မှု.. အသိအားနဲမှု မှတ်ချက်တွေနဲ့.. ရောပီးဖတ်ရတာတော့ ကြည်လင်မှုက ပိုအားကြွလာတာပဲလို့ နားလည်မိပါတယ်..

    အားလုံးသက်သာ
    မောင်သတိ

  1. Anonymous said... :

    မဖြူဖြူသင်း၊ ကိုရာဇာ နဲ့  အားလုံးဟာ ကျနော့ထက် အသက်အများကြီးငယ်ပါတယ်။ ကိုကျော်သူ တို့ အဖွဲ့ ရောပေါ့။
    နေ့ တိုင်း ကန်တော့မိပါတယ်ဆို လွန်မလား။
    ဂုဏ၀ုဒ်ဓိ ကြောင့်ပါ ဗျာ။

  1. Anonymous said... :

    မျက်ရည်ဝဲရပါတယ်ဗျာ ဖတ်ရင်း သာဓု သာဓု သာဓုပါ ခင်ဗျာ

  1. Anonymous said... :

    သာဓုသာဓုသာဓု

  1. Anonymous said... :

    Ma Phyu, I really appreciate all your help. Aunty Su & you are my favourite person. Thanks for all....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved