ဝန်ကြီးချုပ်တို့ ၏ ပညာရပ်

Thursday, June 9, 2011

မြန်မာပြည်သတင်းတော့ မဟုတ်ပါဘူး။ အိမ်နီးခြင်းဖြစ်ရပ်မို့ ရေးလိုက်တာပါ။

၂၅ ရက်ပဲ ကျန်တော့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အပြိုင်အဆိုင် မဲဆွယ်နေကြပုံ။
မနေ့က ဘန်ကောက်ပို့စ်သတင်းစာ မျက်နှာဖုံးဓာတ်ပုံတွေပါ။



နောင်ခိုင် ဆိုတဲ့ အရပ်မှာ မဲဆွယ်စည်းရုံးနေတဲ့ ဖုယာ့ထိုင်း (Pheu Thai) ပါတီက ရင်လပ် ရှင်နာဝပ်။
ဒွန်မောင်းလေဆိပ်နားက ကုန်စိမ်းဈေးမှာ မဲဆွယ်နေတဲ့ ဒီမိုကရက်တစ်ပါတီက အဖိဆစ် ဝေ့ချာချီဝ။
coffee-making stunts to impress voters လို့ သတင်းစာက ဆိုတယ်။ မဲထည့်မယ့်သူတွေ အထင်ကြီးအောင် ကော်ဖီဖျော်ပြနေတာပေါ့လေ။
လက်ဖက်ရည်ဖျော်တာလည်း ၀န်ကြီးချုပ်တို့ တတ်အပ်တဲ့ ပညာရပ်ထဲ ပါဝင်တယ် ထင်ပါရဲ့။


ရင်လပ်ရှင်နာဝပ် က တဖြည်းဖြည်းနဲ့ ထိုင်းနိုင်ငံရေးလောကမှာ ထင်ရှားလာပါပြီ။

စစ်တမ်းတွေအရ ဆိုရင် သူတို့ ၂ ပါတီက သူမသာ ကိုယ်မသာပါပဲ။


ရင်လပ်က သူ နိုင်ခဲ့၊ ၀န်ကြီးချုပ် ဖြစ်ခဲ့ရင် သူ့အစ်ကို သက်ဆင်ရှင်နာဝပ် ပြန်တော်ပြန်ရေးကိစ္စကို ဦးစားပေးလုပ်မှာ မဟုတ်ပါဘူး တဲ့။


သေချာတာကတော့ ရွေးကောက်ပွဲမှာ ရင်လပ် အသာရခဲ့ရင် သူဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်လာမှာပါ ၊ လက်ရှိဝန်ကြီးချုပ်ကတော့ အတိုက်အခံခေါင်းဆောင်ဘ၀ကို ရောက်သွားပါလိမ့်မယ်။

(ဖြည့်စွက်ချက် - ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာမယ်လို့  ပြောတာပါ။ အမျိုးသမီး ဆိုတဲ့ စာလုံး ကျန်ခဲ့း)


အဖြေကို ရှေ့လထဲ သိရမှာပါ။


ဘယ်သူပဲ နိုင်နိုင် ထိုင်းက တည်ငြိမ်အုံးမယ် မဟုတ်ပါ။ ရင်လပ်ကို ထောက်ခံတဲ့ ရှပ်နီတွေ၊ သူတို့ရဲ့ ဆန့်ကျင်ဘက်က ရှပ်ဝါတွေ။ ပြီးတော့ မကြာခဏ အာဏာသိမ်းတဲ့ ထိုင်းစစ်တပ်။ ဒါတွေ ရှိနေပါတယ်။


မနေ့က နေးရှင်း သတင်းစာမှာတော့ ရင်လပ်က ကာကွယ်ရေးဦးစီးချုပ်ကို တွေ့ဖို့ ကမ်းလှမ်းထားကြောင်း ဖတ်လိုက်ရပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စကားပြောချင်တယ် တဲ့။


ဦးစီးချုပ်ကတော့ လက်မခံသေးပါဘူး။ ရွေးကောက်ပွဲ သိပ်နီးနေတဲ့ အချိန်မှာ ကာချုပ် အနေနဲ့ ဘယ်နိုင်ငံရေးသမားနဲ့မှ မတွေ့သင့်ပါဘူးလို့ စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။


"စစ်တပ်ဝင်းထဲမှာ လာပြီး မဲဆွယ်ကြပါဗျာ။ ရပါတယ်။ ပါတီခေါင်းဆောင်တွေ တပ်ဝင်းထဲ မဲလာဆွယ်တာမျိုးပဲ ခွင့်ပြုနိုင်ပါတယ်။ နိုင်ငံရေးသမားတွေနဲ့ တဦးချင်း တွေ့ဖို့တော့ ခုချိန်မှာ မသင့်တော်သေးပါဘူး" ဆိုတဲ့ စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ် Sansern Kaewkamnerd ရဲ့ အပြောကို နေးရှင်းမှာ ဖတ်လိုက်ရပါတယ်။

(စပ်မိလို့ ပြောရရင် ဒီ ပြောခွင့်ရပုဂ္ဂိုလ်က ဒီရာထူး ရနေတာ ကြာပါပြီ။ မနှစ်တနှစ်က ရှပ်နီတွေ ဘန်ကောက်မှာ ရက်ဆက်ဆန္ဒပြတော့ သူကလည်း ရုပ်သံမှာ အဆက်မပြတ် ပါလာတယ်။ စကားပြော ညက်တဲ့ သူ့ကို နှစ်သက်သူတွေထဲမှာ ထိုင်းအမျိုးသမီးအတော်များ ဆိုပဲ)

1 comments :

  1. Anonymous said... :

    ဘယ်သူပဲ နိုင်နိုင် ကျမတို့ရွေ့ပြောင်းတွေရဲ့ဘ၀က ကျီးလန့်စာ စားနေရတာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved