နှေးကွေးမယ် ရံဖန်ရံခါ ပြတ်မယ်

Friday, November 11, 2011


 (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာနိုင်ငံထဲက အင်တာနက်အသုံးပြုသူတွေ မကြာမကြာကြုံတွေ့နေရတဲ့ SEA-ME-WE ရေအောက်အင်တာနက်ဆက်ကြောင်း မကြာမကြာပျက်တဲ့ ပြဿနာပါ။ ပြည်တွင်းက အင်တာနက်သုံးသူတွေအတွက်ကတော့ ဒီပြဿနာဟာ ရိုးနေပြီဖြစ်တဲ့ ကိစ္စတခုပေါ့။

ကွန်ပြူတာနဲ့ပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲ ဖြစ်ဖြစ် အင်တာနက်သုံးဖို့ browser ဖွင့်လိုက်တယ်ဆိုရင်ပဲ ရတနာပုံတယ်လီပို့ရဲ့ ဒီကြော်ငြာက ပထမဆုံး ပေါ်လာလေ့ရှိပါတယ်။ အင်တာနက်သုံးစွဲမှု နှေးကွေးမယ် ရံဖန်ရံခါ ပြတ်မယ် ဒါကို နားလည်လက်ခံပြီး စိတ်ရှည်သည်းခံစွာနဲ့ သုံးကြပေရော့ပေါ့။
 (ဓာတ်ပုံ - ဧရာဝတီ)
SEA-ME-WE ပျက်တာက ဒီတခါမှာတော့ နေပြည်တော်က အစိုးရရုံးတွေမှာလည်း အင်တာနက် ချိတ်ဆက်လို့ မရလောက်အောင် ပြဿနာတွေရှိတယ်လို့ သိရပါတယ်။ 

အထူးသဖြင့်ကတော့ ပြည်ပထွက်ခွာသူ မည်သူမဆို ပတ်သက်ရတဲ့ D.Form ရုံးပါပဲ။ အရင်ကတော့ နိုင်ငံခြားကို ပညာတော်သင်သွားသူတွေ၊ အလုပ်သွားလုပ်သူတွေ ခဏတဖြုတ် ပြန်လာလည်ပတ်တဲ့အခါ နေထိုင်တဲ့ရက် တလထက်ကျော်ပြီး ပြန်ထွက်တဲ့အခါမှ D.Form တင်ရပေမယ့် အခုကတော့ တရက်တည်းပဲ နေနေ တပတ်တည်းပဲနေနေ တလကျော်ပြီးပဲနေနေ၊ ဘယ်လောက်လေးပဲ ကြာကြာ ပြည်ပပြန်ထွက်တိုင်း ပြန်ထွက်တိုင်း D.Form လိုအပ်ပါတယ်။

D.Form လျှောက်တဲ့အခါ ဘဏ်ချလံသွင်း၊ အွန်လိုင်းကနေ လျှောက်၊ ပြန်ကျလာတဲ့ Form ကို ပရင့်ထုတ်ရတဲ့အခါ ခက်တာက နေပြည်တော်က D.Form ရုံးမှာ အင်တာနက်မရတာကြောင့် အွန်လိုင်းကနေ လျှောက်သမျှ D.Form တွေက ရုံးကို မရောက်နိုင်တော့ပါဘူး။ 

ဒီတော့ ပြည်ပထွက်ခွာသူတွေဟာ ဘဏ်ချလံရယ်၊ အွန်လိုင်းလျှောက်တဲ့စာမျက်နှာကို print screen လုပ်ပြီး ပရင့်ထုတ်ထားတာနဲ့ပဲ လေဆိပ်ကို သွားရတာဟာ တလကျော်နေပါပြီ။

ဒီလို အင်တာနက်ရေအောက်ဆက်ကြောင်းကြီး မကြာခဏ ပျက်နေရတာနဲ့၊ Band width တွေကို ချချထားလို့ လိုင်းတွေ နှေးကွေးလွန်းနေတာတွေနဲ့တော့ မကြာခင်မှာ အကောင်အထည်ဖော်မယ်ဆိုတဲ့ အွန်လိုင်းဘဏ်ဆက်သွယ်ရေးစနစ် စတဲ့ စတဲ့ အွန်လိုင်းစနစ်တွေကို မိတ်ဆက်ဖို့ကတော့ ဝေးနေပါသေးတယ်လို့ ပြည်တွင်းက အင်တာနက်သုံးသူတွေက ပြောဆိုနေကြကြောင်းပါ။

1 comments :

  1. Anonymous said... :

    အဲဒါ ပြင်လို့နဲ့ တူတယ်..
    ရေငုတ်သင်္ဘောတွေ ဆောက်နေတာ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved