မြန်မာပြည်နဲ့ မဆိုင်တဲ့နေ့

Wednesday, May 4, 2011



မြန်မာပြည်က အပတ်စဉ်ထုတ် ဂျာနယ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ တပုံလောက် ပါလာပြီဆိုတာနဲ့ မြန်မာပြည်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် ရတော့မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ စာနယ်ဇင်း သမားတွေ ထပဲ ကရတော့မလိုလို၊ ကိုရီးရားဇာတ်လမ်းတွဲ လာတဲ့အချိန် ရုတ်တရက် မီးလာသလို “ဝေး” ကနဲပဲ ထအော်မလို ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် မကြာပါဘူး ဇာတ်လမ်းကောင်းနေရင်း တန်းလန်း ရုတ်တရက် မီးပျက်သွားသလို “ဟာ” ကနဲ ပြန်အော်ကြရတာပါပဲ။

ဘာဖြစ်လို့လဲ ဆိုတော့ နောက်တပတ်မှာ ငါတို့တော့ လွတ်လပ်ပြီဟေ့ဆိုပြီး သတင်းတွေ ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ (စိစစ်ရေးမတင်ဘဲ နောက်ဆက်တွဲ) ဖော်ပြမိတဲ့ ဂျာနယ်တွေကို အရေးယူတာတို့၊ ၁ ပတ်နားတာ၊ ၂ ပတ်နားတာတို့၊ ခံဝန် လက်မှတ်သွားထိုးရတာတို့ လုပ်ကြရတော့တာကိုး။

မြန်မာ အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို စာနယ်ဇင်းတွေမှာ ဖော်ပြခွင့် ပေးတာဟာ စာနယ်ဇင်း လွတ်လပ်ခွင့် ပေးတာ မဟုတ်သလို၊ စာနယ်ဇင်းလွတ်လပ်ခွင့် ပေးမယ့် အရိပ်အယောင် ပြတာလည်း မဟုတ်ပါဘူး။ အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဝင်စားကြတဲ့ လူထုကို တခြားတစုံတရာ စိတ်မဝင်စားအောင် လှည့်စားတာ သက်သက်ဖြစ်ပြီး … အဲဒီလို ခဏတာ လှည့်စားလိုက်ခြင်းအားဖြင့် ဂျာနယ်တွေလည်း စောင်ရေတက်လို့ စီအီးအိုတွေ ပျော်ကြရတာပဲ အဖတ်တင်ပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာကတော့ အိပ်မက်တောင် မမက်နဲ့ ပြောရမလိုပါ။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်ပြီးနောက်မှာ ဒါမျိုး ခဏခဏ ဖြစ်တတ်လို့ လူတွေကတော့ ရိုးနေကြပါပြီ။



တကယ်တော့ မြန်မာပြည်က စာနယ်ဇင်းသမားတွေဟာ အရူးကို လင်တော်ထားရတဲ့ မိန်းမတွေလို ဖြစ်နေတာ အခုဆို ရွှေရတုတောင်ကျော်ခဲ့ပြီလို့ ပြောရမယ့် အနေအထားပါ။ မဆလ ခေါင်းဆောင်ကြီး ဦးနေဝင်းလက်ထက်ကတည်းက ခုတမျိုး တော်ကြာတမျိုး စာပေစိစစ်ရေးဆိုတဲ့ အရူးကြီးကို လင်တော်ထားရတဲ့ စာနယ်ဇင်းသတို့သမီးလေးရဲ့ဘဝက တော်တော် ရင်နာစရာကောင်းပါတယ်။ စာနယ်ဇင်းဘိုးတော်တွေလည်း စာပေလွတ်လပ်ခွင့်ကို မျှော်ရင်း ကွယ်လွန်တဲ့သူကွယ်လွန်၊ အိုမင်းရင့်ရော်တဲ့သူတွေလည်း အိုမင်းရင့်ရော် ဖြစ်ကုန်ကြပါပြီ။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာပဲ … ပထမဆုံး အရပ်သားအစိုးရ ဆိုတာကြီး လာတော့မယ်ဆိုတော့ စာနယ်ဇင်းသမားတွေ ခေါင်းလေးတွေ ထောင်ထပြီး ဒီတခါတော့ လွတ်လပ်ခွင့်ရချည်ရဲ့ … ရလို့ကတော့ ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်မယ်၊ ဘယ်လိုတွေရေးမယ်၊ တချို့လည်း နေ့စဉ်သတင်းစာ ဆိုတာကြီးကို ထုတ်ပစ်လိုက်မယ် ဆိုပြီး စိတ်ကူးတွေ ယဉ်မိကြတာ မကြာသေးဘူးဆိုတော့ မှတ်မိကြဦးမှာပါ။

ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူး ဆိုတာ ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ကြီး စခေါ်တဲ့အချိန်မှာပဲ အားလုံး သိလိုက်ကြရတာပါ (တကယ်တော့ ရွေးကောက်ပွဲ လုပ် ကတည်းက သိကြတာပါ။ လုပ်ပွဲကြီးမို့လို့ ရွေးကောက်ပွဲ ကျင်းပလို့ မသုံးတာပါ) ဒါပေမယ့် သနားစရာ ကောင်းလှတဲ့ တချို့တချို့သော စာနယ်ဇင်းသမားကြီးတွေက အားမလျှော့သေးဘူး၊ မျှော်နေဆဲပဲ။ ဒီနေ့မရ မနက်ဖြန်ရရမှာပေါ့၊ မနက်ဖြန်မရတော့လည်း သဘက်ခါပေါ့၊ သဘက်ခါမရတော့လည်း ….. တနေ့နေ့ပေါ့ ဆိုတဲ့စိတ်နဲ့ မျှော်နေလိုက်ကြတာ … အခုတော့ အရပ်သားအစိုးရဆိုတဲ့ ဟာကြီးလည်း တက်ပြီ၊ သမ္မတ ဆိုတာကြီးကလည်း ကျမ်းသစ္စာကျိန်ပြီးပြီ၊ မိန်းခွန်းဆိုတာကြီးကိုလည်း မြွက်ကြားပြီးပြီ … အဲဒီ မိန့်ခွန်းဆိုတာကြီးထဲမှာ “စတုတ္ထမဏ္ဍိုင်” ရဲ့ ကဏ္ဍ ဆိုတာလေး တကြောင်းကိုလည်း ဖြတ်ကနဲ တွေ့လိုက်ပြီးပြီ။ သမ္မတကြီးမိန့်ခွန်း ကောင်းတယ် ဆိုပြီးတောင် အသီးသီး ချီးမွမ်းခန်းဖွင့်ပြီးပြီ။ တကယ်လည်း မိန့်ခွန်းက ကောင်းပါတယ်။ မိန့်ခွန်းအတိုင်း မလုပ်တာသာ မကောင်းတာပါ။

ဒီမိုကရေစီ တိုင်းပြည်တခုမှာ စာနယ်ဇင်းလွတ်လပ်ခွင့်က အရေးကြီးဆုံးဆိုတာ အားလုံးသိပါတယ်။ စာနယ်ဇင်းကနေ တိတိ ကျကျ သတင်းတွေပေးရင်း အဂတိလိုက်စားမှုတွေ၊ အစိုးရရဲ့ လွတ်ကွက် ဟာကွက်တွေကို မှန်မှန်ကန်ကန် ထောက်ပြ ဝေဖန်ပြီး စေတနာပါတဲ့ ဝေဖန် အကြံပေးမှုတွေကို အစိုးရက လက်ခံပြုပြင်မှသာ တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်မှာပါ လို့ ပြောရင် မိချောင်းမင်းကို ရေကင်းပြသလို ဖြစ်နေပါလိမ့်မယ်။ သမ္မတကြီးကိုယ်တိုင် စတုတ္ထမဏ္ဍိုင်ဆိုတာ အရေးကြီးတယ်လို့ မိန့်ခွန်းထဲတောင် ထည့်ပြောပြီးပြီပဲ (တကယ်တော့ သမ္မကြီးက စတုတ္ထမဏ္ဍိုင်ဆိုတာ အရေးကြီးတယ်။ အဲဒါကြောင့် ကြောက်တယ် လို့ ပြောရမှာ)

ပြောင်းပါပြီဆိုတဲ့ အစိုးရကြီးရဲ့လက်ထက်မှာ စာနယ်ဇင်းနဲ့ ပတ်သက်လို့ စာပေစိစစ်ရေးက ညွှန်ချုပ်၊ ဒုညွှန်ချုပ်တွေ၊ ဝန်ထမ်းတွေ ထားလိုက်ဦး … ပြန်ကြားရေး ဝန်ကြီးတောင် မပြောင်းပါဘူး။ ဒီလူ ဒီလူပဲ ဖြစ်နေဆဲပါ။

မြန်မာပြည်ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ ကမ္ဘာနဲ့ ယှဉ်လိုက်ရင် အောက်ကစရေမှ တစ်ကနေ ၅ အတွင်း ချိတ်နေဆဲ၊ စာနယ်ဇင်းသမားတွေလည်း ထောင်ထဲမှာ ရှိနေဆဲ၊ လွတ်လပ်စွာ ရေးသားချင်သူတွေရဲ့ ကလောင်တွေ ရိုက်ချိုးခံနေရဆဲ၊ လွတ်လပ်စွာ ဖော်ထုတ်သူတွေရဲ့ ဘဝတွေကို ခြိမ်းခြောက်နေဆဲ ဖြစ်တာမို့ ပုဂ္ဂလိက ဂျာနယ်တွေရဲ့ အိပ်မက်ဖြစ်တဲ့ နေ့စဉ် သတင်းစာ ထုတ်ဝေရေး ဆိုတာဟာလည်း အိပ်မက်ထဲမှာသာ အကောင်အထည် ဖော်ကြရမယ့် အနေအထားပါ။

ဒီနေ့ဟာ “အပြည်ပြည် ဆိုင်ရာ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့” ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ မဆိုင်တဲ့ နေ့ဆိုရင်လည်း မမှားပါဘူး။

အေးချမ်းမြေ့

2 comments :

  1. Anonymous said... :

    ကောင်းလိုက်တာဗျာ .. အောက်က စာသားလေး ..
    "တကယ်တော့ မြန်မာပြည်က စာနယ်ဇင်းသမားတွေဟာ အရူးကို လင်တော်ထားရတဲ့ မိန်းမတွေလို ဖြစ်နေတာ အခုဆို ရွှေရတုတောင်ကျော်ခဲ့ပြီလို့ ပြောရမယ့် အနေအထားပါ။"

  1. timothy said... :

    ရှေးရှေးတုံးက၊သိပ်မကြာသေးခင်ရှေးရှေးကဘဲဆိုပါစို့။
    လူတိုင်းလဲသိကြမှာပါ။
    တနေ့တော့ရေမြေ့သခင်ပြည့်ရှင်မင်းကြီးဘဝကူးလို့သေသွား၊သုသာဏ်ကို၊
    မာလကဇံကြွရတယ်။
    ဟဲဟဲ။ဗိုလ်သန်းရွှေသာဇံကြွရင်၊ပြည်သူလူထုတော့ဝမ်းသာအားရ၊
    ထထကကြအုံးမယ်။
    နေပြည်တော်မှာအဲဒီခေါတ်က၊လူတော်လူကောင်း၊
    ဖိုးလပြည့်လို(မြောက်လောင်းလေး)လဲမမွေးသေး၊မရှိဘူးလေ။
    Palace ကလဲကြံရာမရ၊မင်ဂလာရွှေဗျိုင်းကိုလွှတ်တယ်။
    အဲဒီခေါတ်ကလူတွေထဲမှာဗိုလ်သန်းရွှေလိုငါ့လမ်းစဉ်၇လှမ်းဆိုပြီး၊
    ကလိမ်ငြမ်းဆင်တဲ့ငနဲသားတယောက်မှရှိပုံမပေါ်ဘူး။ထုံလိုက်ကြတာ။
    အဲဒီတုံးကစစ်တပ်ကလဲ၊နိုင်ငံတာဝန်ကိုသိတပ်စွာနဲ့အာဏာဝင်သိမ်းရင်လဲ၊
    ခုပုံထဲကလိုပိုက်ဆံကုန်အချိန်ကုန်ခံပြီးဗျိုင်းလွှတ်သဘင်ဆင်နွှဲစရာမလိုဘူး။
    ခုခေါတ်ကဗိုလ်သန်းရွှေတို့နဲ့တော့ကွာပါ့။
    ဗျိုင်းနားတဲ့လူဘုရင်ဖြစ်စေသတည်းတဲ့။

    အဖိုးကြီးတယောက်နဲ့သူ့မြေးလေးနဲ့စကားပြောခန်း။
    အဖိုးကြီးက၊မမေစုလိုစိတ်ဓါတ်မျိုးရှိသူ။
    သမာသမတ်ရှိပြီးပြည်သူလူထုကိုရင်ဝယ်သားကဲ့သို့အုပ်စိုးမင်းလုပ်မဲ့၊
    အရည်အချင်းရှိတယ်ဆိုဘဲ။
    မြေးလေးကတော့ဗိုလ်သန်းရွှေစိတ်အပြည့်ရှိသူဘဲ။
    ရွှေဗျိုင်းသာသူ့ပေါ်လာနားလို့မင်းဖြစ်ခဲ့ရင်၊
    ဂဒါဖီ၊ဆဒမ်ဟူစိန်၊ဟစ်တလာတို့ထက်ပိုကြမ်းပြလိုက်မယ်။
    သူ့ကိုကလန်ကဆန်လုပ်မဲ့ပညာရှိတွေအားလုံးအကုန်သတ်
    ၊ထောင်နှစ်တထောင်ချမယ်တဲ့၊
    ဗိုလ်သန်းရွှေလိုဆိုးသွမ်းယုတ်မာသူတွေ၊ဗိုလ်သန်းစိန်လိုလူဆိုးတွေ၊
    အားလုံးနန်းတော်မှာနန်းရေးဝန်ကြီး၊အမတ်များဖြစ်စေသတည်းတဲ့။
    ရွှေဗျိုင်းကလဲသူနဲ့သားစဉ်မျိုးဆက်နောက်ထပ်ဒီလိုအူကြောင်ကြောင်နဲ့
    ပျံသန်းပြီးမတန်တဆအသပြာဘဲရနိုင်တဲ့အစဉ်အလာအပြီးအပိုင်ပျက်အောင်ဆိုပြီး။
    အာဏာရှင်လောင်းမြေးလေးပေါ်ဆိုက်ဆိုက်မြိုက်မြိုက်သွားနားတယ်။
    မြေးလေးကလဲမင်းဖြစ်ပြီးတပါတ်အတွင်း
    သူ့ကတိအတိုင်းဖြုတ်၊ထုပ်၊သတ်လုပ်လိုက်တာ။
    အခုဗမာပြည်မှာလူထုကြီးစားဝတ်နေရေး၊သေရေး၊ရှင်ရေး၊အိပ်ရေးအားလုံး
    ဗျောင်းဆန်အောင်ကိုကြပ်တည်းသလိုဆင်းရဲတွင်းထဲကျကုန်တယ်ဆိုဘဲ။

    အဖိုးလုပ်သူလဲမနေသာလို့နေပြည်တော်ကိုဘတ်စ်ကားအတန်တန်တိုးစီးလို့၊
    သူ့မြေးလေးကိုဆုံးမခါန်းရောက်ရော။
    အဖိုးကြီးလဲလေကုန်အောင်၊တိုင်းသူပြည်သားများကိုရင်ဝယ်သားကဲ့သို့၊
    ချစ်တဲ့မင်းကောင်းမြတ်လိုအုပ်စိုးဘို့ဖြောင်းဖျတယ်။
    အမေစုကလူမိုက်ဗိုလ်သန်းရွှေကိုဆုံးမသလိုပေါ့။

    မြေးလေးကနားမထောင်ဘဲဘာပြန်ပြောလဲနားထောင်ကြပါ။
    ဒီရွှေဗျိုင်းကမင်းကောင်းမင်းမြတ်၊အဖိုးပြောသလိုဖြစ်စေချင်ရင်၊
    အစကတည်းကကျတော့ပေါ်မနားဘဲ၊
    အဖိုးပေါ်နားမှာပေါ့်။
    အခုတော့ရွှေဗျိုင်းကျတော့ပေါ်လာနားလို့၊
    ဒီမိုး၊ဒီလေ၊ဒီမြေ၊ဒီရေနဲ့ဒီလူတွေနဲ့ကျတော်နဲ့ခုလိုတိုင်းပြည်ကိုဇောက်ထိုး
    ဖြစ်အောင်လုပ်တာအဘအပူမဟုတ်ဘူးဆိုပြီး၊
    အဖိုးကိုတော့မသတ်ဘဲအကျယ်ချုပ်နဲ့ထားတယ်။
    တိုင်ပြည်မှာရှိရှိသမျှဗျိုင်း၊ဘဲ၊ငန်းတွေအားလုံးကိုသုတ်သင်လိုက်တာ၊
    ဗျိုင်နားမင်ဂလာစာတမ်းလိုဗျိုင်းလွှတ်ပြီးမင်းလောင်ရှာတဲ့အစဉ်အလာလဲ
    မရှိတော့ဘဲ။
    အဲဒါတင်ဘယ်ကမလဲ။
    အဲဒီတိုင်းပြည်ကလူတွေဘဲသားစားချင်ရင်၊ယိုးဒယားလိုနိုင်ငံခြားမျိုးထွက်မှရတယ်။
    ဒီမိုး၊ဒီလေ၊ဒီမြေ၊ဒီရေ၊ဒီလူတွေထဲကိုယ်ဝင်မပါမိအောင်၊
    ကိုယ်ကြင့်တရားကောင်းအောင်နေနိုင်တဲ့လူများလာလေ၊
    ရွှေဗျိုင်လွှတ်တဲ့ခေါတ်ပြန်ရောက်နိုင်လေပါဘဲ။
    စားဝတ်နေရေးကြပ်တည်းလို့ဒီလူတွေလဲဒီမိုးဒီလေနဲ့အတူ Survival
    အတွက်ဝင်ခုတ်ဝင်လှီး၊တယောက်ကိုတယောက်မညှာတမ်းရိပ်နေရတာ။
    စာနယ်ဇင်းလွတ်လပ်မှုကတော့အိပ်မက်တောင်မမက်နိုင်ပါဘူး။
    မှိုင်းတိုက်၊လှယ့်စား၊ဒလမ်များရဲ့တဘက်လှည့်ဗျောင်လိမ်တာတွေမယုံကြပါနဲ့။
    ဒီမိုးဒီလေထဲကဒီလူတွေအကုန်ဖြစ်ပြီးဒီဝတ်ကြွေးက၁၀သက်မလွတ်ဘူးဖြစ်ကုန်မယ်။
    ဒီစစ်အစိုးရကလူထုကိုဘယ်တော့မှရွှေဗျိုင်းလွှတ်တဲ့လွတ်လပ်သော
    ဒီမိုကရေစီတို့၊ရွေးကောက်ပွဲတို့လုပ်မပေးဘူးဆိုတာသာအသေမှတ်ထားကြပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved