၄၄ နှစ်မြောက် ရခိုင်ပြည် ဆန်ပြဿနာနေ့

Saturday, August 13, 2011

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရောက် ရခိုင်အမျိုးသားတွေ ကျင်းပတဲ့ ၄၄ နှစ်မြောက် ရခိုင်ပြည် ဆန်ပြဿနာနေ့ အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံ - ဧရာဝတီ)


ဒီနေ့ဟာ ရခိုင်ပြည်နယ်မှာ ဆန်ရရှိရေး ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်အစိုးရက ပစ်ခတ်နှိမ်နင်းလို့ အပြစ်မဲ့ရခိုင်ပြည်သူ ရာနဲ့ချီပြီး သေဆုံးခဲ့ကြရတဲ့ ၄၄ နှစ်မြောက်နေ့ဖြစ်ပါတယ်။

ဗိုလ်ချုပ်နေ၀င်းရဲ့ မဆလ အစိုးရလက်ထက်၊ ၁၉၆၇ ခုနှစ်ကာလမှာ မြန်မာနိုင်ငံက ဆန်တွေကို အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ရောင်းချဖို့ပဲ အားထားခဲ့တာမှာ ပြည်တွင်းစားနပ်ရိက္ခာ မလုံလောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ ပြည်သူလူထုဟာ ဆန်ဂိုဒေါင်တွေမှာ ဆန္ဒသွားပြရင်း ဆန်တွေကို ပြည်ပမပို့ဖို့၊ ရခိုင်ပြည်တွင်းမှာဖြစ်နေတဲ့ ဆန်ရှားပါးမှုပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆိုကြတာကို စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့တာပါ။

စစ်တွေမြို့မှာဖြစ်ခဲ့တဲ့ ဆန်ပြဿနာနေ့အကြောင်း ပြန်ပြောင်းပြောပြနေတဲ့ ရခိုင်အမျိုးသား ဦးမောင်လူကြီး (ဓာတ်ပုံ - ဧရာဝတီ)

အဲ့ဒီ စစ်တွေဆန်ပြဿနာ အရေးအခင်းတုန်းက ကျဆုံးခဲ့တဲ့ ရခိုင်ပြည်သူတွေကို အောက်မေ့သတိရတဲ့အနေနဲ့ရယ်၊ မြန်မာနိုင်ငံမှာ ဒီနေ့အထိ စစ်အာဏာရှင်လက်အောက်ကနေ မလွတ်မြောက်သေးဘူး၊ ပြည်သူတွေဟာ ဆင်းရဲမှု၊ ဖိနှိပ်မှုတွေခံနေရတုန်းပဲ၊ စားဝတ်နေရေး ကြပ်တည်းနေတုန်းပဲ ဆိုတာတွေကြောင့် မြန်မာပြည်သူပြည်သားတွေ ဖိနှိပ်ခံ ဆင်းရဲတဲ့ဘ၀တွေကနေ လွတ်မြောက်ဖို့တွေအတွက် ရခိုင်ပြည်သူတွေက စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ်ပွဲတွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပကြပါတယ်။

ဒီနှစ်မှာတော့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာလည်း အထိမ်းအမှတ်ကျင်းပသလို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အပြင်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း စတဲ့နိုင်ငံတကာရောက် ရခိုင်အမျိုးသားတွေက အထိမ်းအမှတ်အခမ်းအနားတွေ လုပ်ခဲ့ကြပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved