နေပြည်တော် လယ်ဝေးမှာ မကြုံစဖူး ရေကြီး

Thursday, September 29, 2011


နေပြည်တော် လယ်ဝေးအနီးတ၀ိုက်မှာ မကြုံစဖူး ရေတွေ ကြီးနေတာကြောင့် ပတ်ဝန်းကျင် ရွာတွေက ရေလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

အဆက်မပြတ်ရွာတဲ့မိုးကြောင့် နေပြည်တော် လယ်ဝေးဒေသထဲ ဖြတ်စီးနေတဲ့ ရုံးပင်ချောင်းရေ တက်လာပြီး လူတရပ်နီးပါး ရေတွေ တိုးဝင်လာလို့ လယ်ဝေးက ရန်အောင်ပြေဘုရားကုန်းတော်ပေါ်မှာ ရွာကိုးရွာက ဒုက္ခသည်တွေ ရေဘေးခိုလှုံနေတယ်၊ ဧလာ ငှက်ပျောတောရွာလည်း ရေမြုပ်နေလို့ ရွာကလူတွေဟာ ဧလာ က မူကြိုကျောင်းဝင်းမှာ နေနေကြရတယ်လို့ ဆိုပါတယ်။ လယ်ဝေးနဲ့ ဧလာ ပတ်ဝန်းကျင်က ရွာ ၁၀ ရွာက လူနေအိမ်ခြေတွေ ရေလွှမ်းပျက်စီးကုန်တယ်၊ စိုက်ခင်းတချို့လည်း ရေမြုပ်ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။

ချောင်းအနိမ့်ပိုင်းက ရေမမြုပ်သေးတဲ့ ရွာတွေကိုလည်း ရေဘေးအန္တရာယ်ရှိကြောင်း သက်ဆိုင်ရာက သတိပေးပြီး ရေလွတ်ရာ အမြင့်ပိုင်းတွေကို အမြန်ဆုံးရွှေ့ပြောင်းခိုင်းနေတယ်လို့ ဒေသခံတယောက်က ပြောပြပါတယ်။

ဒေသခံတွေကတော့ မိုးရွာတာနဲ့ ဒီလောက် ရေမတိုးနိုင်ဘူး၊ ဒါဟာ ရုံးပင်ချောင်းအထက်ပိုင်း မဒန်းဆည်က ရေအားမနိုင်တာကြောင့် ရေတွေကိုလွှတ်နေလို့ဒီလိုဖြစ်တာ၊ ဆည်က ရေတွေဖောက်ချဖို့ အစီအစဉ်ရှိလို့ ရွာတွေကို ရွှေ့ခိုင်းနေတယ်လို့ ရွာသူရွာသားတွေက ထင်မြင်ချက်ပေးနေကြောင်း၊ လောလောဆယ်မှာတော့ သက်ဆိုင်ရာက ဆည်ရေဖောက်ချမယ်လို့ တရားဝင် ထုတ်ပြန်မပြောပဲ မိုးများလို့ ချောင်းရေတက်လာတာလို့ပဲ ပြောတဲ့အကြောင်း ဧရာဝတီကို ပြောပြကြောင်းပါ။

1 comments :

  1. Anonymous said... :

    မင်းကောင်း မင်းမြတ်တွေ အနီးကပ် အုပ်ချုပ်နေတာပဲ ဒီလောက်တော့ ရှိမှာပေါ့...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved