ခိုင်စို့ ရင်ဖုံး ဒူးထိဆွဲချ

Friday, October 14, 2011


ခေါင်းစဉ်ကြည့်ပြီး ဘာတွေကြောင်ပြန်ပလဲတော့ မတွေးလိုက်ပါနဲ့။ ခိုင်စို့ ဆိုတာက ခိုင်မာသော ဆို့စ်ခေါ် သတင်းရင်းမြစ်ကို ပြောတာ။ ရင်ဖုံး ဆိုတာကတော့ အင်္ကျီမဟုတ်ပါဘူး ... ရင်ဘတ်ဟိုက်တဲ့ ကောင်မလေးတွေကို ရင်ဘတ်ဖုံးခိုင်းတာ။ တခုခုနဲ့ ပိတ်ခိုင်းတာပေါ့။ ဆေးချယ်ခိုင်းတာမျိုးပါ။

ဒူးထိ ဆွဲချ ဆိုတာကတော့ ဘောင်းဘီတို စကတ်တိုလေးတွေကို ဒူးအထိ လုံအောင် ဖုံးပေးတာ :P ဒီ ဝေါဟာရတွေဟာ အရင်ကတော့ မြန်မာဝေါဟာရထဲမှာ ပါသလားမပါသလား ... ကိုတာတေတော့ သေချာ မပြောတတ်ပါဘူး။ ဒါပေမယ့် ဒီဝေါဟာရသစ်တွေ (ဟောင်းချင်လည်း ဟောင်းမပေါ့) ကိုတီထွင်သူတွေကတော့ နာမည်ကျော် စာပေစိစစ်ရေး ဌာနပါ။ အခုလို တက်ကနော်လော်ဂျီ ခေတ်ကြီးမှာတော့ စိစစ်ရေးက ဝေါဟာရတွေလည်း ဖေ့စ်ဘုခေါ် မျက်နှာစာအုပ်ပေါ် ရောက်လာပါပြီ။ ဒါကတော့ Thiha Nwe ရဲ့ စာမျက်နှာပေါ်က သဘောကျစရာ စိစစ်ရေး ဝေါဟာရလေးတွေပါ။

စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနသုံး ဝေါဟာရအဘိဓာန်

ဂျာတာ = ဂျာနယ်မှတာဝန်ယူရန်။

အတွင်းခွင့်ပြု = ဂျာနယ်၏အတွင်းစာမျက်နှာများတွင်သာဖေါ်ပြရန် (ဒီလိုပြောသားနဲ့ မျက်နှာဖုံးမှာ ဖော်ပြကြည့်ပါလား ... ဟီဟီ။ စမ်းရဲရင်စမ်းကြည့်စမ်း တပတ်ပိတ်၊ နှစ်ပတ်ပိတ်ခံရမယ်)

ခိုင်စို့ = ခိုင်မာသော Source ကိုဖေါ်ပြရန်။

ရင်ဖုံး = ဓာတ်ပုံထဲမှအမျိုးသမီးကို ရင်ဘတ်လုံအောင်ဖုံးပေးရန်။

ဒူးထိဆွဲချ =ဓာတ်ပုံထဲမှအမျိုးသမီး၏စကပ် သို့မဟုတ်ဘောင်းဘီကိုဒူးအောက်အထိဆွဲဖုံးပေးရန် (မည်သို့ပင်တိုစေကာမူ ဂျာနယ်ထဲမှာတော့ ရှည်ရမယ်ဆိုတဲ့သဘောပေါ့)

ဌာနထောက်ခံ = ဖေါ်ပြမည့်သတင်းနှင့်ပတ်သက်၍သက်ဆိုင်ရာဌာန၏ထောက်ခံချက်တောင်းရန် (ဒါ တော်တော် အရေးကြီးပါတယ်။ ဌာနဆိုင်ရာရဲ့ ထောက်ခံစာမပါရင် ဖော်ပြပြီးမှ ဒီဌာနက ဒီသတင်းကိုသူတို့မပေးရပါဘူး ငြင်းရင် ဒီဂျာနယ် အကြီးကြီး ကွိုင်တက်ပါတယ်)

အမည်ရာထူး = သတင်းပေးသူ၏ အမည်နှင့်ရာထူးကိုဖေါ်ပြရန် (ဒါလည်း တမျိုးပေါ့။ သတင်းပေးသူက အပေါက်စောင့်လောက် ဆိုရင် ဘယ်ဂလောက်ပင်မှန်သည်ဖြစ်စေ ဒီသတင်းကိုပေးမထည့်ပါဘူး)

စာတည်းတာဝန် = ဖေါ်ပြမည့်သတင်းနှင့် ပတ်သက်သော ဖြစ်လာသမျှကိစ္စအားလုံးကို အယ်ဒီတာမှတာဝန်ယူရန် (ဒါကတော့ ရှင်းပါတယ်။ တခုခုဖြစ်ရင် လက်မှတ်ပြေးထိုးရလွန်းလို့ အယ်ဒီတာတွေ လက်မှတ်အထိုး ကျင့်ထားကြရပါတယ်)

ယ္ခုအရွယ် = အသုံးပြုမည့်ဓာတ်ပုံကို အကြီးချဲ့ခွင့်မပြု (ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံမှာ ဖြစ်တတ်ပါတယ် :P)

ဆိုင်းငံ့ = ယ္ခုတစ်ပါတ် ဖေါ်ပြခွင့်မပြု၊ နောက်တစ်ပါတ်တွင် ပြန်လည်တင်ပြရန် ။

ချိုင်းပိတ် = ဓာတ်ပုံထဲမှအမျိုးသမီး၏ အင်္ကျီလက်ပြတ် ချိုင်းပေါ်နေသည်ကို ဖုံးပေးရန် (ဒါကတော့ အလှပျက်ပါတယ် :P)

တင်ပြသူကတော့ မှတ်မိသမျှ ဖော်ပြတာလို့ ဆိုပါတယ်။ ဒီထက် သိတဲ့သူတွေ ဆက်လက်ဖော်ပြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။ ကိုတာတေ မှတ်မိသလောက်ကတော့ -

နောက်ဆက်တွဲ = ဖြုတ်သည့်နေရာများအတွက် အစားဖြည့်ခြင်းနှင့် နောက်ကျသတင်းများ ထပ်တင်ခြင်း (တချို့ နောက်ဆက်တွဲ ပိတ်ခံထိတယ်ဆိုတာ နောက်ကျသတင်းတွေ (ဝါ) နောက်ဆုံးသတင်းတွေ ထည့်ခွင့်မရတာကို ပြောတာပါ)

ကလီးယား = ဆင်ဆာလွတ်သည်

လှီးထုတ် = သတင်း၊ ဆောင်းပါးများထဲမှာ စာကြောင်းလိုက် အပိုဒ်လိုက် လှီးထုတ် ဖယ်ထုတ်ခံထိသည်

ဖလင်ခေတ်တုန်းကတော့ ဖောက်စွပ်ဆိုတာ ရှိပါတယ်။ သတင်းနဲ့ ဓာတ်ပုံနဲ့ သီးခြားတင်လိုက်ပြီး ဒီနေရာမှာ ဒီပုံကို ဖောက်ပြီး ပြန်စွပ်မယ်လို့ ပြောတာပါ။

မှတ်ချက်။ ။ စိစစ်ရေးက ဖုံးခိုင်းတာတွေဟာ ခေတ်တခေတ်နဲ့ တခေတ် တူပုံမရပါဘူး။ အခုတင်ပြထားတဲ့ မော်နီတာဂျာနယ်က ဓာတ်ပုံတွေကတော့ မင်းသား ပြေတီဦးနဲ့ မင်းသမီး အိန္ဒြာကျော်ဇင်တို့ရဲ့ မင်င်္ဂလာဧည့်ခံပွဲတပွဲက ပုံတွေပါ။ (ဒါတွေကိုသာ ရင်ဖုံးတို့ ချိုင်းပိတ်တို့ ဒူးထိဆွဲချတို့ လုပ်ခိုင်းရင်တော့ ... )





1 comments :

  1. Anonymous said... :

    they always try to lie public, afraid of reality even such small things... so stupit!!!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved