မြန်မာပေါ့ပ်ကော်ပီသမားတွေကို အကျိုးပြုတဲ့ ဒိန်းမတ်တေးဂီတအဖွဲ့

Tuesday, April 26, 2011

ဧပြီ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလန်ပူ မြို့မှာ ဖျော်ဖြေခဲ့တဲ့ Michael Learns To Rock

Michael Learns To Rock ဆိုရင် အဆိုတော် ထွဏ်းထွဏ်း (Examplez မဟုတ်) ဆိုခဲ့တဲ့ “၂၅ မိနစ်” တို့၊ အဆိုတော် စည်သူလွင် ဆိုတဲ့ “သူလေး အိပ်နေတယ်” တို့ကို မြန်မာပရိသတ်က တွဲပြီး မှတ်မိကြမှာပါ။

ဒိန်းမတ်က ဒီ ပေါ့ပ် တေးဂီတ ဝိုင်းလေးဟာ သာမန်မြို့ကလေးရဲ့ သာမန် တေးဂီတဝိုင်းလေးကနေ အစပြုတာ ဖြစ်ပေမယ့် သူတို့ရဲ့ အယ်လ်ဘမ် ဖြန့်ချိခဲ့ပြီး ဆယ်စုနှစ် ၂ ခု ကြာတဲ့အချိန်မှာ အာရှတခွင် ပြဲပြဲစင်အောင် အောင်မြင်မှုတွေရခဲ့ ပါတယ်။ ထူးဆန်းတာက သူတို့ သီချင်းတွေဟာ အမေရိကားနဲ့ ဥရောပမှာ မပေါက်တာပါပဲ။ သူတို့အဖွဲ့ကလည်း ဥရောပနဲ့ အမေရိကမှာ မပေါက်တာကို ဂရုမစိုက်ဘူး လို့ ဆိုပါတယ်။

သူတို့သီချင်းတွေဟာ ဆိုရလွယ်ကူပြီး နားထဲစွဲစေတဲ့ သီချင်းတွေ ဖြစ်တာကြောင့် အာရှက ကာရာအိုကေတွေ၊ စားသောက်ဆိုင်တွေနဲ့ ဘားတွေမှာ မရိုးနိုင်အောင် ပျံ့လွင့်နေဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့အဖွဲ့ဟာ ကမ္ဘာလှည့် ဖျော်ဖြေရေးအတွက် မလေးရှားမှာ ရောက်ရှိနေပါပြီ။ သူတို့သီချင်းတွေကို မလေးရှား၊ စင်ကာပူ၊ ထိုင်ဝမ်၊ တရုတ်၊ အိန္ဒိယ (မြန်မာလည်းပါသပေါ့) စတဲ့ နိုင်ငံတွေက သိပ်ကြိုက်ကြပါတယ်။ သိပ်မကြာသေးခင်ကမှ တရုတ်နဲ့ အိန္ဒိယ ဖျော်ဖြေရေးခရီးစဉ် ပြီးခဲ့ကြတာပါ။

အခု နွေမှာ သူတို့ရဲ့ ၈ ချပ်မြောက် အယ်လ်ဘမ် ထွက်ပါမယ်။ ဒီအယ်လ်ဘန် ထွက်ပြီးတာနဲ့ တပြိုင်နက်တည်း ဘင်္ဂလားဒေ့ရှ်နဲ့ နိပေါလ် နိုင်ငံတွေကို သွားဖျော်ဖြေချင်တယ်လို့ သူတို့အဖွဲ့က ပြောပါတယ်။

အခုအချိန်မှာ အယ်လ်ဘမ်အချပ်ရေ ၁၀ သန်းအထက် ရောင်းပြီးဖြစ်တဲ့ သူတို့အဖွဲ့လေးဟာ ကမ္ဘာလှည့်တေးဂီတ ဖျော်ဖြေပွဲ တွေကိုလည်း မအားလပ်အောင် တင်ဆက်နေရဆဲဖြစ်ပါတယ်။ ဒိန်းမတ် အထက်တန်းကျောင်း တကျောင်းက ပေါ့ပ်ဂီတ ရူးသွပ်သူ သူငယ်ချင်းလေးယောက်နဲ့ အစပြုခဲ့တဲ့ သူတို့ဟာ အခုအချိန်မှာ အသက် ၄၀ ကျော် လူလတ်တန်းအရွယ်တွေ ဖြစ်နေကြပါပြီ။

သူတို့ သီချင်းတွေကြောင့် မြန်မာပြည်က ပေါ့ပ်ကော်ပီသမား တော်တော်များများ အိတ်ဖောင်းခဲ့ကြဖူးတယ် ဆိုရင်လည်း ငြင်းနိုင်မယ်မထင်ပါဘူး။ ကျေးဇူးရှင်တွေလို့ ဆိုထိုက်တာပေါ့။ ဒါကြောင့် အမှတ်တရအနေနဲ့ သူတို့ သီချင်း ၂ ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။





2 comments :

  1. Unknown said... :

    ထွန်းထွန်း မဟုတ်ပါ ထွဏ်းထွဏ်းပါ...။
    (25မိနစ်သီချင်းက) ကောင်းကင်ကလူ စီးရီးထဲကပါ

  1. Khet Htan said... :

    ပြင်လိုက်ပါပြီ၊ ကျေးဇူးပါ။
    ဦးရုက္ခစိုးက အသက်ထောင်ချီနေတဲ့ ဂုရုဆိုတော့ အမှတ်မှားတတ်လို့ပါ

    :D

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved