သမ္မတကြီး ဦးသိန်းစိန်ရဲ့ အလုပ်သမားနေ့ သ၀ဏ်လွှာတဲ့ဗျား (အပိုင်း -၂)

Wednesday, May 11, 2011

ဦးမင်းနိုင်မင်း

( အပိုင်း - ၁ ဖတ်ရန် )

ကျွန်ုပ်တယောက် … ဟဲ … ဟဲ … တောကျေးလက် ကပွဲခင်းထဲမှာ ဟိုတိုး, ဒီခွေ့, ဟိုငေး, ဒီမော့ အရွယ်လောက်က ဇာတ်ဆြာ စိန်အောင်မင်း သံနေသံထားနဲ့ “ဟဲ” ခဲ့တာကို ပြန်လည်ကြားယောင်မိပါရဲ့ဗျာ။
“ပြောပြန်..ရင်လည်း … အောင်မင်း လွန်ရာ…ကျမယ်…” တဲ့ ခင်ဗျ။

ယခု ဟိုအကြောင်း, ဒီအကြောင်း ထွေလာကေလာပြောနေတာက မဟုတ်မဟပ် လုပ်ဇာတ်ခင်းတာမှ မဟုတ်ပေပဲဗျာ။ အဟုတ်အမှန်ကို သရုပ်သဏ္ဍာန်ပေါ်အောင် ဖေါ်ဆောင်ပြတာသာဖြစ်လေတော့ ကျွန်ုပ် မလွန်ပါဘူးနော့..။

ဗိုလ်သန်းရွှေ က သူ့ရဲ့ masterpiece အဖြစ် ရေဒီယို, တီဗီနဲ့
သတင်းစာတွေမှာ လေလုံးထွားခဲ့တဲ့ ရေနက်ကွင်းစီမံကိန်း၊ ဥတိုစိုက်ကွင်းစီမံကိန်းတို့ ဘာကြောင့် မအောင်မမြင် ပက်လက်လန်ရတာလဲ။

ဗိုလ်သန်းရွှေက ကျောက်ဆည်သားဆိုတော့ လယ်တွင်း (၉) ခရိုင် စိုက်ရေးပျိုးရေး ဆည်မြောင်း တာတမံတွေနဲ့ သမိုင်းမှတ်တမ်းဝင်ခဲ့တဲ့ အနော်ရထာမင်းစောကို အားကျကာ အရူးထတာလား။ ဘာအကြောင်းအချက်တွေကြောင့် ရုပ်ပျက်ဆင်းပျက် မအောင်မမြင်ဖြစ်ရတာလဲ။

ဒီနေရာမှာ သေချာတဲ့နောက်ထပ် အကြောင်းအချက်တခုက ရှိနေသေးသဗျ။ လက်ညှိုးညွှန်ရင် ရေဖြစ်တယ်လို့ တရားသေမှတ်သား လည်ပတ်နေရတဲ့ စစ်ယန္တရားအုပ်ချုပ်ရေးနယ်ပယ်မှာ ငါသာသိတယ်, ငါသာတတ်တယ်ရယ်လို့ ဗိုလ်ချုပ်ကြီး,ငယ်တွေက ဘ၀င်လေဟပ်ကြသဗျ။ ဆိုင်ရာဆိုင်ရာပညာရှင်တွေ၊ ဌာနဆိုင်ရာအတွေ့အကြုံရှိ အကြီးအကဲတွေရဲ့ပညာစွမ်း, အတွေ့အကြုံစွမ်း, လုပ်ရည်ကိုင်ရည်စွမ်းတွေကို ပစ်ပယ်ကြသဗျ။ အမိန့်ပေး, အမိန့်ခံ, ရာဇသံဆိုတဲ့ စစ်ယန္တရားအုပ်ချုပ်ရေးစနစ်ကိုသာ နေရာတကာမှာ သုံးကြတာကလားဗျာ။


အမှန်တကယ်က ဗိုလ်သန်းရွှေရဲ့စစ်ယန္တယားဆိုတဲ့ တ,ယား,ယား,ယားနေတဲ့ အုပ်ချုပ်မှုစနစ် (governance) ဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ ဖြစ်လာစေရေးအတွက် မ`good´လို့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် (good governance) မဖြစ်ခဲ့ဘူးဆိုတာ ဘောလောကြီးပေါ်ခဲ့ပြီပဲဗျာ..။

ကဲ..ဗိုလ်သန်းရွှေ… ဘယ်လောက်စွမ်းတယ်ဆိုတာ သူ့သဘောသူဆောင်ပြီး သူ့ကိုယ်သူပြောင်စရာ, လှောင်စရာအဖြစ် လုပ်ပြသွားပြီမို့ ကံနိမ့်ရာ လှံမစိုက်လိုတော့ပါဘူး။ ရှေ့ကို ဘယ်လိုစခန်းသွားကြမလဲ ဆိုတာကသာ အရေးကြီးတာပါ။

ဒီအရေးကြီးပြဿနာတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ရအောင် အဓိကတာဝန်ရှိတဲ့ ဗိုလ်သိန်းစိန်ကကော ဘာသားနဲ့ထုထားလို့လဲဗျာ။ ဒီချဉ်ဖတ်အိုးထဲက ဒီချဉ်ဖတ်မျိုးပဲဖြစ်တာမို့ “သူလည်းလေ.. ဟဲ.. ဟဲ.. ဗိုလ်သန်းရွှေရဲ့တပည့်စစ်သားပီပီ ဗိုလ်သန်းရွှေလိုပဲချဉ်မှာပါ။ ဗီဇကိုယ်၌က ဘယ်နည်းနဲ့မှ ချိုမလာနိုင်ပါဘူးဗျာ။

ဒါကြောင့်စီးပွါးရေးရာ, နိုင်ငံရေးရာ, ဥပဒေရေးရာ အကြံပေးတွေရဲ့အားကိုးယူပြီး ကြံပြန်, ဖန်ပြန်တော့လည်း ဥပဒေရေးရာမှာ အကြံပေးက ရဲအရာရှိဟောင်း ဦးစစ်အေး။ LLB ကို စာပေးစာယူအဆင့်ကလေးမျှလောက်နဲ့သာ အောင်ခဲ့ရရှာသူ..။ နိုင်ငံရေးရာမှာ အကြံပေးက MRTV4 အဆင့်မျှသော ကိုကိုလှိုင်။ နောက်တစ်ယောက်က ကိုရဲတင့်။ ကိုရဲတင့်ဆိုတာက လူရွှင်တော်ကြီးဦးပေါစံရဲ့ `မှန်´ တဲ့လူတွေ`ကျ´သွားပြီ၊ `မမှန်´တဲ့လူတွေ`တက်´ ဆိုတဲ့ပေါ်လစီအရ သတင်းစာအယ်ဒီတာချုပ်အဆင့်မျှသော ရာထူးရှင် ကိုရဲတင့်..။ အဲ..ကိုရဲတင့်ရဲ့ ရှေးရှေးကတည်းက ယခုထက်တိုင် ဆည်းကပ်ကိုးကွယ်အားထား ပညာယူရာ တဦးတည်းသော အာစရိကလည်း … ဟဲ… ဟဲ.. ဓါတ်သိတွေဆိုတော့။ သူတို့အားလုံး`မလွမ်း´လောက်လို့ အားရစရာဆိုတာ ဘာတခုကလေးမှ မရှိပါကလား ဗျာတို့ရယ်။

အဟမ်း … စီးပွါးရေးရာမှာ အကြံပေးက ဒေါက်တာဦးမြင့်..။ အချို့က ဦးမြင့်ကို … ရေးတေးတေးကလေးမျှတော့ `ရေးတေးတေး´လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တော့ဦးမြင့်ဟာ ဘောဂဗေဒပညာရှင် သက်သက်မျှသာပါခင်ဗျာ။

ဒီကိုယ်တော် ဒေါက်တာဦးမြင့် ရင်ဆိုင်ရမယ့် မြန်မာပြည်ရဲ့ ယနေ့ပြဿနာက လွယ်မရောင်နဲ့ခက်၊ တိမ်မရောင်နဲ့နက်သဗျ။ ပြဿနာအ၀၀ဟာ နိုင်ငံရေးစနစ်ပေါ်မှာ အခြေတည်သဗျ။ နိုင်ငံရေးက အဓိကပင်မ ပင်စည်ကြီးပါဗျာ။ ကျန်တာတွေအားလုံးဟာ နိုင်ငံရေးဆိုတဲ့ ပင်မပင်စည်ကြီးဆီက ထွက်လာတဲ့အကိုင်း, အခက်, အရွက်တွေ။ အဲဒါတွေဆီမှ ထပ်ဆင့်ပြီး ပြူထွက်လာတာက အဖူး, အပွင့်, အသီးတွေ။ ကိုင်း.. အဖူး, အပွင့်, အသီးတွေကို ကိုယ့်စိတ်တိုင်းကျ … ဖူး, ပွင့်, သီးအောင် ဘယ်လိုလုပ်ကြမလဲ။

“ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်” ဆိုတဲ့ သင်ရိုးအတိုင်း သေနတ်ပြပြီး, ၀ါးရင်းဒုတ်ပြပြီး လက်နက်မဲ့ တိုင်းရင်းသားပြည်သူတွေကိုသာ တစုံတရာ အတိုင်းအတာအထိ အမိန့်ပေးလူပါးဝ ဗိုလ်ကျလို့ရမယ်။ ဖေါက်လွှဲဖေါက်ပြန် ဓါတ်ပျက်နေတဲ့ နိုင်ငံရေးပင်မ, ပင်စည်ကြီးကို `ဟိတ်..ဖူးစေသတည်း။ ဟိတ်..ပွင့်စေသတည်း။ ဟိတ်..သီးစေသတည်း´ရယ်လို့ အမိန့်ပေးမရပါ။

ဒါတွေကို`ဘုတ်´အုပ်ထဲမှာရှာလို့မရပါ။ နိုင်ငံရေးကစားကွင်းထဲမှာ အလဲလဲအကွဲကွဲ နွှဲပြီးမှ `အထာ´ ကျွမ်းပြီး ပြည်သူတွေအတွက် ကောင်းကျိုးအထွေထွေကို ဖြစ်ထွန်းစေမယ့် `ဒေါင်း..အိုးဝေ´ နိုင်ငံရေးစနစ်ရဲ့ဖေါင်ဒေးရှင်းကို ခိုင်ခန့်စွာ အုတ်မြစ်ချနိုင်မှာပါခင်ဗျာ။

အင်း … ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံ ဖြစ်လာစေရေးအတွက် နိုင်ငံရေးစနစ် အရေးကြီးပုံကို ဆွေးနွေးအပြီးမှာ အုပ်ချုပ်ရေးယန္တယား မောင်းနှင်နိုင်စွမ်း အရေးကြီးပုံကို ဆက်ပါတော့မယ်ခင်ဗျ။

န၀တ တက်လာခါစကတည်းက `ဈေးကွက်စီးပွါးရေး´ လို့ အသံကောင်းတော့ ဟစ်ခဲ့ပါရဲ့..။ ဒါပေမယ့် အဲဒီ ဈေးကွက်စီးပွါးရေး ဆိုသဟာ အတုအယောင်ကို အရှက်မရှိ အာဏာရှင်တွေက အပေါ်စီးကနေပြီးမွေးထားတဲ့ အရှက်မရှိ ခေတ်ပျက်သူဌေးဖြစ်ချင်သူတွေ၊ အရှက်မရှိ အာဏာရှင်တွေကို အောက်စီးကနေပြီး မွေးထားတဲ့ အရှက်မရှိ ခေတ်ပျက်သူဌေးဖြစ်ချင်သူတွေ ဒင်းတို့ပဲ တွင်ကျယ်ခဲ့ကြတာ..။ ဒင်းတို့အားလုံးနီးပါးမှာ ငွေရင်းငွေနှီးရယ်လို့ ဒုနဲ့ဒယ်နဲ့မရှိပါဘူး။ ရှိတာကအာဏာပိုင်တွေဆီ အရှက်မရှိ ၀င်တတ်ထွက်တတ်တဲ့ အရည်အချင်းပါပဲ။

အရှက်မရှိ အာဏာရှင်က အရှက်မရှိ ခေတ်ပျက်သူဌေးဖြစ်ချင်သူတွေကို လုပ်ငန်းရအောင်လည်း `ဖန်´ ပေးတယ်။

အစိုးရ ဌာနဆိုင်ရာဆီက ကြိုတင်ထုတ်ပေးငွေ ရအောင်လည်း `ရံ´ ပေးတယ်။ အမြတ်ကိုခွဲဝေပြီးယူတယ်။ `အမြီးစားဘက်, ခေါင်းစားဘက်´ မဟုတ်တော့ဘူးခင်ဗျ။ အဲဒီခေတ်ကကုန်သွားပြီ။ အခု ခေတ်စားနေတဲ့စကားလုံးက `အသဲတခြမ်းစီ ဖဲ့စားဘက်´ တဲ့ ခင်ဗျ။

ဒါတွေကို`ဘလိုင်း´ မပြောပါဘူးဗျာ။ သက်သေသက္ကာယ အထောက်အထားပြစရာတွေ တပုံတပင်ရှိပါတယ်။ အာဏာပိုင်တွေဘက်ကို ပြရမလား။ ခေတ်ပျက်သူဌေးတွေဘက်ကို ပြရမလား။ `ကံကွက်ကျား´ မလုပ်ကောင်းလို့ပါခင်ဗျ။ မလုပ်ရက်လို့ပါခင်ဗျ။ မဟုတ်မဟတ်ကို လုပ်ဇာတ်ခင်းပါတယ်လို့ ဘက်ကန်ရင်တော့ မတတ်နိုင်ဘူးဗျာ။ အမည်နာမကို တည့်တည့်ကြီး ဖေါ်ကာပြရတော့မှာပေါ့။

ပြောစရာစကားကို အနားသတ်ရရင်ဖြင့် အထက်မှာဖေါ်ပြခဲ့တဲ့ ဖြစ်ကြောင်းရယ်ကုန်စင်က `မီးနီပြ´နေပါတယ်။ ဒီအချိုး, ဒီအကွေ့, ဒီအလိမ် မျိုးနဲ့တော့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဆိုတာ လေထဲမှာအငွေ့ပျံပြီး လွင့်မယ်, ပျယ်မယ်, ပျောက်မယ်ဆိုတာနဲ့ ငတိသန်းရွှေတယောက် နောင်မကြာမတင်ကာလမှာ ဒယ်အိုးထဲ ဇောက်ထိုးကျတော့မယ်ဆိုတာတို့ ထပ်တူထပ်မျှဖြစ်နေကြောင်းပါခင်ဗျား။ ။

(အပိုင်း - ၃ သို့ ဆက်ရန်)

2 comments :

  1. Anonymous said... :

    သေချာတာကတော့ ဦးသိန်းစိန် ကိုယ်တိုင်ရေး တော့ မဟုတ်တာ အသေချာပါဘဲဗျာ ။ စာဘဲ ပို့တဲ့ သ၀ဏ်လွှာ ဆိုလို့ကတော့ သမ္မတ ကိုယ်တိုင်တောင် ဖတ်မည့် ပုံ မပေါ်ပါ ။ တံတားဖွင့်ပွဲ လမ်းဖွင့်ပွဲများတွင် တိုင်းမှူးတပ်မမှူးများ ပြောသည့် မိန့်ခွန်းပင် သက်ဆိုင်ရာဌာနမှ ရေးပေးရပါသည် ။ ရေနက်ကွင်းစီမံကိန်းများ ဘိုင်အို ဒီဇယ်ကြက်ဆူများ အောင်မြင် မအောင်မြင်တော့ မသိပါ ။ ဆင်းရွှေလီ အရူးထခဲ့သော ဗိုလ်ချုပ်မြင့်လှိုင် တိုင်းမှူး ဘ၀တွင် ဘ၀ပျက်ရသော စီးပွားပျက်ရသောတပ်မတော်သားအရာရှိ အမြောက်အများရှိခဲ့ပါသည်။ ခက်နေသည်မှာ များများပြော လိုက်မလုပ်နိုင် သိသိကြီးနှင့် အလိမ်ခံနေခြင်းဖြစ်ပါသည်။ အစိုးရသစ်ကြီးမှာလည်း ယခင်အတိုင်း အရင်အတိုင်း ဆက်လိမ် နေဦးမည် ဆိုလျှင်........

  1. Anonymous said... :

    Maj-Gen Myint Hlaing?? OH my Buddha... now he is mister for Agriculture & Irrigation.... So..???

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved