အဖမ်းခံရပြန်ပြီ ၂၅ ယောက်

Thursday, May 19, 2011

သန်းထိုက်ဦး၊ မေ ၁၉၊ ၂၀၁၁

ထိုင်းနိုင်ငံ တောင်ပိုင်း ဖတ်တလွန်း ခရိုင်မှာ ရှိတဲ့ ပရိ ဘောဂ လုပ်ငန်း တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ နိုင်ငံသား အမျိုးသမီး၊ အမျိုးသား ၂၅ ယောက်ကို ဒေသခံ အာဏာပိုင်တွေက ဒီနေ့ မနက် ၈ နာရီမှာ ၀င်ရောက် ဖမ်းဆီး လိုက်တယ်လို့ ထိုင်း ဘာသာနဲ့ ရေးသားထားတဲ့ မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီ မြန်မာနိုင်ငံသားတွေကို ထိုင်း အာဏာပိုင်တွေက သတင်းအရ ၀င်ရောက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရေးထားပါတယ်။

မြန်မာ နိုင်ငံသားတွေကို အာဏာပိုင်တွေက စစ်ဆေးမှုတွေ လုပ်တော့ ၂၅ ယောက်ထဲက ၃ ယောက်ကတော့ တရားဝင် အလုပ်သမား လက်မှတ်ရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီအလုပ်သမား လက်မှတ်တွေက သတ်တမ်း မတိုးထားတော့ သူတို့လည်း အဖမ်းခံလိုက်ရပါတယ်။

အသက် ၃၀ အရွယ် မြန်မာနိုင်ငံသား တယောက်ရဲ့ ပြောပြချက်အရကတော့ အခု အဖမ်းခံလိုက်ရတဲ့ မြန်မာနိုင်ငံသားတွေဟာ ရနောင်း မြို့နယ်ကနေတဆင့် အလုပ်လာလုပ်ဖို့ လူကယ်ရီနဲ့ တယောက်ကို ဘတ်ငွေ ၃၀၀၀ ထောင်ပေးပြီး ရောက်လာတာ ဖြစ်တယ်လို့ သတင်းမှာ ပြောဆိုထားပါတယ်။

အရင်ကလည်း ဒီအလုပ်သမားတွေဟာ ဒီဒေသကို မရောက်လာခင် တခြားဒေသတွေမှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ ဒီ ဖတ်တလွန်း ခရိုင်းမှာတော့ တရက်ကို ဘတ်ငွေ ၁၇၀ နဲ့ ၂၀၀ လောက် ရပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ အခု အဖမ်းခံရတဲ့ လူတွေအားလုံးကို စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ်ဆောင်သွားပြီးတော့ တရားဥပဒေကို ရင်ဆိုင်ပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့မှာ ထိုင်းအစိုးရ ၀န်ကြီး အဖွဲ့ အစည်းအဝေးရဲ့ အတည်ပြုပြီးတဲ့ နောက်မှာ ထိုင်းနိုင်ငံထဲကို မြန်မာ နိုင်ငံသားတွေ မကြာခဏ အဖမ်းခံရတဲ့ သတင်းတွေ ကြားနေရပါတယ်။

အဲဒီလို လက်မှတ်လုပ်ပေးမယ် ဆိုတဲ့ သတင်းတွေကြောင့် မေလ ပထမ အပတ်ထဲမှာပဲ မြန်မာနိုင်ငံသား ၁၄၉ ဦး မဲဆောက်မြို့ နယ်ထဲမှာ အဖမ်းခံခဲ့ရပါသေးတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved