ရင်နာလေပိုချစ်လေ နှင့် တာချီလိတ်လေဆိပ်

Saturday, August 27, 2011


မင်းကိုကို ၊ သြဂုတ်၊ ၂၆

Photo: (http://www.kkndtravels.com)
မယ်ဆိုင်မြို့ မှထွက်မည်ဟု ဆုံးဖြတ်လိုက်သော. အချိန်က ည ၁၁ နာရီဖြစ်နေသည်။

အိမ်ကိုလွမ်းနေသည်၊ မိသားစုကို လွမ်းနေသည်ကလည်း ကြာပြီ။

အိမ်က အမေချက်ကျွေးနေကျ ဟင်းများကို တ၀စားနိုင်တော့မည်… အမိမြေ၊ အမိလေကို တ၀ရှုရင်း ငယ်သူငယ်ချင်းများနှင့်လည်း သဝေ ထိုးနိုင်တော့မည်။

အတွေးများက မိုးတိမ်တွေလို ပုံစံမျိုးစုံဖြင့် လွှင့်နေသည်။ တယောက်ထဲ တီးတိုးကာ စကားတွေပြောနေသည်။ နောက်တော့မှ သတိရသည်… လက်မှတ်ဝယ်ရဦးမည်ပဲ။ အိမ်ကို အမြန်ဆုံး ရောက်နိုင်ဖို့ နည်းလမ်းမှာ လေယာဉ်နှင့်ပြန်ဖို့ တနည်းထဲသာရှိသည် မဟုတ်လား။ ညတွင်းချင်းပင် အကူအညီပေးနိုင်မည့် သူငယ်ချင်းဆီိသို့ ဖုန်းဆက်ရသည်၊ သူငယ်ချင်းကလည်း ချက်ခြင်းပင် Air Bagan မှ သူ့သိသောဝန်ထမ်းတဦးကို ဖုန်းဆက်ပေးသည်၊ လက်မှတ်တစောင်တော့ကျန်သေးသည်၊ လေယာဉ်က မနက်ဖြန် ၁၁ ထွက်မည် ဆိုတော့ ပျော်လိုက်သည်ဖြစ်ခြင်း။ တို့နိုင်ငံကလည်း တိုးတတ်နေပြီကွ ဟု အော်ဟစ်ကာ ပြောချင်နေသည်။ တော်တော်နှင့်ဆို လေယာဉ်လက်မှတ်ရဖို့က မလွယ်၊ အခုတော့ လွယ်လွယ်နှင့်ပင် ရလိုက်သည်။ ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူနိုင်ဖို့ စောင့်နေသည်က ကြာပြီ၊ မရှိသည့်ကြားက ကြံဖန် ဂုဏ်ယူ အော်ဟစ်ခဲ့ရသော ရက်များကလည်း မနည်းတော့။ ကြုံ၍ ဖောက်သည် ချရဦးမည်… ထို့နေ့က အမေ ဒေါ်စုလွတ်ပြီ … ဆိုသည့် သတင်း ထွက်လာသည်။

မိမိအတွက် ဆယ်တန်းအောင်စာရင်း ကိုယ်တိုင်ကိုယ်ကျ ကြည့်သည်ထက် ပို ရင်ခုန်ဖို့ ကောင်းနေသည်…ကျနော်အပါဝင် သူငယ်ချင်းများ ထိုညက အိပ်မပျေုာ်နိုင်ခဲ့ပါ။ ရင်ဘက်ကြီး ကော့ကာ၊ မော့ကာဖြင့် မယ်ဆိုင်တခွင် ပြဲပြဲစင်အောင် လည်ပစ်သည်။ ငါတို့နိုင်ငံလည်း မကြာခင် မင်းတို့ထက် တိုးတတ်တော့မှာကွ၊ တို့အမေလည်း လွတ်ပြီ။ တို့တွေလည်း မယားကျွန်၊ အလုပ်သမားကျွန် အဖြစ်ကနေ လွတ်တော့မှာကွ ဟု ရင်ထဲက အော်ဟစ်ရင်း လည်ပတ်ဖြစ်ခဲ့သည်။ ထိုပျော်ရွှင်မှုသည် သိပ်တော့ ကြာကြာ မခံလိုက်ပါ၊ ၀တ်စုံဖင်ကျပ်ရဲသားတသိုက် ကျနော်တို့ လွတ်လပ်မှုအား စိန်ခေါ်ဖို့ ရောက်လာကြသည်။ (ထိုင်းရဲများသည် ကိုယ်တိုင်းဖြင့် ဖက်ရှင်ကျကျ ၀တ်စုံများအား ချုပ်ဝတ်ကြရသည်၊ ၀တ်စုံခိုးခံရပါက၊ ခိုးသောသူ ၀တ်၍ မရနိုင်အောင်ဟု ဆိုသည်၊ ၀တ်စုံကိုကြည့်ကာ ထိုင်းရဲအတု၊ အစစ် ခွဲခြားသိစေရန် ရည်ရွယ်သည်ဟု ထိုင်းသူငယ်ချင်းတယောက်ပြောပြသည်၊ ကျနော်တို့ကတော့ ဖင်ကျပ်မကျပ် ကြည့်ကာ ရဲတုမတု ဆုံးဖြတ်သည်။)
မင်းတို့ ဘယ်ကလဲကွ ရဲသားကြီးက မေးသည်၊ အင်း..ဟုတ်…..အို…ဟို..ဖားမား ကပါ။

(သူုတို့က မြန်မာလူမျိုးများအား ဖားမားခေါ်သည်၊ အသံ အတက်အကျအရတော့ နှိမ်ခေါ်သည့်သဘောဖြစ်သည်။) Passport ပေး၊ ဟုတ်ကဲ့… ။

ညဆိုတော့ မပါပါဘူးခင်ဗျ။ အေး … ရဲစခန်းလိုက်မလား၊ …………………၊ အနှစ်ချုပ်တော့ ပိုက်ဆံပေးလိုက်ရသည်ပေါ့။ ထိုင်းသူငယ်ချင်းတယောက် ပြောပြသည်က တို့ရဲတွေက မိန်းမနှစ်ယောက်လောက် ယူကြတယ်ကွ၊

ညကြတော့ သူတို့က မိန်းမငယ်အတွက် ရှာတယ်၊ နေ့ကျတော့ မယားကြီးအတွက် ရှာတယ် ။
မြန်မာများကြားတွင်လည်း ပြောကြသည်က ထိုင်းရဲမှန်ရင် မယားငယ်နဲ့ ဆိုင်ကယ်တစီးတော့ ရှိသည်ဟူ၏။

လက်မှတ်လည်း ရပြီ၊ ခွင့်ရက်ရှည်လည်းရပြီဆိုတော့ မနက်ဖြန် ကျနော် ပြန်ရတော့မည်၊
တခြားအရာများကိုလည်း တွေးမနေချင်တော့ပါ…
အတွေးများဖြင့် အိပ်မပျော်ခဲ့သောကြောင့် မနက်နိုးတော့ အားက သိပ်မရှိလှ၊ သို့သော်
ခွန်အားများပေးသနားတော်မူသည်မှာ အမိတိုင်းပြည်သို့ ပြန်မည်ဟုသော စိတ်က ဖြစ်သည်။

အထုတ်များ ထုတ်ပိုးကာ နံနက် ၈ နာရီခန့်တွင် အိမ်မှ ထွက်သည်။ အိမ်ကိုပြန်ဖို့ ခိုးကာ ၀ှက်ကာ ချောင်းဖြတ်ရဦးမည်… ။

ဘတ်ငွေ ၆၀၀ ကုန်မည်ဟု သိထားပြီးဖြစ်သောကြောင့်၊ ထိုင်း Taxi အားပြောလိုက်သည် ၆၀၀ တန်၊ ချောင်းကိုပို့၊ ၁၀ မိနစ်လောက် စီးပြီးသော်၊ အိမ်တအိမ်နောက်သို့ ရောက်လာသည်၊ ချောင်းလေးက မကြီးပါ လှေကလေးတစင်းအား တံတားအဖြစ် အသုံးပြုကာ ချောင်းအားဖြတ်ထားသည်။ တဖက်စီတွင် ရဲသားများအား တွေ့ရသည်။

သည်ဖက်က ၃၀၀၊ ဟိုဖက်က ၃၀၀ မျှစား ဝေစားကြသည်ပေါ့၊ ကျနော် အလိုက်သိပါသည်။
အိတ်ကပ်ထဲမှ ဘတ် ၆၀၀ ထုတ်ပေးလိုက်သည်။ လှေပေါ်ရောက်သည်နှင့်လှေကို ဟိုဖက်ကမ်းသို့ ဦးမော့လိုက်သည်၊ လှေကလေးပေါ်မှ ဖြတ်ကာ ဟိုးဖတ်ကမ်းဆီသို့ ကျနော်ရောက်ခဲ့သည်။ ကျွန်တော့် အိမ်ပြန်ခရီးကား ဤနေရာမှ စတင်ခြင်းဖြစ်သည်။

ဟိုတဖက်ကမ်းရောက်သည်နှင့် မင်း … ဘယ်တုန်းကွ။ နေကာမျက်မှန်ကြီးနှင့် မြန်မာရဲသားကြီးကပြောသည်။

အကို ကျနော် အိမ်ပြန်မလို့ပါခင်ဗျ၊ မင်းအထုတ်တွေကို ပြစမ်း။ လှန်သည်လောသည် ဖွသည်ပေါ့၊ အေး…ဟို ဆိုင်ကယ်ပေါ်တက်။ ဆိုင်ကယ်ခ ဘတ် ၁၀၀ ကျမယ်ဟု ဆိုသည်။ ရဲသားတရောက် ရောက်လာပြီး အထုပ်များ ဆွဲသွားသည်။ လမ်းရောက်တော့ ရဲသားကြီးက မင်း သိထားဖို့က ချောင်းဖြတ်တယ် ဆိုတာ ဒါဟာ ရာဇ၀တ်မှုပဲ၊။ မင်းကို ရဲစခန်းမပို့ပါဘူးကွာ၊ ၂၀၀လောက်တော့ ဘီယာဖိုး ပိုပေး၊ ကြားလား၊ သြော် …ဟုတ်ကဲ့ပါ ဦးကြီး၊ အသားထဲက လောက်ထွက်ကြသည်ကိုး၊ စိတ်မကောင်းပါ။

သို့သော် အိမ်သို့ပြန်မည်ပဲ၊ ဒါကတော့ ပြသနာမရှိလှ၊ မေ့ထားလိုက်သည်။

နောက် တာချီလိတ် Air Bagan လက်မှတ်ရောင်းရာသို့ ရောက်လာသည်။ ရှင်းစရာရှိသည့်ပိုက်ဆံ ရှင်းပေးလိုက်သည်။

လေယာဉ်ကွင်းကို ၁၁ နာရီအရောက်သွားရမယ် ဟု လက်မှတ်ရောင်းက မှာလိုက်သည်…အချိန်ကိုကြည့်တော့ ၉ နာရီ မထိုးသေး၊ ဗိုက်ကလည်း ဆာသည်နှင့် ဆိုင်တဆိုင်တွင် ၀င်စားသည်။ ရှမ်းခေါက်ဆွဲ ဆိုင် ဖြစ်သည်၊ ဘတ် ၂၀ ကျသည်၊

ရေနွေးကြမ်းတော့ အလကားရသည်။ ထိုင်းနိုင်ငံတွင် ဆိုလျှင်၊ ရေနွေးကြမ်းကိုပင် ပိုက်ဆံပေးသောက်ကြရသည်၊ ၁၀ ဘတ် နှင့် ဘတ် ၂၀ ကြား ရှိသည်။

မြန်မာလူမျိုးတို့၏ စေတနာနှင့်သဒါတရားအကြောင်း ကြံဖန်ကာ ဂုဏ်ယူလိုက်ရင်း…လေဆိပ်သွားဖို့ ပြင်ဆင်ရသည်။

ဆိုင်ကယ် Taxi တစီးအား လက်ပြကာ လေဆိပ်သို့ ပို့ခိုင်းသည်၊ ဘတ် ၈၀ ကျသည်။

ကျနော့်အား လိုက်ပို့ပေးသော Taxi မောင်းသူမှာ၊ ၁၅ နှစ် အရွယ် ကောင်လေးတယောက်ဖြစ်သည်။ ကျနော်လည်း စပ်စုလိုသဖြင့် ညီရေ … ကျောင်းမတတ်ဘူးလားကွ ဟုမေးရာ သူက မတတ်ပါဘူးအကိုရာ၊ အမေက အိုပြီလေ၊ အမေ့မှာ သား၊ သမီး ဆိုလို့ ကျနော်တယောက်ထဲရှိတာ၊ အမေ့ကိုကြည့်ရမယ် အကိုရ၊ အမေကနေလည်း သိပ်မကောင်းတော့ဘူး၊ အမေ့အတွက် ဆေးဖိုးရယ်၊ အိမ်ခန်းခရယ်နဲ့ ဒီစာသင်ကျောင်းဖက်ကို မလှည့်နိုင်ပါဘူးအကို။ အရင်တုန်းကတော့ ကျောင်းရှေ့က ဖြတ်လို့ သူများတွေ ကျောင်းဝတ်စုံတွေနဲ့ တွေ့ရင် အရမ်း ကျောင်းတတ်ချင်ခဲ့တာ။ အခုတော့ ဘာမှ မဟုတ်တော့ပါဘူး အကိုရာ …………။ ဆိုင်ကယ်ကရောညီ၊ ကိုယ်ပိုင်ပဲလား။ ဟုတ်တယ်အကို၊ ဆိုင်ကယ်ကိုတော့ အမေ့ ဆွဲကြိုးလေး ရောင်းပြီး ၀ယ်ထားတာ………။

၁၅ နှစ်နှင့် မမျှတအောင် သွက်လက်လှသည့် ကလေးငယ်လေးဖြစ်သည့် အလျောက် သူပြောသည့် စကားများကို အခုထိ ကြားယောင်နေတုန်းပင်ရှိသေးသည် … “ဒီမှာကတော့ မသွက်ရင် ခံရမှာပဲ အကို၊ နယ်စပ်ဆိုတော့ လူတွေက စုံတယ်လေ”။

စကားတပြောပြောနှင့် ကျနော်တို့ တာချီလိတ်လေဆိပ်သို့ ရောက်လာသည်။

လေဆိပ်အဆောက်အအုံ အပြင်ဖက်တွင်၊ လူအစုအဝေးများ တွေ့ရသည်။ တချို့ကလည်း မြက်ခင်းပြင်တွင် ထိုင်လို့၊ တချို့ကလည်း မိုးတိုး မက်တပ်ဖြင့်၊ အထုတ်အပိုးတွေကလည်း ဟိုဖက်မှာ တစု သည်ဖက်မှာ သစု၊ ကျနော် စဉ်စားမိနေသည်၊ ဘာတွေ လုပ်နေကြသနည်းပေါ့။

Taxi သမားလေးက မေးသည်၊ အကို ဘယ်မှာ ရပ်မလဲ၊ လေဆိပ်ကို မြင်နေရပြီ၊ အဲ့ဒီထဲမှာရပ်မည်ပေါ့ ၊ မလုပ်နဲ့အကို ခုလေဆိပ်ထဲ ၀င်ခွင့်မရသေးဘူး၊ သူတို့လေဆိပ်ဖွင့်မှ ၀င်ရမယ်၊ အခုတော့ အပြင်မှာ စောင့်ရမယ်။

လူက ကြောင်တောင်တောင်ဖြစ်သွားသည်၊ အဆောက်အအုံ အကြီးအမား ရှိသော်လည်း နေပူထဲ ရပ်ရဦးမည် တဲ့… အင်းလေ … အိမ်ပြန်မည်ပဲ ပြဿနာမရှိလှ`၊ ရပ်မည်ပေါ့။

လူအစုဝေးဖက်မှာ မရပ်လိုသဖြင့်၊ ကိုယ့်လို တကိုတည်းသမား ဦးလေးကြီးတယောက် အနီး ရပ်လိုက်သည်။ ထိုဦးကြီးက ရေဒီယိုလေးတလုံးဖြင့် လိုင်းတွေဖမ်းနေသည်၊ ဘာလိုင်းတွေမှန်းတော့ ကျနော်လည်း မသိပါ။ စကားပြောလိုသဖြင့် သူ့နား ကပ်သွားသည်။ ဘယ်ကို လည်း ကောင်လေး သူက စမေးပါသည်.။ ရန်ကုန်ကိုပါ အကို။ ဒါနဲ့ အကိုကရော ဘယ်တုန်းဗျ။ ကိုက မနလေး၊ ဒါဖြင့် လေယာဉ် မတူဘူးပေါ့နော် အကို။ အတူတူပဲလေ ညီ၊ ဟဲဟိုး၊ ရန်ကုန်၊ မန္တလေးကို တစီးထဲပဲလေ၊ အတူတူ စီးကြရမှာ၊ ပထမ ဟဲဟိုးကို ဆင်းမယ်၊ ပြီးတော့ မန္တလေး ရန်ကုန်ကို ဆက်သွားမှာ။ ဒါနဲ့ ကောင်လေး ထိုင်းပိုက်ဆံတွေ ပါလားကွ၊ ပါရင် ဖွက်ထားဦးနော်၊ အရမ်း ရစ်တာ။ ပြီးတော့ မလိုအပ်တာတွေ အကုန်ဖွက်သွား။ အစစ်ဆေးကြမ်းတယ်ကွ။

ကြားတာနှင့်တပြိုင်ထဲ ကျနော် ပြေးရသည်။ ပိုက်ဆုံတွေ ဖွက်၊ ဖုန်းတွေ ဖွက်၊ ရစ်ချင် ဖုန်းကတ်ကိုတောင် စစ်တာ မြန်မာ ဖုန်းကတ် မဟုတ်ရင် သေပြီသာမှတ်။ … ဘယ်ရမည်နည်း ကျနော်လည်း ဖွက်သည်ပေါ့…။ နောက် အချိန်တော်ကြာစောင့်ပြီးနောက် ဂိတ်စောင့်က ကြေညာသည် ခင်ဗျားတို့အားလုံး အားလုံး ၀င်လို့ပြီ…ကျနော်တို့လည်း ၀င်ကြသည် အဆောက်အအုံကြီးထဲမ၀င်ခင် ထိပ်ဆုံး တွေ့ကြုံရသည်မှာ မှတ်ပုံတင် စစ်ခြင်းဖြစ်သည်…လေယာဉ်ကွင်း တာဝန်ခံလူကြီး… အဲ မှားလို့ အရာရှိ ဘဘကြီးက စစ်သည်၊ မှတ်ပုံတင်ကို ရှေ့သို့တခါ နောက်သို့တခါ ထောင်ကာ လှန်ကာ ဖြင့်စစ်သည်… ထိုစစ်ခြင်းကိုအောင်မြင်ပြီးနောက်တွင် အဆောက်အအုံထဲသို့ ၀င်ခွင့်ရသည်…

အဆောက်အအုံက ကျယ်ပါသည် အဲကွန်းတော့မရှိပါ…ကော်ဖီဆိုင် တဆိုင် နှင့် စစ်သည်တော်များ Air Bagan လေယာဉ်ဝန်ထမ်းများက နွေးထွေးစွာ လှိုက်လှဲသော အပြုံးများဖြင့် ကြိုဆိုသည်ဟု ထင်လျှင် မှားပါလိမ့်မည် ၊ ဤနေရာတွင် ကျနော်တို့က တရိစ္ဆ`ာန်သာသာ ပဲရှိသည်။ မော့ကြည့်နေရသည်၊ ကြောက်နေရသည်၊ အခါခွင့်မသင့်လျှင် နရင်းပါ အုပ်ခံရဖို့ရှိသည်…။ မြန်မာစံတော်ချိန် ၁၂ နာရီကျော်ခဲ့ပြီ။ Boarding Pass မလုပ်ရသေးပါ…

ဒါနှင့်မေးရသည် လေယာဉ်က ၁၁ ထွက်မှာ မဟုတ်လားခင်ဗျာ… အေး မင်းကိုပြောမယ် လေယာဉ် မရောက်သေးဘူး ရောက်မှ မင်းတို့တွေကို ငါတို့ပြောမယ် ခု ဒီမှာပဲ ထိုင်နေ…။ ဗိုက်ကဆာသည်နှင့် ကော်ဖီဆိုင်ထဲသို့ ၀င်ထိုင်ကာ ကော်ဖီတခွက် မှာလိုက်သည်၊ ကြည့်နေရင်းနှင့် စစ်သည်တော် ၀န်ထမ်းများ ဆိုင်ထဲသို့ ၀င်လိုက် ပြန်ထွက်သွားလိုက်… တယောက်ပြီး တယောက် ၀င်တချီ ထွက်တချီ ဘာလုပ်နေကြသနည်းပေါ့၊ ကျနော် အတော့ကို စိတ်ဝင်စားသွားသည်၊ ထိုင်နေသည့်နေရာမှာ ချောင်နည်းနည်းကျသောကြောင့် ရှေ့တိုးထိုင်လိုက်သည်၊ သိလိုသည့်စိတ်က ပြင်းထန်လာပြီးမဟုတ်လား…။

တွေ့ပါပြီ … အကောင်းစား အရက်ပုလင်း နှစ်ပုလင်းကို ဖောက်ထားသည်။ ၀င်လာလိုက် မော့လိုက် ကျနော် တို့ကို အော်ဟစ်လိုက် နှင့် ဇိမ်အပြည့်ခံနေကြသည်။ စိတ်ညစ်ညစ်နှင့် ကြည့်နေလိုက်သည် ၂ နာရီိထိ ထိုးသွားခဲ့သည်။ ကဲ … အတွင်းအဆောင်ထဲ ထပ်ဝင်ကြရမယ် လာအစစ်ခံကြပါဟု ကြေညာသံကြားသည် နှင့် တန်းစီရပြန်သည်၊ အ၀တ်အိတ်များကို X-Ray ဖြတ်ဖို့ စက်ထဲသို့ ထည့်လိုက်ရသည်။ တန်းစီကာ အစစ်ခံပြီးနောက် ကိုယ့်အိတ်ကို ယူရသည်၊ အစစ်ခံပြီးနောက် အိတ်ကို သွားယူဖို့ပြင်တော့ မင်းအိတ်ကို စစ်ရမယ် ဟု ဆိုကာ စစ်တော့သည်၊ ဟုတ်သည် ကျနော်လည်း ထိုအရာများကို သယ်မိသည်ကိုး၊ ဟော ထွက်လာပါပြီ … ဖုန်းအားသွင်းသည့် ကြိုးနှစ်ချောင်း … ဒါကို အိတ်ထဲသည်ခွင့်မရှိဘူး၊ သွား Air Bagan ကောင်တာမှာ သူ့အတွက် ပိုက်ဆံသွားပေးချေ… ဒါနှင့် ကျနော်လည်း သွားဖို့ပြင်သည်၊ ပြည်သူချစ်သော တပ်မတော်ဝန်ထမ်းတဦးက မင်းကိုယ်တိုင်သွားလို့မရဘုး၊ ငါသွားပေးမှရမယ် ဟုဆိုကာ ထို ကြိုးနှစ်ချောင်း သယ်သွားသည်၊ ပြန်လာတော့ ပိုက်ဆံတထောင်ပေးဟု ဆိုကာ အတင်း တောင်းတော့သည်… ကျနော်တို့ ပြည်သူများက သဘော ကောင်းပါသည်၊ ထုတ်ပေးလိုက်ရပြန်သည်၊ အိတ်ကလေးကို ကိုင်ကာ နောက်အဆောက်အအုံထဲ ၀င်မည်ပြင်တော့ အပေါက်ဝတွင် နောက်ထပ် စစ်ဆေးရေးကိုတွေ့ရသည် ထုံးစံအတို်င်း မှတ်ပုံတင်ကို ကြည့်ကာ မေးခွန်းတွေမေးပြန်သည်။

ပြီးပြီထင်လျှင် မှားလိမ့်ဦးမည်…ထို စစ်ဆေးရေးကိုဖြတ်ပြီးနောက် အတွင်းသို့ရောက်သည်နှင့် အမှောင်ခန်းတခန်းသို့ ၀င်ရသည်၊ ဒီတခါတော့ One By One စစ်ခြင်းဖြစ်သည်။ ယောက်ျားကို ယောက်ျားစစ်သည်တော်၊ မိန်းခလေးကို မိန်းခလေးစစ်သည်တော်က စစ်သည်။ အတွင်းအပြင်ပါ မကျန် စစ်ပြီးနောက် …နောက်ထပ် စောင့်ဆိုင်းဖို့ ခုံလေးတွေဆီသို့ ကျနော်တို့ ရောက်လာခဲ့ကြသည်… အတွင်းထဲတွင်တော့ ဆိုင်တွေ အစုံရှိသည်၊ ၃ နာရီလောက် ထိုးသောအခါ လေယာဉ် ဆိုက်သည်…ပထမဦးစားပေးမှာ ခရီးသည်များဟု ထင်လျှင် ထပ် တကြိမ် မှားပါလိမ့်ဦးမည်… အဆင့်သင့် ပြင်ဆင်ထားသော နိုင်ငံခြားဖြစ်ပစ္စည်းများကို လေယာဉ် နောက်ဖက်တွင် အ၀ တင်ပြီးနောက်မှ သင်တို့အလှည့် ဖြစ်သည်…. ပြဿနာတော့မရှိပါ အိမ်ပြန်ရမည်ပဲ၊ စိတ်ညစ်စရာများအား မေ့ထားလို်က်မည်ပေါ့၊

၁ နာရီခွဲခန့် လေယာဉ်စီးပြီးနောက် ဟဲဟိုးလေဆိပ်သို့ လေယာဉ်ဆင်းသည်၊ ကျနော်လည်း ကလောသို့ ပြန်ရမည်ဖြစ်သောကြောင့် ဟဲဟိုးလေဆိပ်တွင် ဆင်းရမည်… ဆင်းဆင်းချင်းပင် ဟဲဟိုးလ၀က မှတ်ပုံတင်စစ်သည်ဟု ထင်လျှင် ခင်ဗျားတို့ မှားလိမ့်ပြန်ဦးမည်၊ လေယာဉ်ထိန်းသိမ်းခ ဟုဆိုကာ အာသွက်လျှာသွက် လ၀က အမျိုသမီးဝန်ထမ်းနှစ်ဦး ၁၀၀၀ စီ ကောက်ခံနေလေသည်။ ကျနော်တို့ပြည်သူများက သဘောကောင်းပါသည်၊ ၁၀၀၀ စီ ထုတ်ပေးလိုက်ကြသည်၊ လ၀က နှင့် လေယာဉ်ထိန်းသိမ်းခ။ ကျနော်တော့ အမှန်တကယ်ပင် နားမလည်ပါ။

အပြင်သို့ထွက်လိုက်တော့ ကားအစုံ တွေ့ရသည်။ ဟစ်ကာခေါ်နေကြသည်၊ ကျနော်လည်း ခရီးဆက်ဖို့ ပိုက်ဆံ ပေးကာ ကားပေါ် တက်လိုက်သည်၊ ကျနော်တို့ကားလေးသည် သေးငယ်သော မှန်လုံ ဗင်ကားလေးဖြစ်သည်။ ကားနောက်ဘက်တွင် အများဆုံး ၂ ယောက် မှ၃ ယောက်သာ ထိုင်ဖို့ ဒီဇိုင်း လုပ်ထားသော်လည်း ကျနော်တို့ ၅ ယောက် ထိုင်ခဲ့ကြရသည်…

မောင်းရင်းနှင့် ကားသမားက သီချင်းဖွင့်သည်… သီချင်းသံလေးက လေထဲတွင် ပျံကာ ၀ဲကာ

“ရင်နာလေပိုချစ်လေ..ရင်နာလေပိုပြီးချစ်မိလေ” သီချင်းလေးက ကောင်းပါသည်။ ကျနော်တို့ ဘ၀နှင့် အံကိုက် ဖြစ်နေသည်၊ ကျနော်တို့ အားလုံးကလည်း ရင်နာနာနှင့် ကျနော်တို့ အမိတိုင်းပြည်ကို ပိုပို ချစ်နေရသည် မဟုတ်လား။




.

3 comments :

  1. Anonymous said... :

    လေဆိပ်က ဦးလေးနဲ့ ပြောတုန်းက ရန်ကုန်ကိုပါဆိုပြီး ဘာလို့ ဟဲဟိုးမှာ ဆင်းပြီး ကလောကို ပြန်သွားတာလဲဗျ။ သြော် ကြည့်ရတာ အဲဒီဦးလေးက မသင်္ကာစရာ သူလျိုပုံပေါက်နေလို့ လိမ်ပြောလိုက်တာဖြစ်မယ်။

  1. Anonymous said... :

    ဟုတ်တယ်..ရင်နာနာနဲ့ချစ်နေရတာပဲ၊ဒေါ်စုကိုရော၊တိုင်းပြည်ကိုရော။

  1. Anonymous said... :

    အလွန့် အလွန် တိုးတက်သော တိုင်းပြည်ဖြစ်နေပါပြီ၊ ပြန်လာကြပါတော့၊ အစိုးရနဲ့ လက်တွဲကြပါစို့၊ ကြိုဆိုပါတယ် (ထောင်ထဲကို)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved