ထူးပေဆန်းပေသည်

Thursday, September 22, 2011


နိုင်ငံတကာကနေ မြန်မာပြည်ကို ဖုန်းခေါ်ဆိုရတာဟာ တခြားဘယ်နိုင်ငံကို ခေါ်ရတာနဲ့မှ မတူအောင် တမူထူးခြားလှပါတယ်။ အဲဒီထူးခြားချက်တွေထဲမှာ အထူးတက အထူးခြားဆုံးကတော့ ပိုက်ဆံပိုကုန်တာပါပဲ။ စင်ကာပူက သူငယ်ချင်းတယောက်က ကိုတာတေကို လှမ်းပြောတယ်။ အခုနောက်ပိုင်း မြန်မာပြည်ကို ဖုန်းခေါ်ရတာ အရမ်း ပိုက်ဆံကုန်တယ်တဲ့။ ခါတိုင်း ၁၀ မိနစ်လောက် ဆက်လို့ရတဲ့ ပိုက်ဆံက အခု ၅ မိနစ်လောက်ပဲ ဆက်လို့ရတယ်လို့ ပြောလာတယ်။ ကိုတာတေလည်း ပထမတော့ မယုံပါဘူး။ ဒါနဲ့ စမ်းသပ်ကြည့်တော့ ဘုရား ဘုရား လို့ ဘုရားကို ၂ ခါတောင် တမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ (အခုနောက်ပိုင်း နာမည်တွေကစုံတော့ ဖုန်းတွေကို မှတ်မထားတော့ဘူး၊ နံပါတ်တွေပဲ မှတ်ထားလိုက်တယ်) ၇ နဲ့စတဲ့ ဖုန်းတွေ ၄ နဲ့ စတဲ့ ဖုန်းတွေက တော်တော်ကို ပိုက်ဆံစားတာပဲကိုး။ ဘာမှကို မပြောရသေးဘဲကို ပိုက်ဆံက ကုန်သွားတာ။ တခြားနံပါတ်နဲ့ စတာတွေလည်း ရှိချင် ရှိဦးမှာပါ။ ကိုတာတေ ဆိုလိုတာက နောက်ပေါ်တဲ့ ဖုန်းတွေကိုပြောချင်တာ။ ဘယ်လို နည်းစနစ်နဲ့ လုပ်ထားလဲတော့ မပြောတတ်ပါဘူး။

ကိုတာတေ့ အနေနဲ့ သူများနိုင်ငံမှာ ဘာဖြစ်တယ် ညာဖြစ်တယ်လည်း မပြောချင်တော့ပါဘူး။ ပြောလည်း ထူးမှာမှ မဟုတ်ဘဲ။ ဒါပေမယ့် ပြည်ပကို သွားအလုပ်လုပ်တဲ့သူတွေ တဖြည်းဖြည်း များလာတာနဲ့အမျှ မိသားစုတွေကို ဖုန်းခေါ်ကြတဲ့ နေရာမှာ အသက်သာကြီး မဟုတ်တောင် သင့်တင့်လျှောက်ပတ်တဲ့ နှုန်းလေးနဲ့ ပြောရဆိုရတော့ ကောင်းတာပေါ့လေ။ အဲ မလျှောက်ပတ်တဲ့နှုန်း ဆိုပြန်တော့လည်း ကုန်ရတာပေါ့လေ။

နောက်ထပ် တမူထူးခြားတာကတော့ အော်တိုဖုန်းဖြေစက်က ဖြေချင်သလို ဖြေနေတာပါပဲ။ အမေရိကားက သူငယ်ချင်းတယောက်က ကိုတာတေ့ကိုလှမ်းပြောတယ် (ကိုတာတေ့သူငယ်ချင်းတွေက ကမ္ဘာပတ်နေလားလို့တော့ မမေးလိုက်နဲ့ ခုခေတ်က ဂလိုဘယ် လိုက်ဇေးရှင်းခေတ် ... ရွာထဲ သွားအလုပ်လုပ်နေသလိုပဲ :P) အဲဒီသူငယ်ချင်းက “မောင်တာတေရေ ... ငါ ရန်ကုန်ကို ဖုန်းလှမ်းခေါ်တာ တရုတ်လိုတွေ ဖြေတယ်ဟ။ တရုတ်နိုင်ငံထဲ ရောက်သွားတာလားမသိဘူး” တဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့နော်။ ခုခေတ်က တရုတ်ခေတ်ပေကိုး။

တခါများဆို လူကြီးမင်းခေါ်ဆိုတဲ့ ဘာဖုန်း ညာဖုန်းကို ဌာနမှ ယာယီပိတ်ထားပါသည်တဲ့။ လူတောင် ခပ်ကြောင်ကြောင်ဖြစ်သွားတယ်။ ဘာကြောင့် ပိတ်ရတာလဲ ပေါ့လေ။ အစက တော်တော်ကို မရှင်းတာ။ ခုတော့ ရှင်းသွားပါပြီ။ ဖော်ပြထားတဲ့ သတင်းစာဖြတ်ပိုင်းမှာသာ ကြည့်လိုက်ပါတော့ အရပ်ကတို့ရေ။ လတ်စသတ်တော့ ဖုန်းထဲမှာ ၁၀၀ ကျပ်ပဲကျန်ရင် အဝင်ပါ မရတော့ဘူး ဆိုသကိုး။ အဲဒီအခါကျ ကိုယ့်ဖုန်းကိုယ် ပြန်ပွင့်အောင် ဆက်သွယ်ရေးကို သွားရမတဲ့။ သြော် မရှုပ်ရှုပ်အောင်လုပ်ထားတဲ့ မြန်မာ့ဆက်သွယ်ရေးပါတကား လို့သာ ညည်းလိုက်ချင်တော့တယ်။ အမယ် သတင်းစာထဲမှာ ဂုဏ်ယူစွာဖော်ပြထားတာ ရှိသေးတယ်။ အဲဒီလို လိုင်းသွားပြန်ဖွင့်ရင် ချက်ချင်းရမှာမဟုတ်ဘူးတဲ့၊ ဒီတော့ ငွေမကုန်အောင်သတိထားသုံးတဲ့ ကွယ်တို့။ ဗျူးတီးဖိုးလ် မြန်မာပေါ့နော်။ နောက်ထပ် ထူးတဲ့ လူကြီးမင်းခေါ်ဆိုသော ဘာညာကွိကွတွေ ရှိသေးတယ်။ ယောင်လို့များ ချစ်စရာအသံလေးဆိုပြီး ဆုံးအောင် သွားနားမထောင်လေနဲ့၊ သင့်ပိုက်ဆံကို ဝါးသွားပါလိမ့်မယ်။

ဟောဒီသတင်းစာ ဖြတ်ပိုင်းထဲတော့ ကြွားထားပါတယ်။ ပရီပိတ်ကတ်လို့ ခေါ်တဲ့ ကြိုတင်ငွေပေးကတ်က ခဲကို ခြစ်ရင် အလယ်ကနေ စပြီး ဟိုဘက်ကိုခြစ်လိုက် ဒီဘက်ဘေးကို ခြစ်လိုက် လုပ်ပါတဲ့။ ဘေးက စခြစ်ရင် အုပ်ထားတဲ့ ပလတ်စတစ် ပျက်စီးပြီး ပင်နံပါတ် ပျောက်သွားလို့ ကွိုင်တက်မယ်တဲ့။ သြော် ပလန်းတီးဖူးလ် မြန်မာပါတကား။

သူများတွေရဲ့ နိုင်ငံတွေများတော့ ................ လို့ ကိုတာတေ မပြောတော့ပါဘူးလေ။

6 comments :

  1. Anonymous said... :

    မြန်မာ့ဆက်သွယ်ရေးကဘင်္ဂလားဒေ့ဆက်သွယ်ရေးထက်အများကြီးနောက်ကျပြီးအများကြီးဆိုးပါတယ်၊မလေးရှားမှာဘင်္ဂလားတွေသူတို့ နိုင်ငံကိုဖုန်းခေါ်ရင်တစ်မိနစ်ကိုမလေး၁၅ပြားဘဲကုန်ပြီး၊မြန်မာတွေကျတော.၊မလေး၁ကျပ်ကျော်ကုန်ပါတယ်၊ဈေးပေါတဲ့ ဖုန်းလိုင်းသုံးရင်တောင်ပြား၆၀နဲ့ အထက်မှာဘဲရှိပါတယ်။ဒီလိုလုပ်စားနေကြလို့ လဲဘယ်သူတွေချမ်းသာတယ်ဆိုတာတစ်ပြည်လုံးသိပါတယ်။

  1. Anonymous said... :

    ဒီထက် ထူးခြားတဲ့ မြန်မာပြည်က ဖုံးသံ(ring) တစ်ခါတစ်လေ အောကား(အပြာကားဖွင့်သံ)သံတွေ ကြားနေရတာဗျာ့၊ ကျုပ် နှစ်ကြိမ်တောင် ကြုံဖူးတယ်။ တစ်ကြိမ်က ရုတ်တရက်မို့ ကြောင်သွားတယ်၊ နောက်တစ်ကြိမ်တော့ သူငယ်ချင်းတစ်ယောက်ကို နားထောင်ခိုင်းလိုက်တယ်။ သူလည်း သိပ်အံ့သြသွားတယ်။

  1. Anonymous said... :

    မှန်၏ နောက်စိ။

  1. Anonymous said... :

    ရန်ကုန်ကိုဖုန်းခေါ်ရင် ခေါ်ခတွေအရင်ထက်ပိုစားတယ်ဆိုလို့
    စဉ်းစားမိတာ နိုင်ငံခြားကနေ ဖုန်းဝင်လာရင် ခေါ်တဲ့နိုင်ငံရဲ့ဖုန်းနံပါတ်ပေါ်ရင်ပေါ်၊ မပေါ်ရင်လဲ unknown number ဆိုပြီးပေါ်ရမှာ အခုတော့ မြန်မာပြည်ရဲ့ ဖုန်းနံပါတ်တွေပဲပေါ်ပေါ် နေတယ်၊ နိုင်ငံခြားကသူငယ်ချင်းတယောက် ကားကိစ္စတွေမေးတာ ၁၀ခါဆက် ၁၀ခါလုံးမြန်မာပြည်နံပါတ်တွေပဲပေါ်နေတယ်၊ မြန်မာမိုဘိုင်းဖုန်းနံပါတ်တွေ အစုံပေါ်တယ်၊ သိရသလောက်နိုင်ငံခြားက အ၀င်ခေါ်တဲ့ငွေတွေကိုယူပြီး မြန်မာမိုဘိုင်းနှင့်ပြန်ချိတ်ကာ လူတစုမှလုပ်စားနေသည်ဟု သိရသည်။

  1. Anonymous said... :

    ပန်းးလေးလဲ စကားမစပ် ၀င်ပြောလိုက်အုံးမယ်...နော်...

    ပြီးခဲ့တဲ့ အပတ်က အမေနဲ့စကားပြောမယ် ဆိုပြီးးကဒ်၁ကဒ် ၀ယ်လာတယ်...15 usd 65 မိနစ်ကြောညာတယ်....ပန်းလေးလဲ မေမေ နဲ့မိနစ် 20 လောက် စကားပြောလိုက်ရတယ်...နောက် နေ့ ကျတော့ ကျန်တဲ့ 45 မိနစ်ကိုသူငယ်ချင်းတွေ နဲ့ ပြောမယ် ဆို ပြီးးးးရန်ကုန်ကို လှမ်းခေါ်တယ်....လိုင်းက ၀င်နေသလို နဲ့ ဘာမှ မကြားရ ဘူးးးးးးပန်းလေးလဲ လုပ်စရာ အလုပ် တွေ က ရှိသေးသကိုးးးးးးသူများနိုင်ငံမှာ ဆိုတော့ အားတဲ့ အချိန်လေးကို အမောဖြေမယ် စိတ်ကူးတာ
    မရပါဘူးးးး ကိုတာတေရယ်....ဒါနဲ့ ခု ဒီ ပိုစ့်ကို ဖတ်ပြီး ဖုန်းခေါ်ကြည့်တော့ 1 မိနစ်ပဲ ကျန်တော့တယ်တဲ့ ...အီးးးးးအီးးးးးး ကိုကြီးတာတေ ရေ..ဘယ် လို လုပ်မလဲ...

  1. Anonymous said... :

    လက်ကိုင်ဖုန်းတွေ့ရဲတောင်းခံနှုန်းထားတွေကတော့ကြောက်စရာပါပဲဗျာ။GSM ငွေတောင်းခံလွှာကဆက်သွယ်ရေးပါးစပ်ထဲ
    တွေ့ရာတောင်းနေသလိုပါပဲဗျာ။ဇူလိုင်လအတွက်ကျပ်(50000/-)သွင်းရမယ်။(16)ရက်
    ကျော်သွားလို့မသွင်းရင် လိုင်းပိတ်မယ်ဆိုလို့
    ကမန်းကတန်းငွေသွင်းလိုက်ပါတယ်။
    သြော်....စိတ်ချရပြီပေါ့။နောက်(2)လစာလောက်ကတောံအေးဆေးပဲလို့နေနေတာ။သြဂုတ်လ(15)ရက်နေ့ကြတော့ငွေတောင်းလွှာအ
    သစ်ရောက်လာပါတယ်။ကျပ်(30000/-)သွင်းပါတဲ့။မသွင်းရင်ဖုန်းပိတ်မယ်တဲ့ဗျာ...ကောင်း
    ကြရော။တစ်လထဲနဲ့ဖုန်းပြောခ(50000/-)ကျတယ်တဲ့ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved