ဟိမဝန္တာက တော်ဝင်လက်ထပ်ပွဲ

Friday, October 14, 2011


ဟိမဝန္တာတောင်တန်းဒေသက သီးခြားဖြစ်နေတဲ့ နဂါးမြေလို့ ခေါ်ကြတဲ့ ဘူတန်နိုင်ငံမှာ အသက် ၃၁ နှစ်အရွယ် ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck ရဲ့ တော်ဝင်လက်ထပ်မင်္ဂလာ အခမ်းအနားကို မနေ့က ရိုးရာဓလေ့အတိုင်းကျင်းပပါတယ်။

ဘူတန်ဘုရင်က ၂၀၀၈ ခုနှစ်မှာ နန်းတက်ခဲ့တာ ဖြစ်ပြီး တိုင်းပြည်အတွင်း ဒီမိုကရေစီအရေး ဆောင်ရွက်ခဲ့ပါတယ်။ စုစုပေါင်း တိုင်းပြည်ထွက်ကုန် တန်ဖိုးအစား စုစုပေါင်း တိုင်းပြည် ပျော်ရွှင်မှုတန်ဖိုး "Gross National Happiness" ထုတ်ဖော်ခဲ့ပါတယ်။

ဘူတန်ဘုရင်ကို ပဉ္စမမြောက်မင်း လို့လည်း ခေါ်ကြပါတယ်။

ဘုရင်က လက်ထပ်ထိမ်းမြားမယ့် ကြင်ယာတော်အကြောင်းတော့ ပြည်သူပြည်သားတွေက သိပ်မသိကြပါဘူးတဲ့။ အသက် ၂၁ နှစ်အရွယ်ကျောင်းသူ Jetsun Pema ကို ပြည်သူတွေက ပြီးခဲ့တဲ့ မေလကမှ သိကြတာပါ။



“သူမအကြောင်းတော့ သိပ်မသိဘူး၊ ဒါပေမယ့် အတော်တော့လှတယ်။ ဘုရင်ကြီးအရွေးတော်တယ်” လို့ အသက် ၂၃ နှစ်အရွယ် စီးပွားရေးကျောင်းသူ Zhumg Chuck က ပြောပါတယ်။

Pema ဟာ လေယာဉ်မှူးတဦးရဲ့ သမီးပါ။ ဒါပေမယ့် ဘူတန်ဘုရင်ကတော့ လူထုရှေ့မှာ သူမလက်ကိုဆွဲပြီး ရဲရဲပဲ ပွဲထုတ်ခဲ့ပါတယ်။

“ဘုရင်က သူ့ကို တော်တော်ချစ်တယ်၊ ဘယ်သွားသွား လက်ချင်း ချိတ်လို့ပဲ။ ခုတောင် လူငယ်တွေက အဲဒီပုံစံ လိုက်အတုခိုးနေကြပြီ” လို့ ၁၆ နှစ်အရွယ် ကျောင်းသူ Jurme Choden က ပြောပါတယ်။ သူက လာမယ့်စနေနေ့ ပျော်ပွဲရွှင်ပွဲမှာ ကဖို့ အကကျင့်နေတာပါ။

သူတို့နှစ်ဦးဟာ ဘုရင်လောင်းလျာ အသက် ၁၇ နှစ်နှစ်၊ မိဖုဘုးရားလောင်း အသက် ၇ နှစ်အရွယ်ကတည်းက မိသားစု ပျော်ပွဲစားတခုမှာ သိခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် အဲဒီတုန်းက မင်းသားဖြစ်တဲ့ ဘူတန်ဘုရင်က ဒူးထောက်ပြီး “မင်း အရွယ်ရောက်လာတဲ့အခါ၊ ကိုယ်ကလည်း အိမ်ထောင်မကျသေး၊ မင်းကလည်း အိမ်ထောင်မကျသေးရင် မင်းကို ကိုယ့်ဇနီး ဖြစ်စေချင်ပါတယ်” လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် မင်းသားဟာ အိန္ဒိယမှာ ကျောင်းနေတယ်၊ ပြီးတော့ အမေရိကန်ကို သွားပြီး နိုင်ငံရေး သိပ္ပံဘာသာရပ်သင်တယ်။ နောက်တော့ အောက်စဖို့ဒ် တက္ကသိုလ်မှာ စီးပွားရေးပညာ သင်ယူတယ်။

“သူဟာ လူမှုရေးပွဲတွေ သိပ်မသွားဘူး၊ ဘုရင်ဖြစ်မယ့်သူ သျှောင်ကလေးနဲ့ ဆိုသလိုပဲ” လို့ သူ့အတန်းဖော်တဦးက ပြောပါတယ်။

ဘူတန်ဘုရင်ကိုရော ကြင်ယာတော်လောင်းကိုပါ ငယ်ငယ်က စာသင်ပေးဖူးတဲ့ ဆရာမကြီးက “Pema တို့ဟာ မောင်နှမ ၅ ယောက်ရှိတယ်။ သူ့အနေနဲ့ ဘုရင်မဖြစ်လာလိမ့်မယ်လို့ အိပ်မက်တောင် မက်ခဲ့ပုံ မပေါ်ပါဘူး” လို့ ပြောပြပါတယ်။

Pema ဟာ လန်ဒန်မှာလည်း ပညာဆည်းပူးခဲ့တယ်။ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်နဲ့ ဘွဲ့ရတယ်။

မိဖုရားအသစ်ကလေးဟာ လူမှုကူညီရေး လုပ်ငန်းတွေ လုပ်မယ်လို့ မျှော်လင့်ရပြီး နန်းဆက်မပြတ်အောင်လည်း ကလေးတွေ မွေးပေးမယ်လို့ ဆိုပါတယ်။

Ref: AFP

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved