ထိုင်း ပြည်သူတွေကို အားကျတယ်

Tuesday, July 5, 2011

ဓာတ်ပုံ (AP)
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မစ္စ ယင့်လပ် ရှင်နာဝပ် ဦးဆောင်တဲ့ ဖုယာ့ထိုင်းပါတီက အနိုင်ရရှိ သွားတယ်ဆိုတာ အားလုံး သိပြီြးုဖစ်ပါတယ်။ သူ့ကို ကြည့်မယ်ဆိုရင် အသက် ၄၄ နှစ်အရွယ် အရွယ်ကောင်း အမျိုးသမီး တဦးဖြစ်တယ်၊ ရုပ်ရည်အားဖြင့် ကြည့်ကောင်းတယ်၊ နိုင်ငံရေး နယ်ပယ်ကို ဝင်လာတာ ၆ ပတ်ပဲ ရှိသေးတယ်ဆိုပေမယ့် စီးပွားရေး သမား တဦး ဖြစ်တဲ့ အတွက် လူမှုရေးနပ်တယ်၊ ပထမဆုံး ထိုင်းနိုင်ငံရဲ့ အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာမယ့်သူ ဖြစ်တယ်။

ယင့်လပ်ကို အမျိုးမျိုး ဝေဖန်နေကြတာတွေလည်း ကြားနေရပါတယ်။ တချို့က သူဟာ လာဘ်စားမှုနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ကိုယ်ပွား ကလုံးလို့တောင် ဝေဖန်တယ်။ တချို့ကျတော့လည်း ၆ ပတ်တည်းနဲ့ နိုင်ငံရေးလောကကို ဝင်လာပြီး အခုလို အနိုင်ရတာဟာ မဲတွေ ဘယ်လောက်တောင် ဝယ်ထားလိုက်မလဲ ဆိုပြီး ပြောကြပါတယ်။ သူ့ ပါတီက မဲ ဝယ်၊ မဝယ် ဆိုတာတော့ သေချာပေါက် ပြောလို့ မရပါဘူး။ ဒါပေမယ့် သေချာတာတခုက မဲခိုးတာ၊ (မြန်မာအစိုးရလို) ပေါ်တင်ကြီး မဲလိမ်တာ၊ ကြိုတင်မဲတွေ ရောက်လာတာမျိုး မရှိတာပါပဲ။

ဒီနေ့ပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယင့်လပ်ရဲ့ အောင်မြင်မှုအတွက် ကြိုဆိုတယ်လို့ ပြောလိုက်ပါတယ်။ ဘာကြောင့် ကြိုဆိုသလဲ ဆိုတော့ ယင့်လပ်ဟာ ဒီမိုကရေစီ နည်းကျကျ၊ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုနဲ့ အနိုင်ရခဲ့တာ ဖြစ်လို့ ဆိုပြီး ပြောပါတယ်။ အဲဒါဟာ အဓိက အချက်လို့ ထင်ပါတယ်။

ယှဉ်စရာ မဟုတ်ပေမယ့် ကျမတို့ကိုယ်တိုင် မဲပေးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြန်သွားမယ်ဆိုရင် တချို့ ပုံစံတွေ တူနေတာ တွေ့ရပါတယ်။ အဲဒီကာလက ဒေါ်အောင်ဆန်းစုကြည် ဆိုတာကို မြန်မာပြည်သူလူထု (ကျမအပါအဝင် အများစု လူပြိန်းတွေပဲ ထားလိုက်ပါ) သိတာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်တယ်၊ ရုပ်ရည်လက္ခဏာ ကြည့်ကောင်းတယ်၊ ကျက်သရေရှိတယ်၊ အရွယ်ကောင်း အသက် ၄၀ ကျော် အရွယ် ဖြစ်တယ် ဒီလောက်ပါပဲ။ သူဟာ တိုင်းပြည်ကို ခေါင်းဆောင်နိုင်မလား၊ နိုင်ငံရေးနယ်ပယ်ထဲ ဝင်လာတာ ဘယ်လောက် ကြာနေပြီလဲ ဆိုတာ ဘယ်သူမှ မစဉ်းစားပါဘူး။ ဒါပေမယ့် သူ ရွေးကောက်ပွဲမှာ မဲ အပြတ် အသတ်နဲ့ နိုင်ခဲ့ပါတယ်။ လူအားလုံးက သူ့ရဲ့ “ခမောက်” ကို မဲထည့်ကြတာပါ။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ သူ (သူမပါတဲ့ သူ့ပါတီမဟုတ်) ဝင်ပြိုင်မယ်၊ တကယ်လည်း တရားမျှတမှုရှိမယ်၊ အခု ထိုင်းမှာ လုပ်သွားသလောက်ပဲ လူမြင်ကွင်းမှာ မဲရေခွင့်ရပြီး ကြိုတင်မဲတွေ ရောက်မလာဘူး၊ သေပြီးသားသူတွေလည်း မဲမထည့်ဘူး ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရမယ်လို့ ကျမတော့ ယုံကြည်ပါတယ်။ ပြောရရင် ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ လူတွေက NDF ပါတီကို ခမောက်ပါတီ ဆိုပြီး မဲ တော်တော်များများ ထည့်ကြပါတယ် - ဒါက စကားချပ်ပါ။

အဓိက ပြဿနာက တရားမျှတမှု မပေးနိုင်တဲ့ (စစ်) အစိုးရရဲ့ ပြဿနာ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကြောက်ကြီး ကြောက်နေတဲ့ ပြဿနာ၊ အာဏာကို လုံးဝ လွှဲမပေးချင်တဲ့ ပြဿနာပဲဖြစ်ပါတယ်။

သူ့ဘာသာသူ နိုင်ငံရေးကို သိသိ မသိသိ၊ လုပ်နိုင်နိုင် မလုပ်နိုင်နိုင် သူ့ကို ပြည်သူလူထုက ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက် လိုက်တာပါ။ သူဟာ ပြည်သူလူထု တင်တဲ့ ခေါင်းဆောင်ပါ။

မစ္စ ယင့်လပ်လည်း လောလောဆယ်မှာ ထိုင်း ပြည်သူလူထုတင်တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ သူ မလုပ်နိုင်ရင်၊ သူ့ကြောင့် တိုင်းပြည် ကမောက်ကမ ဖြစ်ရင်၊ သူ့နေရာကို သူ အလိုလို ဖယ်ပေးရမှာပါ (မဖယ်ချင်လို့ အင်အားသုံး ကြံဖန်ဖြေရှင်းရင်တော့ တမျိုးပေါ့။ သူ့ဆီမှာ ငွေအင်အားပဲ ရှိပါတယ်။ ထိုင်း စစ်တပ်ကိုတော့ သူ့အစ်ကို ဘောအသင်းဝယ်သလို ဝယ်လို့မရဘူးလို့ ထင်ပါတယ်။ မြန်မာစစ်တပ် ကိုတော့ စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဝယ်စရာမလိုဘဲ အိတ်ထဲထည့်ထားတာ ဆိုတော့ တမျိုးပေါ့)

မစ္စ ယင့်လပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် မတူတဲ့ အချက်ကတော့ မစ္စ ယင့်လပ်ရဲ့ နောက်မှာ သက်ရှိထင်ရှားတဲ့ သူ့အစ်ကို ရှိတယ်။ ကျောထောက်နောက်ခံ စီးပွားရေးအင်အားရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ဖခင်ရဲ့ နာမည် တခုပဲ ရှိတာပါ။ ဒါပေမယ့်လည်း သူ နိုင်ခဲ့ပါတယ်။ သူ့ကို ပြည်သူ တရပ်လုံးက ရွေးချယ်ခဲ့ပါတယ်။ ဒါ ငြင်းလို့မရတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငြင်းတဲ့သူတွေက အတင်း ငြင်းကြပါတယ်၊ အတိတ်ကို ပြန်မသွားနဲ့ဆိုပြီး ပစ္စုပ္ပန်မှာ လိမ်စားနေတဲ့သူတွေ၊ လိမ်မှန်းသိသိနဲ့ စားကောင်း လို့ ငြိမ်ခံနေတဲ့သူတွေလည်း ရှိပါတယ်။

ယင့်လပ်သာ ထိုင်း ဝန်ကြီးချုပ်ဖြစ်ပြီ ဆိုရင် ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ လက်တဆုပ်စာပဲ ပါဝင်တဲ့ အမျိုးသမီးခေါင်းဆောင်တဦး ဖြစ်ပြီပေါ့။

တကယ်က လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက ကျမတို့ မြန်မာနိုင်ငံမှာ အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရှိနေခဲ့ရမှာပါ။ ကမ္ဘာ့ တိုင်းပြည်တွေရဲ့ အမျိုးသမီး ခေါင်းဆောင် ခပ်နည်းနည်းထဲမှာ ထိုင်းထက် အနှစ် ၂၀ လောက်စောပြီး တဦး ပါဝင် ခဲ့ရမှာ ဖြစ်ပါတယ်။

တကယ် ဝမ်းနည်းစရာကောင်းတဲ့ အချက်ကတော့ ထိုင်းပြည်သူတွေနဲ့ ယှဉ်ရင် ကျမတို့ မြန်မာပြည်သူတွေဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်လေးတောင် မရှိဘူး ဆိုတဲ့အချက်၊ ကိုယ့်ရဲ့ အသည်းကြားက မဲတပြားတောင် ကိုယ်မပိုင်တဲ့ အဖြစ် ဆိုတာ စဉ်းစားမိပါတယ်။

မြန်မာပြည်သူအားလုံးရဲ့ ကံကြမ္မာကို အဆက်ဆက်သော စစ်အစိုးရ (စစ်အစိုးရလို့ပဲ သုံးပါမယ်) ကသာ ချယ်လှယ်ခဲ့ပြီး အခုလည်း ချယ်လှယ်ဆဲ ... နောင်လည်း ဆက်လက်ပြီး ချယ်လှယ်နေဦးမှာကို မြင်နေရပါတယ်။ စစ်တပ် (ယူနီဖောင်းနဲ့ပဲဖြစ်ဖြစ်၊ ယူနီဖောင်း ချွတ်ပဲ ဖြစ်ဖြစ်) က နိုင်ငံရေးထဲ ဝင်ရှုပ်နေသမျှ ကာလပတ်လုံး တိုင်းပြည်မှာ ဘာဒီမိုကရေစီမှ မရှိပါဘူး။

လက်ရှိ ထိုင်း ဝန်ကြီးချုပ် အဘီဆစ် ဝေ့ချာချီဝက သူ့ရဲ့ ဒီမိုကရက်တစ် ပါတီရှုံးတယ် ဆိုတာ ဝန်ခံခဲ့တယ်။ မဲကလည်း အပြတ် အသတ်ပါပဲ။ သူ နှိပ်ကွပ်ချင် နှိပ်ကွပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပေမယ့် အတိုက်အခံပါတီကို သူ မနှိပ်ကွပ်ခဲ့ပါဘူး။ စစ်တပ်ကလည်း (အခုထိတော့) ဝင်မရှုပ်ဘူး။

ထိုင်းနိုင်ငံရေးမှာ ပရိယာယ်များစွာ ရှိနိုင်ပါတယ်။ ကျမ အနေနဲ့ လူပြိန်းတယောက်လိုပဲ တွေးကြည့်ပြီး လူပြိန်းတယောက်လိုပဲ ကျမတို့ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်လို့ နှမျော မိတာပါ။

ကျမတို့ မြန်မာနိုင်ငံကတော့ အတိုက်အခံ ပါတီ စစ်စစ်ကို နှစ် ၂၀ ကျော် ဖိနှိပ်ထားပြီး အတိုက်အခံ ပါတီ အတုတွေကို လွှတ်တော် ထဲမှာ ဖန်တီးထားတယ်လို့ပဲ မြင်ပါတယ်။ ဒီမိုကရေစီ စစ်စစ်ကို ချောင်ထိုးထားပြီး လူသေအလောင်းကို ပေါင်ဒါလိမ်းထားသလိုပုံစံနဲ့ ဒီမိုကရေစီ အတုကြီးကို ပြည်သူတွေ လက်ထဲ ထည့်ထားတယ်၊ အဲဒီ ဒီမိုကရေစီ မသာကြီးနဲ့ နိုင်ငံတကာကို မျက်လှည့်ပြဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် အသက်မရှိတဲ့ အလောင်းကောင်ကြီးဆီက အပုပ်နံ့ပဲ ရမှာပါ။

ဒါကိုတောင် ပြောင်းလဲလာဦးမယ်လို့ မျှော်လင့်သူက မျှော်လင့်တုန်း၊ လွှတ်တော်ထဲကနေ ပြင်နိုင်မယ်လို့ (ပြင်မရမှန်းသိသိကြီးနဲ့) ထင်တဲ့သူတွေက ထင်တုန်း၊ တချို့လည်း စုပ်လည်းစူး စားလည်းရူးဘဝ ရောက်နေလို့ မထူးဇာတ်ခင်းမယ် ဆိုပြီး ဘီလူးဇာတ်မှန်း သိသိနဲ့ ဝင်ကဖို့ ကြိုးစားတုန်း၊ ကြားဖြတ် ရွေးကောက်ပွဲ ဆိုတာကြီးကိုလည်း အဟုတ်ထင်တဲ့သူတွေ ရှိနေတုန်းပါ (တချို့များဆို ခွဲထွက်ပြီးသား ပါတီကိုတောင် ထပ်ခွဲဦးမှာပါ) သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ ဟပ်လို့ပါပဲ။

ဘာပဲဖြစ်ဖြစ် ကျမကတော့ လောလောဆယ် ထိုင်းပြည်သူတွေကို အားကျနေမိပါတယ်။ ကိုယ်ပေးချင်တဲ့ မဲ ကို ကိုယ့်ဘာသာ (ဘာ အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်) ပေးခွင့်ရတယ်။ အနည်းဆုံးတော့ ကိုယ့်ကြမ္မာကို ကိုယ် ဖန်တီးခွင့်ရတယ်။ လူတယောက်ရဲ့ အခွင့်အရေး၊ တိုင်းပြည်တပြည်က ပြည်သူပြည်သားတယောက် ရရမယ့် အခွင့်အရေးတော့ ရနေတယ်။ ထိုင်းရဲ့ ဒီမိုကရေစီက ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဘယ်လိုပဲပြောပြော အသက်တော့ ရှိနေတယ်လို့ ဆိုရမှာပါ။

ကြားဖူးတဲ့ သီချင်းလေးတပုဒ်လိုပေါ့ ... “အားကျတယ် အားကျတယ် ... အားကျရုံပဲ တတ်နိုင်ပါတော့တယ်” လို့ ဆိုရုံမှတပါး။

အေးချမ်းမြေ့

4 comments :

  1. Anonymous said... :

    Yes,This is cent per cent true. I have agree to this commenter article,and support to this comment.Once,the famous,wealthiest and Rice pot of the country,in the region,now,turns to unpopular and becomes the poverty country in the world.The generals and their colleagues are rich, of course, but,the majorities are becomes poorer and poorer,day by day.The neighbors Chinese are sucking all of our resources,look Mandalay. Only the stupid brains will believe Burma has change or it turns to Democracy,it is bullshit. Still Than Shwe,is controlling behinds the curtains.In Europe ,many knows China,India,and Thailand.Few knows only about Burma.We feel so sad and suffered for our country.

  1. Anonymous said... :

    I have already post,concerning about this article,why,not mentioned? Many time,I have write about my feelings that I have bitterly suffered by this Government,about the Multi Million worth of lands, taking by force,by this Military Government,at Dr. Lun Swe, VOA and Irrawaddy,but, not mentioned or post,WHY? I have written about this pro government Lwin Moe,the grand son of Mergui Goringyee Indian,but,not mentioned.So sad for these articles.

  1. Anonymous said... :

    ရေးထားတာတွေကလုံးဝအမှန်တွေပါပဲ။
    ကျွန်တောထောက်ခံပါတယ်။ လူမှန်ရင်ကိုယ့်ကံကြမာကိုယ်ဖန်တီးခွင့်ရှိသင့်တယ်။

  1. Anonymous said... :

    အေးချမ်းမြေ့ခင်ဗျား
    ကျွန်တော်နဲ့ သဘောထားချင်း တထပ်တည်း တူညီနေလို့ ဖတ်ရတာ အလွန်ကောင်းပါတယ်ခင်ဗျား။ ပြောချင်တာက ကျွန်တော်တို့ဆီက အတိုက်အခံပါတီအတုတွေဟာ အခုထက်ထိ စစ်အစိုးရက ဟိုဟာ လှန်ပြထားတာကို သူတို့ စိတ်ထဲ အမဲသားတုံးမှတ်ပြီး ငါးကျပ်သားရရ တစ်ဆယ်သားရရ သဘောထားနေကြတာ ကျွန်တော်တော့ အတော်ကို စိတ်ပျက်ပါတယ်ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved