![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVtu4GFzanNaQQ5gfSCX5vf5oUIi8ygorMSh1L2rOV9avhWhzLri9vBHzcjf8kZTyjpDltAiIWpz9dShdhk15rHPbbVKGpjGgrZCvZ7279CAt6g4tEPRZ-hkXxB8t5BP9cSpjhcvO5HMVY/s400/TexasFjord+2.jpg)
တောင်ကိုရီးယားက ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ နိုင်ငံတကာ ထိုးဖောက်တယ်၊ မြောက်ကိုရီးယားကတော့ စားသောက်ဆိုင်တွေနဲ့ ထိုးဖောက်ပါတယ်။
နိုင်ငံအများအပြားရဲ့ မြို့ကြီးတွေမှာ မြောက်ကိုရီးယားအစိုးရ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ ရှိနေပါပြီ။
မြောက်ကိုရီးယားခေါင်းဆောင်ကြီးရဲ့ မဟာမိတ်ဗိုလ်ချုပ်ကြီးတွေ ကြီးစိုးတဲ့ မြန်မာပြည်မှာရော မဖွင့်ဘူးလား???
အသင့်ဖြစ်နေပါပြီ တဲ့။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် "ဆရာစံလမ်းကနေ ပုလဲကွန်ဒို နောက်ကို ၀င်တဲ့ လမ်းသွယ်လေးထဲမှာ" ဖွင့်ဖို့ စီစဉ်ထားပုံရတယ် လို့ အဲဒီနေရာကို သွားကြည့်ခဲ့တဲ့ ရန်ကုန်သားတဦးက ဧရာဝတီကို ပြောပါတယ်။
မြောက်ကိုရီးယားက ဆိုင်တွေကို မြန်မာပြည်မှာ အရင်ဆုံး ဖွင့်ဖို့ အစီအစဉ် ရှိပါလိမ့်မယ်။ ဒါပေမယ့် ဆိုင်သမားတွေကို မလွှတ်ဘဲ ဗုံးသမားတွေကို အရင် လွှတ်မိတာကြောင့် ဆိုင်ဖွင့်မယ့်အရေး နှောင့်နှေးနေတာပါ။
၁၉၈၃၊ အောက်တိုဘာမှာ မြောက်ကိုရီးယား ဗုံးသမား ၃ ယောက် ရန်ကုန်မြို့ ကို ရောက်လာပါတယ်။ အာဇာနည်ကုန်းမှာ ဗုံးတွေ ထောင်ပါတယ်။ အောင်မြင်စွာ ကွဲပါတယ်။ မြန်မာသတင်းသမားတွေ၊ တောင်ကိုရီးယား ၀န်ကြီးတွေ ပက်ပက်စက်စက် သေကြရပါတယ်။
အဲဒီတုန်းကတည်းက မြန်မာက မြောက်ကို သံအဆက်အသွယ် ဖြတ်လိုက်တာ ၂၀၀၇ အထိပါပဲ။
သံအဆက်အသွယ် ပြတ်သွားတဲ့၂၄ နှစ်အတွင်း ဖွင့်မယ် ဆိုရင် စားသောက်ဆိုင် ၁၀ ဆိုင်လောက်တော့ ဖွင့်နိုင်ပါတယ်။ မြောက်က မိုက်လုံးကြီးခဲ့မိတော့ ခုတော့ ရန်ကုန်မှာ ဆိုင်ဖွင့်မယ့်အရေးက ကကြီးရေက အဆင့်မှာပဲ ရှိနေတာ ဖြစ်ပါလိမ့်မယ်။
အာရှနိုင်ငံ အများအပြားမှာတော့ မြောက်တို့ရဲ့ စားတော်ဆက်လုပ်ငန်း ဟန်ကျပန်ကျ လည်ပတ်နေပါပြီ။ ဘင်္ဂလားဒေ့ရှ်၊ မလေး၊ အင်ဒို၊ တရုတ်၊ ထိုင်း၊ လော၊ ကမ္ဘောဒီးယား စသဖြင့် စသဖြင့်။
ဆိုင်နာမည်ကိုတော့ ပြုံယမ်း လို့ ပေးထားကြပါတယ်။
ဒီဆိုင်တွေမှာ ကင်မ်ချီနဲ့ချက်တဲ့ ထမင်း ဟင်း ခေါက်ဆွဲတွေ ရမှာ သေချာပါတယ်။ ဆိုင်တိုင်းမှာ ကိုရီးယား ရိုးရာ ခွေးသားဟင်းတွေ ရမရတော့ မသိရသေးပါ။ ကိုရီးယားက နိုင်ငံသာ တောင်နဲ့မြောက် ဖြစ်နေပေမယ့် အစားအစာကတော့ သိပ်မကွာဘူးလို့ အစားအသောက် အကဲခပ်သမားတွေက ဆိုပါတယ်။
ဆိုင်စားပွဲထိုးတွေ စွယ်စုံရပုံကို စားသုံးသူတွေက မှတ်တမ်းတင်ပြီး You Tube ၀က်ဆိုက်မှာ တင်ထားကြပါတယ်။ ဆိုတဲ့ သီချင်းတွေထဲမှာ စတီရီယိုခေတ်ဦး ABBA အဖွဲ့ သီချင်းတွေကနေ စစ်သီချင်းတွေအထိ ပါပါတယ်။
ဒါဆို ရန်ကုန်ဆိုင်ခွဲမှာလည်း စွယ်စုံရစားပွဲထိုးတွေရဲ့ အစွမ်းကို တွေ့ရမှာပေါ့။
ကိုရီးယားဇာတ်လမ်း နန်းတွင်းရတနာ ထဲကလို ဂါဝန်ဖားဖားကြီးတွေဝတ်ထားတဲ့ အမျိုးသမီး ၈ ဦးလောက် ဆိုင်ထဲမှာ တွေ့ရတယ်လို့ ရန်ကုန်သားတယောက်က ဆိုပါတယ်။ ဆိုင်ကတော့ မဖွင့်သေးပါ။
အင်တာနက် သတင်းတွေအရ ဆိုရင် ဒီလိုဆိုင်တွေမှာ လုပ်ခွင့်ရဖို့ကို မြောက်ကိုရီးယား အရာရှိခပ်ကြီးကြီးတွေရဲ့ သမီးတွေ ဖြစ်ရမယ် သို့မဟုတ် နီးစပ်ရမယ် တဲ့။ ဆင်းရဲတဲ့ မြောက်မှာ နိုင်ငံခြားထွက်အလုပ်လုပ်ဖို့ ဆိုတာ မဟာအခွင့်အရေးပါ။
နိုင်ငံတကာရောက် ကိုရီးယားခေါင်းဆောင်ကြီးရဲ့ စားသောက်ဆိုင်တွေက ပြန်ပို့တဲ့ငွေတွေက နောက်ဆုံး ဘယ်နေရာကို သွားမလဲ။
ကင်ဂျုံအီးတို့သားအဖအတွက် ဇိမ်ခံပစ္စည်းတွေ ၀ယ်တဲ့နေရာမှာ သုံးမလား။
အာဟာရချို့တဲ့နေတဲ့ပြည်သူတွေအတွက် သုံးမလား။
ဒုံးပျံတွေ ဗုံးတွေ လုပ်တဲ့ ပရောဂျက်ထဲ ထည့်မလား ဆိုတာကတော့ ခေါင်းဆောင်ကြီးတို့ပဲ သိနိုင်မှာပါ။
အင်တာနက်သတင်းတပုဒ်မှာတော့ ဆိုင်တွေက နှစ်စဉ် ဒေါ်လာ တသောင်းကနေ သုံးသောင်းအထိ ပြန်ပို့ပေးရတယ်လို့ ဆိုတယ်။
ရန်ကုန်က ဗွေဆော်ဦးဆိုင်ကရော အလုပ်ဖြစ်ပါ့မလား???
ဖြစ်မှာပါ။ ကိုရီးယားရောဂါက မြန်မာပြည်မှာလည်း အကြီးအကျယ် ထ နေပြီ မဟုတ်လား။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsNLlczz4OyGebHJE6p04NNwdguKbg_d_BzassofNi-wjKVBMId-pEB8zhHsiDF9w177OOLh2DqpzVQM-nZ0XoKa79UR20Uzddd9kJsUnR2SJd8jRtNZpWNLnBr1zIU_almWgIjVxvm8Fh/s400/Jakarta.jpg)
စားပွဲထိုးတွေက ဆို၊ က၊ တီး လည်း ကျွမ်းတယ်လို့ ဆိုတယ်။ (ဓာတ်ပုံ - Ed Wray)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyzUdR0K22W8fDsai9kZ8NniAa6U9DobWV2GdHefLmp5MAoIV7lNwoMO4dnDWm3CzlZnLSvNLPokhgbOv1CIpFNPehFbgNwc3irkTCyW6aSiuiVUJDhBRTpMJFWwUZ2EHpTGeWm3Z0dv3X/s400/TexasFjord+1.jpg)
Ha,
I am ready to go there.
Let me know when they start, please.
kk