အောင်ဆန်းက ကျွန်တော့်ကို ငုံ့ကြည့်နေတယ်…

Thursday, July 21, 2011

(Photo - the world of statues)

(၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဘားအံ အကျဉ်းထောင်မှ ဘလော်ဂါ နေဘုန်းလတ်က ဂုဏ်ပြုဖွဲ့ဆိုသည့် ကဗျာ)

သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ မာန်မာနတွေ သိမ်ဖျော့မှေးမှိန်သွား
ကြီးမြတ်သော ပေးဆပ်စွန့်လွှတ်ခြင်းမှာ
လုပ်မြဲအလုပ်တစ်ခုလို သူရိုးရှင်းတည်ငြိမ်ခဲ့ပုံက
အသံကျယ်တဲ့ သင်္ကြန်အမြောက်တွေကို အရှက်ရစေခဲ့
သူ့မျက်နှာက ခက်ထန်မာကြောသယောင်ယောင်
ဒါပေမယ့် … သူ့ရဲ့ အားပြင်းတဲ့ စိတ်အလင်းရောင်မှာ
သူ့ရဲ့ တည်ကြည်လေးနက်ခြင်းက မဲညစ်ပိတ်မှောင်မနေခဲ့
တိုင်းပြည်နဲ့လူမျိုးကို ချစ်ခြင်း
လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးခြင်း
သူ့နှလုံးသားက အဲဒီအားနှစ်ခုတည်းနဲ့ ထိန်ထိန်လင်းတယ်
အဲဒီအလင်းကို ကျွန်တော့်ရင်ဘတ်ဆီ နှလုံးသားချင်း ချိတ်ဆက်စီးကူး
ကျွန်တော့်ရင်ခုန်သံတွေ ပူနွေးပြင်းရှမှုတစ်ခုနဲ့ တက်ကြွတောက်မြူးခဲ့ … ။

သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ သိမ်ငယ်စိုးထိတ်မှုတွေ အားပျော့ကင်းစင်သွား
သူ့ရုပ်သွင်ရဲ့ သတ္တိရသက
ကျွန်တော့်စိတ်ဓါတ်ကို ဆွဲယူထူမတယ်…
သူ့သွေးတွေရဲ့ လတ်ဆတ်ပူနွေးမှုက
ကျွန်တော့်သွေးကြောတွေထဲ ဖောက်ဝင်စီးဆင်းတယ်…
ကျွန်တော့်အခန်းကျဉ်းလေးရဲ့ တိတ်ဆိတ်မှုထဲမှာ
သူ့စကားသံတွေ အသံမဲ့ပဲ့တင်ထပ်
တစ်သားတည်းကျသွားတဲ့ စိတ်ဓါတ်ခွန်အားနဲ့
သူမက်ခဲ့တဲ့ အိပ်မက် ကျွန်တော် ဆက်မက်တယ်
တစ်ထပ်တည်းကျသွားတဲ့ ရင်ခုန်သံစည်းချက်နဲ့
သူပျိုးခဲ့တဲ့ တစ်ပွင့်ပန်း ကျွန်တော် ဆက် လက်ဆင့်ကမ်းမယ်
သူချစ်ခဲ့သော တိုင်းပြည် သူမျှော်လင့်တဲ့အတိုင်း တည်စေဖို့
နီစွေးပြတ်သားသော ရဲရင့်ခြင်းနဲ့
ကျွန်တော် ရှေ့ဆက်ချီတက် ထမ်းရွက်မယ် …။

ကျွန်တော်တို့လမ်းရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ
သူလျှောက်ခဲ့ရတဲ့လမ်းလောက် ဆိုးဝါးပြင်းထန်ခဲ့သလား
ကျွန်တော်တို့ခရီးရဲ့ ရှုပ်ထွေးခဲယဉ်းမှုတွေ
သူနှင်ခဲ့ရတဲ့ခရီးလောက် ပွေလီကျပ်တည်းခဲ့သလား
ဦးနှောက်တွေ ဆူဝေပေါက်ကွဲလုမတတ်
သူတွေးခေါ်တွက်ချက်ခဲ့သလောက်
ကျွန်တော်တို့တွေ ဘယ်နှစ်ယောက်များ အားထုတ်ခဲ့ကြဖူးသလဲ
အိပ်လဲ ဒီစိတ် စားလဲ ဒီစိတ် သွားလဲ ဒီစိတ်နဲ့
သူ စွဲစွဲလမ်းလမ်း တောင့်တရယူပေးခဲ့တဲ့ လွတ်လပ်ရေး
အဲဒီ… လွတ်လပ်ရေးဆိုတာအတွက်
ကျွန်တော်တို့ သူ့လောက် ရူးသွပ်ပေးဆပ်ခဲ့ကြရဲ့လား
မေးခွန်းတွေများစွာက
ကျွန်တော့်ရင်ကို တွန်းထိုးတူးဆွကြ
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ကိုယ်ကျွန်တော် အားမလို အားမရ ဖြစ်မိတုန်းပဲ …. ။

နေဘုန်းလတ်

11 comments :

  1. ကောင်းလိုက်တဲ့ ကဗျာလေးကွာ ညီလေးနေဖုန်းလတ် ကျန်းမာပါစေ နရသိန် ငရဲခန်းကနေ အမြန်ဆုံးပြန်လွတ်ပြီး တိုင်းပြည်အတွက် ထမ်းရွက်နိုင်ပါစေ ညီတိုလို အငါဂတ်မျိုးဆက်တွေကို စနစ်တကျ ဖျက်စီးတဲ့ သူတွေကျဆုံးပါစေ

  1. Anonymous said... :

    That is really a touching and movie poem....that we should reflect on what we are doing for our country when we think of our leaders who gave up even their life for the freedom of their beloved country.....Good health and Peace to Nay Hpone Latt!!!!

  1. Anonymous said... :

    လေးစားပါတယ်။

  1. Anonymous said... :

    တထပ်တည်း ခံစားမိပါတယ်။ ကိုနေဖုန်းလတ်က ဗိုလ်ချုပ်ကိုကြည့်ပြီး ကို့ကိုယ်ကို အားမရပေမယ့် ကျွန်တော်က ကိုနေဖုန်းလတ်ကိုကြည့်ပြီး ကို့ကိုယ်ကိုအားမရဘူး။ အများကြီး ကြီးစားရဦးမယ်။

  1. Anonymous said... :

    အများအတွက် အနစ်နာခံတဲ့ စိတ်ဓာတ်ကိုက အာဇာနည်စိတ်ဓာတ်ပါ ကိုနေဘုန်းလတ်။ အားမလျော့ပါနဲ့လို့ပဲ ပြောပါရစေဗျာ။ အပေါ်က အကိုတယောက်ပြောသလိုပဲ ကိုနေဖုန်းလတ်က ဗိုလ်ချုပ်ကိုကြည့်ပြီး ကို့ကိုယ်ကို အားမရပေမယ့် ကျွန်တော်က ကိုနေဖုန်းလတ်ကိုကြည့်ပြီး ကို့ကိုယ်ကိုအားမရဘူး။ အများကြီး ကြီးစားရဦးမယ် ဆိုတာလိုပဲ .. ကျနော်တို့ အများကြီး ကြိုးစားရဦးမှာပါ။

  1. thiha nyi said... :

    I respect. to you

  1. Anonymous said... :

    နေဘုန်းလတ် ဆိုတာ ဘယ်သူလဲ ခင်ဗျ မသိလို့ပါ၊ ကျွန်တော် သိတဲ့ ကဗျာ ဆရာတွေထဲမှယလဲ မကြားမိလို့

  1. Anonymous said... :

    သြော် နေဘုန်းလတ်ကို မသိတဲ့လူရှိသေးတာပဲ ဒုက္ခ၊၊

  1. Anonymous said... :

    http://nayphonelatt.blogspot.com/http://www.ifex.org/awards/2010/04/14/award_to_imprisoned_blogger

  1. Anonymous said... :

    အဖမ်းခံထားရတဲ့နေဘုန်းလတ်ကလွတ်လာပြီးကဗျာရေး
    တာလား။ ဘယ်လိုလဲ။

  1. Anonymous said... :

    စာကို သေချာ ဖတ်ပါလေ

    (ဘားအံ အကျဉ်းထောင်မှ ဘလော်ဂါ နေဘုန်းလတ်က ဂုဏ်ပြုဖွဲ့)

    အပေါ်မှာေ၇းထားတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved