ပေးစာ - ယနေ့ ကော့သောင်း

Wednesday, October 26, 2011

ကော့သောင်းမြို့ (ဓာတ်ပုံ - sakalay.blogspot.com)


(ကော့သောင်းကနေ ပေးပို့လာတဲ့စာပါ။ ပေးပို့လာသူရဲ့ အာဘော်အတိုင်း ဖော်ပြလိုက်ပါတယ်)

ကော့သောင်းမြို့ရဲ့ မတရားရုံး

ကျနော်တို့ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်မှာ အဓိက မဏ္ဍိုင်ကြီးဖြစ်တဲ့ တရားရေးဌာနရဲ့ ခေါင်းစဉ်အောက်က မြို့နယ်ပြည်သူ့တရားရုံး ဆိုတဲ့နေရာမှာ မြို့နယ်ငွေရှင်များရုံးလို့ အမည်တပ်ရလောက်အောင် တရားလက်လွတ် ငွေနောက်လိုက်ပြီး တရားစီရင်နေတာ ခံရသူတွေ၊ မြင်ရသူတွေ သည်းမခံနိုင်လောက်အောင် ဗြောက်ကျကျ လုပ်ချင်သလို လုပ်နေကြတာ လွန်လွန်းပါတယ်ဗျာ။

ဒါနဲ့တဆက်တည်း ကော့သောင်းမြို့နယ် အောင်သုခရပ်ကွက် ဗိုလ်ချုပ်လမ်းမှာ ချဲထီရောင်းသမား ၂ ဦးကို ထိုးသူ ရောင်းသူ သက်သေခံလောင်းကစားပစ္စည်း ဘောက်ချာ၊ လောင်းကစားငွေ သိန်းဆယ်နဲ့ချီ ဖမ်းဆီးလိုက်ပြီး ၁ ဦးကို ပြန်လွှတ်၊ အဲဒီတဦးက အပြင်မှာ ချဲအကြွေး ထိုးထားတဲ့ ဘတ်ငွေ ၄၀၀၀၀၀ ဘတ် (ကျပ်ငွေ သိန်း ၁၁၀ ကျော်) ကို တရားရုံးမှာ ချေးငွေဆိုပြီး မခိုင်လုံတဲ့ အထောက်အထားနဲ့ တရားစွဲတော့ တရားရုံးက ပေးစေလို့ အမိန့်ချလိုက်ပါရောလား။ မြန်လိုက်တဲ့အမှု၊ ပြတ်သားလိုက်တဲ့ အမိန့်။ နှစ်ဖက်သက်သေတွေရဲ့ ထွက်ဆိုချက်တွေကလည်း ချဲထီအကြွေးပါဆိုတာ ပေါ်လွင်အောင် ထွက်ဆိုကြပါလျက်နဲ့ မြို့နယ်တခုရဲ့ တရားစီရင်မှုအောက်မှာ ငွေမနိုင်သူတွေရဲ့ မတရားခံစားနေရတဲ့ ဒုက္ခကြီးတွေပါဗျာ။

ကော့သောင်းတားဆီးအဖွဲ့၏ လက်စွမ်း

ကော့သောင်းမြို့နယ် တနေရာမှ ပါစင်ဂျာ (ခရီးသည်) တယောက် တင်ဆောင်လာတဲ့ မော်တော်ဆိုင်ကယ် (TAXI) မောင်းသမားတယောက်ကို လူပွဲစားဆိုပြီး ဖမ်းဆီးအရေးယူ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်လို့ သူ့ကို မှီခိုနေကြရတဲ့ ကျောင်းသားလူမမယ် ၂ ဦး နဲ့ ဇနီးမယား စုစုပေါင်း ၃ ဦးမှာ ဘ၀ပျက်မတတ် ခံစားလိုက်ရပါရောလား။

အဲ … တချို့ကျတော့ လူ ၄၀၊ ၅၀ ပို့ပြီး သူတို့ဆက်သွယ်ထားတဲ့ ထိုင်းနိုင်ငံက အအေးးခန်းကားနဲ့ အလုံပိတ်ကားထဲမှာ အသက်ရှုကြပ် သေကုန်ကြတာ လူပေါင်း ၄၀၊ ၅၀။ အဲဒီထဲက ကံအားလျော်စွာ အသက်ရှင်လာတဲ့ အမျိုးသမီးတဦးက “ကျမတို့ကို ကော့သောင်းမြို့ ဘယ်သူ့တည်းခိုးခန်းက ဘယ်သူပို့ပေးလိုက်ပါတယ်” လို့ ဖွင့်ပြောတော့ သက်ဆိုင်ရာက တည်းခိုခန်းပိုင်ရှင် လူပွဲစား ဇနီးမောင်နှံ ၂ ယောက်ကို လာရောက်ဖမ်းဆီးပါတယ်။ ဒါပေမယ့် ၁ လ၊ ၂ လ ကြာတော့ ဘယ်နည်းဘယ်ပုံ ပြန်လွတ်လာသည်မသိ၊ အခုတော့ အပြင်လောကမှာ အခန့်သား ကြော့လို့ မော့လို့။

မြေမြို၍ လူမျိုးမပြုတ် လူမြိုမှ လူမျိုးပြုတ်မယ်ဆိုတဲ့ ကော့သောင်း ၀လက

မြေမြိုလို့ လူမျိုးမပြုတ် လူမြိုမှ လူမျိုးပြုတ်မည်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ရပ်တည်နေတဲ့ လ၀က ဌာနရဲ့ လုပ်ရပ်တွေကလည်း ကြည့်ပါဦး။ သန်းခေါင်စာရင်းထဲ လူတယောက်တိုးချင်ရင် ဘတ် ၅၀၀ မှ ဘတ် ၇၀၀ အထိ တောင်းခံလေရဲ့။ စီစစ်ရေးကတ် တစ်ကတ်လိုချင်ရင် ဘတ် ၃၀၀၀ ပေး၊ မြန်မာတိုင်းရင်းသား ဟုတ်ဟုတ် မဟုတ်ဟုတ် လွယ်လိုက်တာ။ မနက်လုပ် ညနေပြီး ချက်ခြင်းပဲ။ တရားဝင်ကြေးနဲ့ လိုချင်ရင်တော့ ဘိုးဘွားဘီဘင် အဆင့်ဆင့် အထောက်အထား အပြည့်အစုံ ယူလာခဲ့၊ မပြည့်စုံရင်ညောင်း။ ဘယ်တော့မှ ရမှာမဟုတ်ဘူး။ အဲဒီတော့ နိုင်ငံသားကတ် မကိုင်နိုင်တဲ့ နိုင်ငံသားတွေ လူစာရင်းမ၀င်တော့ဘဲ ပျေက်ဆုးံကုန်မှာ စိုးရလေရဲ့။
ကော့သောင်းမြို့က ချစ်တီးဆေးရုံကြီး

ပြည်သူ့ဆေးရုံကြီးတဲ့၊ ပြည်သူအများစုကတော့ ချစ်တီးဆေးရုံကြီးလို့ အသိများပါတယ်။ အကြောင်းကတော့ ဒီလိုပါ။ ဆေးရုံတင်တဲ့လူနာတိုင်းကို ရောက်ရောက်ခြင်း ဆေးရုံဝန်ထမ်းတွေ စတင်ဆက်ဆံလိုက်ပုံက ဆေးဝယ်ဖို့ ပိုက်ဆံလုံလုံလောက်လောက် ပါရဲ့လား၊ ပါရင်ကျမပြောတဲ့ ဆေးဆိုင်မှာ ကျမရေးပေးတဲ့ဆေးတွေ သွားဝယ်။ တခြားဆိုင်က ၀ယ်လာလို့ရှိရင်တော့ ကိုယ့်လူနာကို ဒီဆေးရုံက ဆေးကုပေးမှာမဟုတ်ဘူး၊ ကဲညင်သာလိုက်တဲ့ ဆက်ဆံရေး သူတို့ပို့ထားတဲ့ ဆေးတွေကို မတန်တဆဈေးတွေနဲ့ ရောင်းချနိုင်အောင် ၀န်ဆောင်မှု ပေးလိုက်ပုံ။ ပြည်သူ့ဆေးရုံတဲ့၊ ဟုတ်မယ်မထင်လောက်ပါဘူး … ချစ်တီးဆေးရုံဖြစ်ပါလိမ့်မယ် … နော်။

အပင်တကာအပင်ထဲမှာ အသုံးမ၀င်ဆုံးအပင် … ကော့သောင်းက စည်ပင်

မြို့နယ်သန့်ရှင်း သပ်ရပ်အောင် ဆောင်ရွက်ပေးကြပါတယ်ဆိုတဲ့ မသန့်ရှင့်တဲ့စည်ပင်သာယာ ၀န်ထမ်းကြီးတွေကို အထက်က မင်းတို့မြို့နယ်မှာ မင်းတို့ သတ်မှတ်ချင်သလို သတ်မှတ်၊ လုပ်ချင်သလိုလုပ်ကြပေရော့လို့ ခွင့်ပြုချက် ချပေးထားလေသလား။

လုပ်ငန်းလိုင်စင်တခု လုပ်ပြီဆိုကတည်းက အဲဒီလုပ်ငန်းကို အမည်တော့ တပ်ရမှာပဲ၊ အမည်ကပ်တဲ့ ကြော်ငြာဆိုင်းဘုတ်ကိုလည်း မြင်သာအောင် ထားရမှာပေါ့။ မြင်သာအောင်ထားတဲ့ ကြော်ငြာဆိုင်းဘုတ် အကြီးအသေးအပေါ်မှာ ဆိုင်းဘုတ်ခွန်ဆိုတာလည်း ပေးရသေးပါသလား?။ ပြီးတော့ ဆိုင်တဆိုင်ရဲ့ စည်ပင်ကြေးကို မဆောင်နိုင်တော့လို့ ဆိုင်ပိတ်ပါတော့မည်လို့ ဆိုင်ပိုင်ရှင်ကပြောတော့ စည်ပင်အရာရှိအနေဖြင့် စည်ပင်ကြေး များနေသလား၊ များနေရင် ဆိုင်မပိတ်လိုက်ပါနဲ့၊ လျှော့ပေးမည်ဆိုပြီး စည်ပင်ကြေးကို သတ်မှတ်ချက်မရှိ အလျှော့အတင်းနှင့် လိုသလို ကြည့်လုပ်လို့ ရပါသလား?။

နောက် ယုဇန ဆီအုန်းစီမံကိန်းသုံး ၁၀ ဘီးကားကြီးတွေ အရှည် ပေ ၂၀၊ ၃၀ လောက်ရှည်တဲ့ ကားကြီးတွေ တန်ချိန် ၄၀၊ ၅၀ တင်ပြီး ဘယ်လမ်းတွေပဲ ပျက်ပျက်၊ ဘယ်ယာဉ်ကြောတွေပဲ ပိတ်ပိတ်၊ ဘယ်ယာဉ်တွေနဲ့ တိုက်တိုက် ဘယ်သူတွေနဲ့ပဲ တိုက်သေသေ၊ စည်ပင်နဲ့ကမဆိုင်၊ မျက်ကွယ်ပြု နေနိုင်ခွင့်ရောရှိပါသလား?။ နောက်ပြီး စည်ပင်လမ်းပေါ်မှာ ဟိုဆိုင်ကယ်နဲ့တိုက်၊ ဒီကားနဲ့တိုက် လျှောက်ပြေးနေကြတဲ့ ခွေးလေးခွေးလွင့်တွေကတော့ စည်ပင်က မွေးထားကြတာပဲလား?။

ဒါတွေအားလုံးဟာ ဦးသိန်းစိန် လိုလားတဲ့ အမူအကျင့်တွေ ဟုတ်မယ်မထင်ပါဘူး။ ဆိုတော့ကာ သမ္မတကြီးခင်ဗျား … ကျနော်တို့ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်မှာ ဌာနဆိုင်ရာအလိုက် အသီးသီးနေရာ အပိုင်စားယူထားတဲ့ အရာရှိကြီးတွေရဲ့ စရိုက်ဆိုးတွေကို ရိုက်ချိုးနိုင်ရေးအတွက် တစေ့တစ်စောင်း ငဲ့စောင်းကြည့်လှည့်ပါဦးလို့ အသနားခံလိုက်ပါတယ် ခင်ဗျာ။





1 comments :

  1. Anonymous said... :

    Please Mr President U Thein Sein take the time read and listen what happen in the whole country.When do we have clean country?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved