ရန်ကုန်-နေပြည်တော်-မန္တလေး အဝေးပြေးလမ်းပေါ်က လူသေမှု

Friday, September 9, 2011


ရန်ကုန်-မန္တလေး-နေပြည်တော် အဝေးပြေးလမ်းမ တနေရာ (ဓာတ်ပုံ - Flickr.com)

မနေ့က ရန်ကုန်- နေပြည်တော်- မန္တလေး အဝေးပြေးလမ်းမကြီးပေါ် တက်လာတဲ့ ဆိုင်ကယ်တစီးကို လမ်းတံတားလုံခြုံရေးနဲ့ စည်းကမ်းထိန်းသိန်းရေးအဖွဲ့က လိုက်ဖမ်း၊ ၀ိုင်းရိုက်ကြရင်းက ဆိုင်ကယ်မောင်းသမားတယောက် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သတင်းရပါတယ်။

အခင်းဖြစ်တဲ့နေရာကတော့ အဝေးပြေးလမ်းမကြီးဘေး၊ မိုင်တိုင်အမှတ် ၁၉၂ နဲ့ ၄ ဖာလုံ၊ ၅ ဖာလုံလောက် အကွာနားမှာလို့ ဆိုပါတယ်။ သေဆုံးသွားသူ ဆိုင်ကယ်သမားကတော့ ဧလာ၊ ပိတောက်ချောင်းအုပ်စု၊ ချောင်းဇောက်ရိုး တဲစုရွာက အသက် (၃၀) အရွယ် ကိုကျော်မျိုး (ဘ) ဦးဖိုးထောင်လို့ သိရပါတယ်။

ကိုကျော်မျိုးဟာ အဖော်တယောက်နဲ့အတူ တခြားတရွာကို ကွမ်းသွားရောင်းဖို့ သွားရာမှာ အဝေးပြေးလမ်းအောက်က လယ်လမ်းတွေမှာ ရွှံ့ဗွက်တွေနဲ့ သွားမရဖြစ်နေလို့ အဝေးပြေးလမ်းပေါ် တက်မောင်းတာမှာ လမ်းတံတား လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လူ ၆၀ လောက်ကနေ ကား ၃ စီးနဲ့ လိုက်ဖမ်းတာလို့ မျက်မြင်တွေက ပြောပြပါတယ်။

“သူတို့ လူမိုက်တွေကို ဒီလို လိုက်ဖမ်းဖို့ မွေးထားတာ၊ အဲ့ဒီလူတွေလိုက်လာတော့ ကျော်မျိုးက လမ်းဘေးချလိုက်တယ်။ အဲ့ဒါကို ၀ိုင်းဖမ်းပြီး မြေလမ်းပေါ်မှာတင် ဓားနဲ့တယောက်က ထိုးလိုက်တာ။ ဓားက ၁၃ လက်မလောက်ရှိမယ်။ ရင်ဝမှာ ဓားတန်းလန်းနဲ့ နေရာတင် မှောက်လျက်ကြီး သေသွားတယ်။” လို့ မျက်မြင်တယောက်က ဧရာဝတီကို ပြောပြပါတယ်။

ပြစ်မှုကျူးလွန်တဲ့သူကို နေပြည်တော် လယ်ဝေးရဲစခန်းမှာ ထိန်းသိမ်းထားပြီး လူသေမှုပုဒ်မနဲ့ တရားစွဲဖို့ စီစဉ်နေတယ်လို့ တာဝန်ကျ ရဲအရာရှိတယောက်က ပြောပြပါတယ်။

ဒီ ရန်ကုန်-နေပြည်တော်-မန္တလေး အဝေးပြေးလမ်းပေါ်မှာ ယာဉ်မတော်တဆမှုတွေမဖြစ်အောင်ဆိုပြီး၊ အဝေးပြေးကားတွေ၊ အိမ်စီးကားငယ်တွေကလွဲလို့ တခြားယာဉ်တွေ မမောင်းရ၊ မဖြတ်ရဘူးလို့ စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ ခိုးမောင်း၊ ခိုးဖြတ်တဲ့ ပတ်ဝန်းကျင်ရွာတွေက ဆိုင်ကယ်တွေ၊ လှည်းတွေကိုတွေ့ရင် လမ်းလုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လိုက်ဖမ်းပြီး ဒဏ်ငွေတပ်တယ်လို့ ဆိုပါတယ်။

“ဒဏ်ငွေတပ်တဲ့အခါ တသိန်းပေးရင် ပြန်လွှတ်ပေးပါတယ်။ ကျနော်တို့ရွာတွေက တရွာနဲ့တရွာသွားချင်ရင် ဒီတလမ်းပဲ သုံးစရာရှိတယ်။ လယ်လမ်းတွေက အခုက မိုးရွာနေတော့ သွားလို့လာလို့ အဆင်မပြေတော့ ဒီလိုပဲ ခိုးသွားနေကြတာ။ သူတို့က လိုက်ဖမ်းတဲ့အခါ လူမိုက်တွေနဲ့ ၀ိုင်းလိုက်၊ ၀ိုင်းရိုက်ဆိုတာကတော့ မကောင်းဘူးပေါ့။ သူတို့ ဒီလိုလုပ်နေတာ လူကြီးတွေ သိစေချင်တယ်။ တလောကလည်း အဲ့လိုအရိုက်ခံရလို့ တယောက် နံရိုးကျိုးသွားသေးတယ်” လို့ ဒေသခံတယောက်က ပြောပြပါတယ်။

ရန်ကုန်-နေပြည်တော်-မန္တလေး အဝေးပြေးလမ်းမကြီးကို ၂၀၁၀ ခုနှစ်အတွင်းမှာ ဖွင့်ခဲ့ပါတယ်။ အရှည်မိုင်ပေါင်း ၃၅၀ ကျော်ရှိပြီး ရန်ကုန်-မန္တလေးကို ဒီလမ်းကသွားရင် ၇ နာရီနဲ့ ရောက်နိုင်မယ်လို့ဆိုပါတယ်။ ဒီလမ်းဖွင့်ပြီးကတည်းက လမ်းအသုံးပြုတဲ့ကားတွေ မတော်တဆ ထိခိုက်မှုဖြစ်တာတွေ၊ ကားသမားတွေက လမ်းရဲ့အချိုးအကွေ့တွေဟာ အန္တရာယ်ကြီးတဲ့အကြောင်း၊ ကွန်ကရစ်လမ်းဖြစ်လို့ ကတ္တရာလမ်းပေါ်မောင်းတာထက် တာယာတွေပျက်စီးလွယ်တဲ့အကြောင်း ဝေဖန်သံတွေ ကြား မကြာခဏ ကြားနေရပါတယ်။ လမ်းတံတား တာဝန်ရှိသူတွေကတော့ ယာဉ်မောင်းသူတွေရဲ့ မဆင်မခြင်မောင်းမှုတွေကြောင့်သာ ဒီလို ထိခိုက်မှုတွေဖြစ်ရတယ်လို့ ဆိုပါတယ်။



10 comments :

  1. Anonymous said... :

    ဒုက္ခဘဲ..။ မြန်မာနိုင်ငံမှာ တရားဥပဒေ မရှိတော့ဘူးလား...။ ပိုက်ဆံပေးခိုင်းနိုင်ရင် လုပ်ချင်ရာ လုပ်လို.ရပြီလား....။ ကုန်ကျစရိတ်သက်သာအောင် ဘိလပ်မြေသုံးပြီး ကွန်ကရစ်လမ်း ခင်းပြီးမှ လမ်းပျက်မှာ ကြောက်နေတဲ့ လမ်းခင်းကုမ္ပဏီ၊ သက်ဆိုင်ရာတာဝန်ရှိတွေရဲ့ စိတ်ဓါတ်ကတော့ ရွံစရာ ကောင်းတယ်..။

  1. ကေကေအို said... :

    အဲဒီလောက်အထိ ဖြစ်နေပြီလားဗျာ။ လူ ၆၀လောက်က ကား ၃စီးနဲ့ လိုက်ဖမ်းပြီး ၁၃လက်မလောက်ရှိတဲ့ ဓါးနဲ့ထိုးလိုက်တာ၊ အောင်မလေးဗျ။ ပုံကြီးမချဲ့နဲ့နော်။

  1. Anonymous said... :

    ပုံကြီးချဲ့ရင်တောင်မှ သေတဲ့လူကခင်ဗျားအကိုဆိုဘယ်လို
    ခံစားမလည်းဟင်...

  1. Anonymous said... :

    စုတ်တီးစုတ်ပဲ့ မဏ္ဍိုင် ။ ကောလာဟလကိုလဲ ယုံအောင်ရေးကြပါလား။ လူအယောက် ၆၀ လောက်ကပဲ ၀ိုင်းလိုက်၊ ၀ိုင်းရိုက်တယ် ဖြစ်ရသေးတယ်။ ဆရာဝန်တွေကို တစ်ဖက်သက်အမြင်နဲ့ရေး၊ ပြော နေကြတာလဲ ဒီစုတ်တီးစုတ်ပဲ့ မဏ္ဍိုင်တွေပဲ။

  1. Anonymous said... :

    ကဲ နဲနဲတော့ပြောကြည့်မယ်
    လူသေတာမသေတာစိတ်မဝင်စားပါဘူး ဘယ်ဘက်ကဝိုင်းရိုက်တာမရိုက်တာလဲ မပြောလိုပါဘူး ပြောချင်တာကတော့စည်းကမ်းဘဲဗျာ အဝေးပြေးလမ်းမပေါ်မှာ ဒီလိုယာဉ်ငယ်တွေ နွားလှည်တွေ စက်ဘီးတွေ ထော်လာဂျီတွေ မမောင်းသင့်တာကတော့ အမှန်ပါ
    ဒီအနှေးယာဉ်တွေ လမ်းပေါ်မှာ ဘယ်လို ဂွကျကျ လုပ်နေလဲဆိုတာမယုံမရှိနဲ့ကို့လူတို့ ကိုတိုင်လာမောင်းကြည့်အုံး

    စည်းကမ်းဆိုတာချမှတ်ထားရင် မည်သူလိုက်နာနာ မနာနာ ကိုယ့်စည်းကိုထိမ်းပီးလိုက်နာရင် ဒါမျိုးတွေဖြစ်လာမှာမဟုတ်ပါဘူး ကိုလိုက်နာလဲ တခြားသူတွေလုပ်လို့ ငါလိုက်လုပ်တယ်ကွာ ဆိုတဲ့စိတ်တွေ ထားနေကြအုံးမယ်ဆိုရင်ဖြင့် ကျုပ်တို့ခင်ဗျားတို့ ပြောပြောနေတဲ့နေရာကို ရောက်ဖို့ အတော်ဝေးအုံးမယ် ထင်ပါရဲ့

  1. Anonymous said... :

    လမ်းပေါ်တက်မောင်းသူကော လိုက်ရိုတ်သူကော ၂ ဖက်လုံး လွဲနေတာတော့ အမှန်ပဲ... လက်ခုပ် ၂ ဖက်တီးလို့ အသံမြည်တဲ့ ပြသနာပဲ...

  1. Anonymous said... :

    အယောက် ၆၀ ရိုက်တာမရိုက်တာထက် စည်းကမ်းဖေါက်လို့ရိုက်သတ် အရေးယူမခံရဘူးဆိုယင် ဒီအလုပ်ကိုလစာမရလည်း လုပ်ချင်တယ်။ ကွမ်းရောင်းတဲ့ရွာသားတွေ ကားဝယ်စီးဖို့ဆိုတာ လွယ်တာမဟုတ် ဆိုင်ကယ်စီးတော့လည်း သူတို့ရွာကိုဖြတ်ဖောက်ထားတဲ့လမ်း သူတို့အတွက်အသုံးမကျ သူတို့အတွက်ရည်ရွယ်တဲ့လမ်းက စုတ်ပြတ်ဗွက်ပေါက် နိုင်ငံခြားသားတွေရှေ့ ဝမရှိဝိလုပ်ချင်တဲ့စည်းကမ်းချက်တွေ

  1. Anonymous said... :

    စည်းကမ်းဥပဒေထုတ်တယ်ဆိုရင်လည်းလိုက်နာနိုင်စေမယ့် အခြေအနေကိုဖန်တီးပေးထားဖို့ လိုမယ်လို့ ထင်ပါတယ်။
    ဒါကြောင့်ဒီဖြစ်စဉ်မှာတာဝန်ရှိသူက စည်းကမ်းထုတ် တဲ့အဖွဲ့ အစည်းမှာတာဝန်ရှိနေတယ်လို့ မြင်ပါတယ်။

  1. Anonymous said... :

    မွန်ပြည်နယ်မှာ....ဆိုရင်....အဲဒီ...အယောက်၆၀သေနေလောက်ပြီး

  1. Anonymous said... :

    ဒါကတော့မဖြစ်နိုင်တဲ့သတင်းပါ ...
    ၁၀၀% အယုံအကြည်ကိုမရှိပါဘူး ...

    အမြန်လမ်းပေါ်မှာ ဆိုင်ကယ်၊ စက်ဘီး ကိုးလို့ကန့်လန့်လုပ်တာလောက် ဒုက္ခများတာကတော့ ကိုယ်တွေ့အဖြစ်တွေပါ ..
    ကျွဲ၊ နွား တွေလဲပါသဗျို့ ...
    တစ်ခုတော့ပြောချင်တယ်ဗျာ ..
    သွားနေခဲ့တဲ့တလျှောက် အမြန်လမ်းပေါ် ဆိုင်ကယ်မစီးရ၊ တွေ့ရှိရင်သိမ်းဆည်းမယ်၊
    ကျွဲ နွား မကျောင်းရ ဆိုင်းဘုတ်ကလွဲရင် ဖမ်းဆီးတဲ့သူလုံးဝ(လုံးဝ) မတွေ့မိဘူးဗျာ ..
    ကိုယ်သွားနေတဲ့အချိန်ပဲမရှိတာလားတော့မသိဘူး ...
    ဒါကို ဆိုင်ကယ်တစ်စီးကို လူ (၆၀) လောက် လိုက်ဖမ်းပြီး ဓါးနဲ့ထိုးတယ်ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved