အင်ဒိုနီးရှားနိုင်ငံ ဗာလီညီလာခံမှာ အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောနေတာကို တလေးတစားငေးကြည့်နေတဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်မျက်နှာကို ကြည့်နေရင်း၊ ရပ်ကွက်ထဲက အပျိုကြီး ဒေါ်မြခင် ကို သွားသတိယမိတယ်။
(၁)
အပျိုကြီး ဒေါ်မြခင် တို့ မိသားစုက မန္တလေး (-) လမ်း၊ (-) ဘုရားတောင်ပေါက်မှာနေထိုင်တယ်။ မိဘတွေက အိုမင်းမစွမ်းတော့ မမြခင် ကပဲ အိမ်မှာ ရှိတဲ့ မောင်(၂) ယောက်နဲ့ ညီမ (၃) ယောက်ကို အုပ်ထိန်းရရှာတယ်။ အကြီးဆုံးကလည်း အကြီးဆုံးဖြစ်၊ ဖူးစာဖက်ကလည်းမတွေ့တော့ သူ့မှာအမြဲတမ်းမောပန်းညီးငြူနေတယ်။ ပါးစပ်ကလည်း တပြစ်တောက်တောက်နဲ့။
“ ဟိုကောင်လေး- ငါ့လက်နဲ့တွေ့တော့မနော်။ စားဆိုရင် မြန်မြန်မစားဘူး။ သေရင်ရှေ့ဆုံးက နင်အရင်သေမယ်” ဆိုတဲ့ စကားတွေဆိုတာ အပျိုကြီး မမြခင်ဆီက မနက်လင်းရင် ကြားနေကျစကား။ အလိုဆန္ဒမပြည့်ရင် လက်ကလည်း ယဉ်မှယဉ်၊ မောင်တွေ၊ ညီမတွေကို ဒုတ်တချောင်းနဲ့အမြဲတန်းရိုက်နှက်နေတယ်။ အားမရသေးရင် မောင်၊ညီမတွေကို တိုင်မှာ ကြိုးနဲ့တုတ်ပြီး တညနေလုံး ပစ်ထားပြန်တယ်။ ရပ်ကွက်ကတော့ အပျိုကြီးရဲ့ ဇီဇာကြောင်မှုတွေ၊ ဆူငေါက်နေတဲ့ အသံကြမ်းကြမ်းတွေကို စိတ်ညစ်နေတာ တော်တော်ကြာခဲ့ပြီ။
အဲ့- အပျိုကြီး မမြခင်တယောက်မျက်နှာမှာ ပြုံးရွှင်ပြီး လူတိုင်းကို ဖေါ်ရွေစွာ နှုတ်ဆက်တဲ့နေ့တွေတော့ရှိတယ်။ မန္တလေးမှာ ဇာတ်မင်းသားလေး သိန်းဇော် ရဲ့ ကပွဲရှိတဲ့နေ့ဆိုရင် အပျိုကြီး မမြခင်က သနပ်ခါးကို ခြေဆုံး ခေါင်းဆုံးလိမ်း၊ တကိုယ်လုံးမွှေးကြိုင်အောင် ဖြန်းပက်ပြီး၊ သူ့အိမ်ရှေ့က ဖြတ်သွားတဲ့ ရပ်ကွက်သားတွေကို နှုတ်ဆက်တယ်။ ဇာတ်မင်းသားလေး သိန်းဇော် ဆိုနေကျ “ မာန်ညို မျက်နှာထားတွေရယ်- စိမ်းရက်လို့ တိမ်းရက်လေသလားကွယ်- ရွှေနှင်းဆီတပွင့်တည်း--” သီချင်းတပိုင်းတစကို ငြီးလို့၊ လူတွေကို ဒညင်းသီးသုတ်နဲ့ အရီးတောင်းလက်ဘက်သုတ်ကိုလည်း ကြွေးလိုက်သေးတယ်။ ဒီလိုရက်တွေဆိုရင်တော့ မမြခင်ရဲ့မောင်တွေ၊ ညီမတွေလည်း အရိုက်အနှက်၊ အဆူအငေါက်လွတ်တာပေါ့။
ရပ်ကွက်ထဲကလူတွေပြောတာကတော့ “ အပျိုကြီးမမြခင်ရဲ့ မျက်လုံးမှာ မျက်ရည်ကြည်လေးတွေစို့ပြီး တလက်လက်ဖြစ်နေတဲ့ အချိန်ကို ပြပါဆိုရင်၊ ဇာတ်မင်းသားလေးသိန်းဇော် နှစ်ပါးခွင် ကတဲ့အချိန်ကို သွားကြည့်” တဲ့။ စင်ပေါ်မှာ ဇာတ်မင်းသားလေးသိန်းဇော်ကလည်း ကြာကလေးပစ်ပြီး အပျိုကြီးတွေကို ညှို့တော့တာကိုး။ အပျိုကြီးတွေလည်း ပြင်ပကမ္ဘာမှာ အဖေါ်ငတ်ခဲ့သမျှ၊ မင်းသားလေးသိန်းဇော် ရဲ့ အညုအရွ၊ အခေါ်အပြောလေးတွေနဲ့အတူ အိပ်မက်ကမ္ဘာထဲမှာ ပျော်ရွှင်လှိုက်မော----
(၂)
အဲ---နှစ်တနှစ်ကတော့ မမြခင် အတွက် အမှတ်တရဖြစ်စေခဲ့တယ်။ အိမ်တော်ရာဘုရားအရှေ့ပေါက်က ကုန်သည် ပွဲစားတွေဦးဆောင်ပြီး မတ်သိုင်းဘုရားပွဲတော်အတွက် ဇာတ်မင်းသားလေးသိန်းဇော် ကို ငှားလိုက်တယ်။ ထုံးစံအတိုင်း အပျိုကြီး မမြခင်လည်း တကိုယ်လုံးအမွှေးနံ့သာတွေ ပက်ဖြန်းပြီး ပွဲသွားဖို့ပြင်ဆင်တော့တာပေါ့။
ဂျင်းသုတ်၊ လက်ဘက်သုတ်တွေကလည်း နှစ်ရက်လောက် ကြိုနှပ်ထားတာ။ ချိုင့်ကြီး ချိုင့်ငယ် ထဲမှာ အကျအနထည့်ပြီးမှ၊ ရေချိုးခန်းထဲဝင်သွားတော့တယ်။ ကလေးတွေကလည်း သူ့အမအပျိုကြီး၊ ပွဲသွားတော့မယ်ဆိုတော့ ပျော်တာပေါ့။ အဆူအငေါက်ကလွတ်ပြီ၊ တုတ်နဲ့ရိုက်ခံရမဲ့ ဝဋ်ကလည်း ကျွတ်ပြီ ဆိုတော့ အငယ်ဆုံးကောင်က ကုတင်ပေါ်မှာ ခုန်ပြီးကတယ်။ ဗြုန်းဆို မမြခင်ရဲ့ လက်ဘက်ချိုင့်ကြီးက ကုတင်ပေါ်ကနေပြုတ်ကျပြီး၊ ဂျင်းသုတ်၊ လက်ဘက်သုတ်တွေ မြေပြင်မှာ အကုန်ထွက်ကျကုန်တယ်။
ထမိန်ရင်ရှားနဲ့ထွက်လာတဲ့ အပျိုကြီး မမြခင် ယမ်းပုံးမီးကျ ဒေါသထွက်တော့တယ်။ အယုတ်တ အနတတွေ အစုံ၊ ပြောလည်းပြောရိုက်လည်းရိုက်၊ ရပ်ကွက်တခုလုံးဆူညံသွားတယ်။ သူ့မောင်ကိုလည်း အငြိုးတကြီးရိုက်ပြီးတာ အားမရသေးဘူး။ တိုင်မှာ ကြိုးနဲ့တုတ်ထားခဲ့တယ်။ သူ့ရဲ့ လက်ဘက်ချိုင့်ကို မှောက်ပစ်တဲ့အတွက် အိမ်မှာ ချက်ထားတဲ့ ဟင်းတွေကိုလည်း သွန်ပစ်ခဲ့တယ်။ နောက်- ဇာတ်မင်းသားလေးသိန်းဇော်ကပွဲ ဆီကို ထွက်သွားတော့တယ်။ ထုံးစံအတိုင်းပါပဲ။ ဇာတ်ရုံထဲကိုရောက်ရော့၊ အိမ်က ကလေးတွေ ဆာလောင်နေသလား၊ သတိမရတော့ပါဘူး။ ဇာတ်မင်းသားလေးသိန်းဇော်ရဲ့ နှစ်ပါးခွင်ထဲမှာ မျက်လုံးလေးတွေလက်နေခဲ့တယ်။
အပျိုကြီး မမြခင် အဲ့သလိုလုပ်နေတာကို တော်တော်လေးမျက်မုန်းကြိုးနေတဲ့ လူငယ်လေးတွေရှိတယ်။ သူတို့က ရပ်ကွက်ထဲကလမ်းထိပ်မှာ ညတိုင်ရင် ဂစ်တာတီးနေကျကောင်လေးတွေ၊ သူတို့က မမြခင်အိမ်ရှေ့က ဖြတ်လျှောက်အသွား တိုင်မှာ ကြိုးတုတ်ခံထားရတဲ့ ကောင်လေးတယောက်ရဲ့ငိုသံကို ကြားရတယ်။ ကြည့်လိုက်တော့ အဲ့ဒီကလေးရဲ့လက်မှာ သွေးတွေကလည်း ထွက်နေတယ်။ ကျန်တဲ့ ကလေးတွေကလည်း ဗိုက်ဆာလို့ ငိုနေကြတယ်။ လူငယ်လေးတွေက အဲ့ဒီမြင်ကွင်းကို ကြည့်ပြီး အပျိုကြီး မမြခင်အပေါ် တော်တော် ဒေါသထွက်သွားကြတယ်။
နှစ်ပါးခွင်ပြီးချိန်မှာ၊ လမ်းထိပ်အုတ်ခုံဆီကို ထွက်သွားပြီး၊ မမြခင် ပြန်လာချိန်ကို စောင့်ကြတယ်။ ( မမြခင်က နှစ်ပါးသွားပြီးရင် ပြန်လေ့ရှိတယ် ) မမြခင်လည်း လမ်းထိပ်အုတ်ခုံနားကဖြတ်သွားရော၊ အမှောင်ထဲမှာ စောင့်နေတဲ့၊ လူငယ်တွေက ဝုန်းကနဲထွက်လာပြီး၊ အတင်းအဓမ္မဖက်သူကဖက်၊ ထမိန်ချွတ်သူက ချွတ်၊ ကျိန် နဲ့ ဖင်ကိုရိုက်သူက ရိုက် “ ကဲ အိမ်က ကလေးတွေကို ပစ်ထားပြီး လင်ဒါရူးတဲ့ ကောင်မ မှတ်ပြီလား၊ မှတ်ပြီလား” ဆိုပြီး အရှက်ခွဲလိုက်ကြတာ။ အပျိုကြီး မမြခင် ခင်ဗျာ၊ ရှက်လွန်းလို့ ရက်ပေါင်းအတော်ကြာသည့်အထိ ရပ်ကွက်ဈေးထဲတောင် ထွက်မလာတော့ဘူး။ ( အမှောင်ထဲမှာ ဖြစ်ပျက်ခဲ့တာဆိုတော့ ရပ်ကွက်ထဲက ဘယ်သူဘယ်ဝါက သူ့ကို စော်ကားပါတယ် လို့ တိုင်ရလောက်အောင်လည်း သက်သေမရှိ၊ အပျိုကြီးကို ထောက်ခံပေးမဲ့သူကလည်း မရှိ)
(၃)
ဗာလီညီလာခံမှာ သမ္မတကြီး ဦးသိန်းစိန်က ဘရက်အိုဘားမားရဲ့မျက်နှာကိုကြည့်ပြီး တချက်တချက် ရှက်ပြုံးလေးပြုံးနေတာကို တွေ့ရတယ်။ တခါတလေ အကျေနပ်ကြီးကျေနပ်လို့။ သူပေးတဲ့ ရည်းစားစာကို အိုဘားမားရဲ့အမေရိကန်အစိုးရက လက်ခံတော့မယ်ဆိုတာ သူ့စိတ်ထဲမှာ သိနေပုံရပါတယ်။ ဒါကြောင့် တိတ်တိတ်လေး ရင်ခုန်နေခဲ့တယ်။ ခုတော့ အာဆီယံ ဥက္ကဋ္ဌ ရာထူးကိုလည်း ရသွားပြီ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်လည်း ဗမာပြည်ကို အလည်လာတော့မယ်။ ခြေဆုံးခေါင်းဆုံး သနပ်ခါးလူး၊ အရီးတောင်း လက်ဘက်သုတ် နှပ်ပြီး မီးရောင်တလက်လက်အောက်က ဇာတ်မင်းသားလေး သိန်းဇော်ရဲ့ အကတွေ ကို သွားကြည့်မဲ့ အပျိုကြီး မမြခင် လိုမျိုး၊ သမ္မတကြီး ဦးသိန်းစိန်လည်း ပြင်ဆင်နေရော့ပေါ့။
အေးပေါ့လေ။ ကိုယ်ပေးတဲ့ ရည်းစားစာကို အမေရိကန်သမ္မတ က လက်ခံလိုက်လို့ ပျော်မြူးနေတာ။ ဇာတ်ကြည့်ဖို့ ရင်ခုန်နေတာကို အပြစ်မပြောပါဘူး။ အိမ်က ပြဿနာတွေကိုလည်း လေးလေးနက်နက်ဖြေရှင်းသင့်တာပေါ့။ အိမ်မှာ ဆာလောင်နေတဲ့ ကလေးတွေကို ပစ်ထားပြီး၊ ဇာတ်မင်းသားလေးရဲ့ အညုအခ လေးတွေမှာ မေ့မျောနေမယ် ဆိုရင်တော့ အပျိုကြီး မမြခင် ကြုံတွေ့ရသလိုမျိုး ကြုံတွေ့နိုင်ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်က အပျိုကြီး မမြခင်တော့ မဟုတ်တန်ကောင်းပါဘူးလေ။
ကိုအောင်မိုးဝင်း
( ကိုအောင်မိုးဝင်း ဖေ့စ်ဘုတ်မှ ... )
:-)