နေပြည်တော် တောင်ကျရေ ၂ ဦးသေ

Sunday, August 28, 2011

စည်သူ

နေပြည်တော်ခရိုင်၊ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စုမှာ မိုးသည်းထန်စွာရွာပြီး တောင်ကျရေများ ကျဆင်းမှုကြောင့် သြဂုတ်လ ၂၆ ရက် မွန်းလွဲပိုင်းက အမျိုးသမီး နှစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

နေပြည်တော်မှာ သြဂုတ်လ ၂၅ ရက် ည ၁၁ ခန့်ကနေ ရွာသွန်းခဲ့တဲ့ မိုးဟာ အလွန်သည်းထန်ခဲ့ပြီး ပျဉ်းမနားမြို့အနီးဝန်းကျင်ရှိ တောင်ပေါ်များမှ ရေများလျှံကျလာကာ ခေတ်အေးကျေးရွာနေ မမာမာလွင်နဲ့ ရွာသစ်ကုန်းကျေးရွာနေ မအေးမာတို့ ရေစီးထဲမျောကာ သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

“သူတို့ နှစ်ယောက် လမ်းပေါင်းထိုးဖို့သွားတာ။ အဲဒါ တောင်ကျရေက ဝေါကနဲ စီးလာပြီး ကောက်ပုရိုးချောင်းထဲကို မျောပါသွားတာ။ အခုထိ အလောင်းပြန်မရသေးဘူး” လို့ ရွာသစ်ကုန်းကျေးရွာသူတဦးက ပြောပါတယ်။

“အဲဒီဘက်တင် မဟုတ်ဘူး၊ ပျဉ်းမနားမှာလည်း ငလိုက်ချောင်းရေတွေ တက်နေလို့ သက်ဆိုင်ရာက သတိနဲ့နေကြဖို့ နှိုးဆော်ထားတယ်။ မနေ့ညကဆို ည ၁ နာရီကျော်မှ အိပ်ကြဖို့နဲ့ ကလေး၊ သက်ကြီးရွယ်အိုတွေကို ဂရုစိုက်ဖို့ အသံချဲ့စက်နဲ့ လိုက်အော်တယ်” လို့ ပျဉ်းမနားမြို့ ရွာကောက်ရပ် ငလိုက်ချောင်းဘေးတွင် နေထိုင်သူတဦးက ပြောပါတယ်။

ပျဉ်းမနားမြို့ရှိ ကိုးလမ်းတံတားနဲ့ ခြောက်လမ်းတံတားများမှာလည်း အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကို အစောင့်ချထားပြီး ရေတက်လာပါက တံတားကျိုးနိုင်မယ့် အခြေအနေကို စောင့်ကြည့်နေကြောင်း သိရပါတယ်။

“ရေတွေကြီးပြီး ရေလျှံလို့ အမှတ် ၃ အထက (ပျဉ်းမနား) တောင် သြဂုတ်လ ၂၆ ရက်နေ့က တရက်ပိတ်လိုက်ရတယ်” လို့ ယင်းကျောင်းမှ ဆရာမတဦးက ပြောပါတယ်။

မိုးသည်းထန်ခြင်းကြောင့် နေပြည်တော်ရှိ ကျေးလက်ဒေသများမှာ မိုးစပါးစိုက်ပျိုးမှုကို ထိခိုက်နိုင်ကြောင်း သိရပါတယ်။

“ဒီနှစ်က နှမ်းလည်းရှုံးတယ်။ နွေစပါးလည်း ရှုံးတယ်။ ပဲကတော့ နည်းနည်းမြတ်တယ်။ ဒီလိုရာသီဥတုနဲ့ဆို မိုးစပါးလည်း ကောင်းကောင်းရမယ် မထင်ဘူး။ စိုက်စရိတ်ကလည်းကြီး၊ စပါးဈေးက ကျ၊ ရာသီဥတုက ဖျက်နဲ့ဗျာ” လို့ ကိုးရွာသပြေကုန်းမှ တောင်သူတဦးက ဆိုပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်များရှိ ဆည်ရေသောက် ဧရိယာများအောက်မှာ နေထိုင်သူတွေကို သက်ဆိုင်ရာက သတိပြုနေထိုင်ရန် နှိုးဆော်လျက်ရှိကြောင်းလည်း သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved