အဓိကအချက်ကတော့ NLD ပါတီ မသေဖို့ ဖြစ်တယ်

Sunday, August 21, 2011



~


ဦးဝင်းတင်နဲ့ အင်တာဗျူး

"အခုတကြိမ်မှာကျတော့ သူတို့ဖက်က သုံးနှုံးတဲ့ စကားလုံး ကိုယ်တိုင်မှာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုလို့ သုံးစွဲလာတယ်။ ဒါက ဘာပြသလဲဆိုတော့ သူတို့အစိုးရဖက်မှာကို ကွဲပြားတဲ့ သဘောထား ၂ရပ် ဖြစ်နေတာကို တွေ့ရတယ်"

ယမန်နေ့ (သြဂုတ် ၁၆)က မြန်မာပြည်ရဲ့ အတိုက်အခံပါတီ NLD ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်နဲ့ တွေ့ဆုံ စကားပြောခွင့် ရခဲ့ပါတယ်။ အဲသည်မှာ အများက စိတ်ဝင်စားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ဖွံ့အစိုးရသစ်တွေ့ဆုံပွဲကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးခရီးစဉ် စတာတွေကို မေးမြန်းဖြစ်ပါတယ်။

မေး - ယခင်အပတ်က ပဲခူးကိုသွားခဲ့တဲ့ခရီးစဉ်က အရင်ပုဂံခရီးစဉ်လိုမျိုး ပုဂ္ဂိုလ်ရေးခရီးစဉ်မျိုးပဲလား ခင်ဗျ။

ဖြေ - ကျနော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခုနှစ်မေလကုန်က စတင်ပြီးတော့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးချိန်ကစလို့ ယခု၂၀၁၀ နိုဝင်ဘာလ လွတ်မြောက်လာပြီးတဲ့နောက်ပိုင်း ပထမဦးဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်လို့ ပြောချင်တယ်။ ဒါက NLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ နိုင်ငံရေးခရီးလို့ ကျနော်တို့ဖက်က သုံးနှုံးပါတယ်။ အဖွဲ့ချူပ်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်ဦးကိုယ်တိုင် လိုက်ပါတဲ့ ခရီးဖြစ်တယ် ဆိုတာကို တွေ့ရတယ်။

မေး - ဆိုတော့ လက်ရှိအာဏာရအစိုးရက ခရီးစဉ်ကို ဘယ်လိုမျိုး တုန့်ပြန်တာမျိုး၊ ဆောင်ရွက်ပေးတာမျိုး ရှိတယ်လို့ ပြောနိုင်လဲ။

ဖြေ - လက်ရှိအာဏာပိုင်တွေက ပြေပြေလည်လည်နဲ့ လိုက်လိုက်လျောလျောလုပ်ပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ကျနော်တို့ဖက်ကလည်း လက်ခံတယ်။ အောက်ခြေပိုင်းက လုံခြုံရေး တာဝန်ယူသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို နွေးထွေး တက်ကြွစွာနဲ့ ကာကွယ် စောင့်ရှောက်မှုတွေ ပြုလုပ်ကြတာကို တွေ့ရပါတယ်။ ဦးတင်ဦးကိုယ်တိုင်ကလည်း မိန့်ခွန်း ပြောဆိုတာတွေလည်း ရှိပါတယ်။ ဒါတွေက ကြည့်လိုက်လို့ရှိရင် NLD ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးခရီးစဉ် ဆိုတာ လွန်ခဲ့တဲ့ ၇ နှစ် ဒီပဲယင်းအရေးအခင်းမတိုင်ခင်က အခြေအနေမျိုးလိုမျိုး ပြန်မြင်တွေ့ရတယ်လို့ ပြောလို့ရပါတယ်။

မေး - ဟုတ်ကဲ့။ နောက်တချက်ကတော့ လက်ရှိပြည်ထောင်စုဝန်ကြီးတဦးဖြစ်တဲ့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အပေါ်မှာကော တိုးတက်မှုတွေ၊ ကောင်းမွန်မှုတွေဆိုတာက ၂ ဖက်စလုံးမှာ ဖြစ်ပေါ်နေတယ်လို့ မြင်ပါသလား။

ဖြေ - အဲသည်မှာ တခု အရင်ပြောချင်တာက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ အချက်တခုပေါ့လေ။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိပြည်ထောင်စုဝန်ကြီးက လက်ခံတွေ့ဆုံတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ပြည်ထဲရေးဝန်ကြီးဆီကို ပန်ကြားချက်အရ ဦးအောင်ကြည်နဲ့ တွေ့ခွင့်ရတာဖြစ်တာလိုမျိုး ပြောတယ်။ နောက်ပြီးတော့လည်း NLD ပါတီရဲ့ လှုပ်ရှားမှုတွေကို လက်ရှိအခြေအနေမှာ သူတို့ဖက်က စိတ်ကောင်း စေတနာကောင်းနဲ့ ကြည့်ထားမယ်။ ဒီအတိုင်း မျှောထားမယ်လိုမျိုးလည်း ပြောတယ်။ ဒါပေမယ့် နောက်ဆုံးကျရင်တော့ NLDပါတီဟာ မှတ်ပုံတင်ရမယ်လို့ ပြောတာမျိုးတွေ ရှိတယ်။
သို့သော် တဖက်ကလည်း လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေတယ်။ အရင် ပထမတွေ့ဆုံပွဲအပေါ်မှာ ကျနော်က ဦးအောင်ကြည်ဟာ လက်ရှိအစိုးရရဲ့ ဆက်သားပဲလို့တောင် သုံးနှုံးဖူးတယ်။ ဒါပေမယ့် အခုတကြိမ်မှာကျတော့ သူတို့ဖက်က သုံးနှုံးတဲ့ စကားလုံး ကိုယ်တိုင်မှာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုလို့ သုံးစွဲလာတယ်။ ဒါက ဘာပြသလဲဆိုတော့ သူတို့အစိုးရဖက်မှာကို ကွဲပြားတဲ့ သဘောထား ၂ရပ် ဖြစ်နေတာကို တွေ့ရတယ်လို့ ပြောချင်တယ်။

မေး - ဆိုတော့ အခု တွေ့ဆုံဆွေးနွေးပွဲတွေ ဆိုတာဟာ တသီးပုဂ္ဂလတွေ့ဆုံပွဲတွေ မဟုတ်ဘူးဆိုရင် NLD ပါတီရဲ့ စီအီးစီတွေ၊ ခေါင်းဆောင်တွေနဲ့ တင်ပြတာတွေ၊ တိုင်ပင် ဆွေးနွေးတာတွေကိုကော ဒေါ်အောင်ဆန်းစုကြည်က လုပ်ပါသလား။

ဖြေ - လုပ်ပါတယ်။ အရင်တုန်းက ပထမအကြိမ် တွေ့ဆုံပွဲ ဖြစ်ခဲ့စဉ်က အချိန်အကန့်အသတ်အရ အခြေအနေအရ ပါတီ ဦးဆောင်သူတွေထဲက ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို အသိပေးခဲ့တယ်၊ ပြောဆိုခဲ့တယ်။ အခု ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ NLD ပါတီက စီအီးစီတွေ အားလုံးကို အသိပေး တိုင်ပင်တာ၊ တင်ပြတာတွေ လုပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လဲ ပါတီအနေနဲ့ ပြည်သူတွေကို ထုတ်ပြန် အသိပေးပါတယ်။

မေး - ဆရာတို့ပါတီထုတ်ပြန်ချက်ကလည်း ဒေါ်စုနဲ့ ဦးအောင်ကြည် ပူးတွဲ ထုတ်ပြန်ချက်ကို လက်ခံတယ် ဆိုတာလောက်ပဲ ဖြစ်နေတယ်လေ။ မြန်မာပြည်သူတွေ ကိုယ်တိုင်က သည်ထက် ပိုပြီးတော့ သိချင်တာတွေ ရှိနေတယ်။ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်။ လက်ရှိမှာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့၊ ခံစားနေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ လိုလားချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က တင်ပြ တောင်းဆိုတာတွေ၊ ဆွေးနွေးတာတွေ မရှိဘူးလား။ နည်းနည်းတော့ သိချင်ကြတာပေါ့ ဆရာရယ်။ ကျနော်တို့ အပါအ၀င်ပေါ့။

ဖြေ - အခုအချိန်မှာ ကျော်ဆန်းတို့ အစိုးရတဖက်က သဘောထားတွေ ထုတ်ပြန်နေချိန်၊ တဖက်ကလည်း ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေချိန်မှာ ကွဲပြားမှုတွေကြားထဲမှာ ဆွေးနွေးနေတာဖြစ်တယ်။ အဲသည်လိုအခြေအနေတွေထဲမှာ ကျနော် ပြောလို့ရသလောက် ပြောရမယ် ဆိုရင် - ကျနော်တို့ အဓိကအချက်ကတော့ NLD ပါတီ မသေဖို့ ဖြစ်တယ်။ NLDကို ကွယ်ပျောက်သွားခြင်း မရှိစေရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ် ထို့အတူ NLDပါတီ ခေါင်းဆောင်လည်း ဖြစ်တယ်။ ဒါကြောင့် NLD ပါတီဟာ မသေစေရဘူး။ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ပြောင်းလဲ ရပ်တည်ခြင်းမျိုး မဖြစ်စေရဘူးလို့ ကျနော်တို့က သဘောထားကို ကိုင်စွဲထားတယ်။

မေး - နောက်အချက်တွေအနေနဲ့ ဆရာတို့ပါတီ အပါအ၀င်ပေါ့လေ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ သဘောထားဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လုံးဝ လွတ်မြောက်ရေး၊ ကူညီစောင့်ရှောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ပွဲတွေ ပပျောက်ရေး၊ ပြည်ထောင်စုအရေး၊ လူ့အခွင့်အရေးတွေအားလုံး အာမခံချက် ရရှိရေး၊ ကာကွယ် စောင့်ရှောက်နိုင်ရေး စတဲ့အချက်တွေပေါ့လေ။ ဒါတွေကို ဆရာတို့ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်တွေ၊ ဒီမိုကရေစီကွန်ယက်တွေ၊ လူမှုကွန်ယက်တွေ၊ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုက တစိုက်မတ်မတ် တောင်းဆိုနေတယ်။ လှုပ်ရှားနေတယ်။ လှုံ့ဆော်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှု၊ တင်ပြမှု၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ပြောနိုင်မလား။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ ယခင်က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဆရာတို့ ကိုယ်တိုင်လည်း ပြောခဲ့တယ်။ အဲသည် ၉၀ ရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ် ပြုကြရမယ် ဆိုတာမျိုးတွေ ပေါ့လေ။

ဖြေ - ကျနော့်အနေနဲ့ ပြောနိုင်သလောက် ပြောရရင်တော့ ကျနော်တို့တွေ အထက်က ခင်ဗျားပြောတဲ့ ကိစ္စတွေကို ဆွေးနွေးပါတယ်။ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျနော်တို့က အသေးစိတ် ထုတ်ဖော်ပြောဆိုတာတွေ မလုပ်နိုင်သေးပါဘူး။ သို့သော် အထက်ကပြောခဲ့သလို NLDရပ်တည်ချက် ပျောက်ပျက်မသွားဘူး။ NLD သေမသွားဘူး ဆိုတဲ့ အနေအထားနဲ့ ရပ်တည်ချက်နဲ့ ကျနော်တို့တတွေ ဆက်လက်ပြီး ဆွေးနွေးမှုတွေ လုပ်နေတယ်လို့တော့ ပြောနိုင်ပါတယ်။

မေး - ဒါဆိုရင် ဟိုးအရင်တုန်းက ၂၀၀၇ သံဃာ့အရေးအခင်းအပြီးမှာ နိုင်ငံတကာနဲ့ မြန်မာပြည်သူလူထုရဲ့ ဖိအားတွေကြောင့် ဗိုလ်သန်းရွှေလက်ထက်မှာ တွေ့ဆုံဆွေးနွေးဖို့ သူ့ဖက်ကတောင်းဆိုခဲ့သလိုမျိုး အတိုက်အခံဖက်က ဒီအချက် ဒီအချက်တွေကို စွန့်လွှတ်မှ၊ ဒါတွေကို လျှော့မှ တွေ့ဆုံဆွေးနွေးမယ်လို့ ကြိုတင်စည်းမျဉ်းတွေ သတ်မှတ်ခဲ့တာမျိုးတွေ ရှိခဲ့တယ်။ အခုဒီတခေါက်က အဲသည်လိုမျိုး တဖက်သတ် ကြိုတင် သတ်မှတ်ချက်တွေကို လက်ခံပြီး တွေ့ဆုံတာမျိုး မဟုတ်ပါဘူးလို့ ပြောနိုင်မလား ဆရာ။ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေက ၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ်တယ်၊ ၂၀၀၈ အခြေခံဥပဒေကို လက်ခံတယ်လို့ ကြိုတင်သတ်မှတ်ချက်တွေကို ခံဝန်ကတိပေးပြီးမှ သူတို့တွေ ရွေးကောက်ပွဲ ၀င်ခဲ့ကြတာမျိုးတွေ ရှိခဲ့တယ်။ အခု တွေ့ဆုံ ဆွေးနွေးပွဲ ဆိုတာ ၂ ဖက်စလုံးအတွက် အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲလား ဆရာ။

ဖြေ - အခုအချိန်မှာတော့ ကျနော့်အနေနဲ့က စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတခု ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဆွေးနွေးတဲ့အထဲမှာလည်း NLDရဲ့ ပါတီရပ်တည်ချက် ရှင်သန်နေရေး၊ ၉၀ ရွေးကောက်ပွဲ အသိအမှတ်ပြုနိုင်ရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး စတာတွေကို ဆွေးနွေးနေပါတယ်လို့ ပြောလို့ရပါတယ်။

မေး - ဟုတ်ပါပြီ။ တွေ့ဆုံ ဆွေးနွေး အဖြေရှာနေပြီ ဆိုမှာတော့ လူထုလှုပ်ရှားမှုတွေ လှုံ့ဆော်မှုတွေက ဆက်လက်ပြီး လိုအပ်နေဦးမှာလား ဆရာ။ အထက်မှာ ပြောခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ သူတို့တွေကို မိသားစုတွေကို ကူညီ စောင့်ရှောက်အားပေးဖို့ လှုပ်ရှားမှုတွေ ရှိနေတယ်။ လူ့အခွင့်အရေး၊ အလုပ်သမားအရေး၊ တောင်သူလယ်သမားအရေး၊ ကိစ္စတွေ အာမခံချက် ရှိဖို့၊ ကာကွယ် စောင့်ရှောက်ဖို့၊ ချိုးဖောက်မှုတွေကို ထုတ်ဖော် တားဆီးဖို့တွေ လုပ်ဆောင်နေကြတယ်။ ပြည်တွင်းစစ်တွေ ဖြစ်နေတယ်။ တိုင်းရင်းသားတွေ အိုးမဲ့အိမ့်မဲ့ စွန့်ခွာနေရတယ်။ အထွေထွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကျပ်အတည်းတွေ ပြသနာတွေ ရှိနေတယ်။ ဒါတွေအတွက် ဆရာတို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဦးဆောင်ပြီး လမ်းညွှန်မှုတွေ ပေးခဲ့တယ်။ လူထုလှုပ်ရှားမှုရဲ့ အခန်းကဏ္ဍကို ဘယ်လို သဘောထားမလဲဆရာ။

ဖြေ - ကျနော့်အနေနဲ့ ပြောနိုင်တာကတော့ တွေ့ဆုံဆွေးနွေးပွဲဟာ အစိုးရကိုယ်စားလှယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်ပါတယ်။ မြန်မာပြည်သူ လူထုနဲ့ တိုင်းရင်းသားအရေး ကိစ္စတွေကိုပါ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ အဲသည်အချိန်မှာ ပြည်သူလူထုတွေ တိုင်းရင်းသားတွေရဲ့ ပကတိ လှုပ်ရှားမှုတွေ၊ အသံတွေ၊ လှုံ့ဆော်မှုတွေကို ကျနော်တို့က ဘာမှ ကန့်ကွက်စရာ တားဆီးစရာ မလိုဘူးလို့ မြင်ပါတယ်။ ဒီလိုမျိုး မြန်မာပြည်သူ လူထုတွေရဲ့ လှုပ်ရှားမှုတွေ၊ လှုံဆော်မှုတွေ၊ စည်းရုံးနေကြတာတွေကလည်း တွေ့ဆုံ ဆွေးနွေးရေးကို ဆက်လက်ပြီး အထောက်အကူဖြစ်တယ်။ နိုင်ငံရေးအရ လူထုရဲ့ လှုပ်ရှားမှုတွေ အသံတွေ တောင်းဆိုမှုတွေကို ကျနော်တို့တတွေ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နားထောင်နေပြီးတော့ နားစွင့်နေပြီးတော့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ကိုင်ဖို့ လိုအပ်နေတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။

မူရင်း - ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ သြဂုတ် ၁၇၊ ၂၀၁၁
http://moemaka.blogspot.com/
~

4 comments :

  1. မောင်ကောင်း said... :

    ကျနော်သာမန်အရပ်သားတဦးအမြင်ဖြင့် တင်ပြပါ၏၊ ယခုအစိုးရမှာ ဒေါ်စုနဲ့ဆွေးနွေးပူးပေါင်းဆောင်ရွက်ဖို့ ပေါ်လစီအချို့တော့ရှိမည်ထင်ပါသည်၊ သို့သော်အဓိကပူးပေါင်းဆောင်ရွက်လိုမှုဟာ လူမှုရေးကိစ္စများနှင့်စီးပွားရေးကိစ္စများတွင်သာဖြစ်နိုင်ပြီး နိုင်ငံရေးနှင့်အာဏာခွဲဝေမှုတွေအတွက်ပေါ်လစီလုံးဝမရှိနိုင်ပါ၊ သို့သော်နောင်ရေရှည်ကာလတွေမှာတော့ ဒေါ်စုရဲ့ပါးနပ်မှုကြောင့်ပြောင်းလဲလာကောင်းလာနိုင်မယ်ထင်ပါတယ်၊ ယခုတွေ့ဆုံဆွေးနွေးမှုများတွင်လဲ အဓိက လူမှုရေးစီးပွားရေးညှိုနိုင်းလိုမှုများနှင့်စတင်ခဲ့သော်လဲ ဒေါ်စု၏ လိမ္မာပါးနပ် စည်းရုံးမှုတွေကြောင့် အချို့အစိုးရအဖွဲတွင်းမှာသူများ ပျော့ပြောင်းလာနိုင်ပြီး သဘောထား ၂ ရပ်ဖြစ်လာနိုင်စရာအကြောင်းလဲရှိနိုင်ပါတယ်၊ စီးပွားရေးလူမှုရေးများပူးပေါင်းဆောင်ရွက်ညှိုနှိုင်းမှုအပေါ်မှာ တဖက်ကလိုက်လျော့မှုများနှင့်မျှတမှုတော့ရှိလိမ့်မယ်မထင်ပါ၊ ဒေါ်စုအနေနဲ့အတော့်ကိုလိမ္မာပါးနပ်ပြီး သတိရှိရှိနဲ့ညှိုနှိုင်းနေရတဲ့သဘောလဲရှိမယ်ထင်ပါတယ်၊ နိုင်/ကျဉ်းတွေလွှတ်ပေးဖို့အတွက်ကတော့ အစိုးရအနေနဲ့ အတော်လေးစဉ်းစားနေပုံရပါတယ်၊ နောက်ဆုံးအဆင့်လဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ဒီကြားထဲ ပွဲပျက်မသွားပါစေနဲ့လို့ပဲ ဆုတောင်းမိပါတယ်၊ ( ပွဲပျက်ခြင်း = ကြံ့ဖွတ်အစိုးရတွင်းမှ စုန်းပြူးနတ်ပြူးများပေါ်ပေါက်လာခြင်း )

  1. WASP17 said... :

    http://myanmarexpress.blogspot.com/2011/08/blog-post_19.html
    အစိုးရ နောက်ကွယ် ဆိုဒ်ကရေးထားတာ တော်တော်
    ကြောက်ဘို့ ကောင်းပြီး တိုင်းပြည်အနာဂတ်အတွက်
    ရင်လေးဘို့ကောင်းပါတယ်...

  1. Anonymous said... :

    myanmarexpress ကကြောက်စရာမကောင်းပါဘူး။ သူတို့  စာမျက်နှာမှာ တာဝန်ခံရဲတဲ့ သူ မရှိပါဘူး။ ဖုန်းနံပါတ် မရှိ အမည်ရင်း မရှိ။ တေလေဂျပိုး အပုပ်ချ ရေးသားထားတဲ့ စာမျက်နှာဖြစ် ပါတယ်။ တော်တော်လေးတော့ အောက်တန်းကျပါတယ်။

  1. မောင်ကောင်း said... :

    ကိုဝင်းနိုင်ခင်ဗျား - အဲ့ဒီလိုဘလော့တွေမှာအရေမရအဖတ်မရ အပုတ်ချရေးသားစော်ကားနေတာတွေကိုထည့်ကိုပြောမနေသင့်ပါခင်ဗျာ၊ မီဒီယာကို မီဒီယာဖြင့်တိုက်မည်ဆိုတဲ့ မူအောက်မှာဖြစ်လာတဲ့ သေးသိမ်မှုတစိတ်တပိုင်းပါ၊ ဟိုးအရင်ကထဲက နအဖသတင်းစာတွေထဲမှာဆောင်းပါးလိုလို အပုတ်ချသလိုလိုနဲ့တဖက်သပ်ရေးသားလာတာတွေရှိနေတာပဲရိုးနေတာပဲဗျာ၊ ဒါတွေဟာအထက်အမိန်အရသော်၎င်း၊နအဖရဲ့ပေါ်လစီအရသော်၎င်း ဆောင်ရွက်နေကြတာပါ၊ အဓိကအားဖြင့်တော့ ဒီလိုဘလော့တွေ ဝက်ဆိုဒ်တွေကို သွားရောက်ဖတ်ရှုအချိန်ကုန်ခံမနေပါနဲ့ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved