ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ - ၎

Friday, November 11, 2011

.






စိုးလွင်လွင်၏ ကျွန်တော်မသိတဲ့ကျွန်တော် ကက်ဆက်ခွေအဖုံး

ဒေဝ ရေးသားသည်

( ကျနော်ရေးနေရင်းနဲ့ ကျနော်အဖေရဲ့ တတိယစီးရီး အကြောင်း ကျန်သွားပါတယ်။ စီးရီးအမည်က သူရဲကောင်းတို့ရဲ့နှလုံးသား ဖြစ်ပြီးတော့ စံပယ်ဦးတေးသံသွင်းက စထုတ်ပါတယ်။ ၁၉၈၇ လောက် ဖြစ်မယ်ထင်ပါတယ်။ ချစ်လူမိုက်စီးရီးကို စံပယ်ဦး ဦးသန်းလွင်က ပရိုဂျူဆာ လုပ်ပြီးတော့ ဖြန့်ချီရေးက ရာမတေးသံသွင်း ပါ။ လူတယောက်အကြောင်း ရေးရတာ တာဝန်ကြီးပါတယ်။ ကျနော်အဖေ ဖြစ်လို့ ပိုပြီး တာဝန်ကြီးပါတယ်။ ကျနော်ရဲ့ မှတ်ဉာဏ် ချို့ယွင်းမှုအတွက် တောင်းပန်ရင်း။ )

ကျွန်တော်မသိတဲ့ကျွန်တော်စီးရီး သွင်းနေတဲ့ တချိန်လုံးမှာ ကျနော် အဖေနဲ့အတူ ရှိနေပါတယ်။ ရှိုးပွဲ ရှိရင်လဲ ခေါ်သွားတယ်။ အဲဒီတုံးက လွတ်လပ်ရေးနေ့ဆို မြင်းပြိုင်ကွင်းမှာ ရှိုးပွဲ အကြီးကြီး လုပ်တယ်။ အန်တီ ချိုပြုံးတို့လဲ လာဆိုကြတယ်၊ လူကြီးမင်းများ လက်ခုပ်တီးကြပါ ဆိုတာတော့ မှတ်မိတယ်။ အဲဒီရှိုးပွဲမှာ ကျနော့်အဖေ ဒုက္ခအကြီးကြီး ရောက်တာပေါ့။ သူက သီချင်းဆိုရင် ဂစ်တာတီးတယ်။ တီးနေရင်းနဲ့ ကြိုးတချောင်း ပြတ်သွားတော့၊ စင်ပေါ်မှာဆိုတော့ သူလဲ ဟန်မပျက် ဆက်တီး၊ ဆက်ဆိုနေပါသေးတယ်။ ဟန်မပျက် တီးနေရင်းနဲ့ နောက်ကြိုးတချောင်း ထပ်ပြတ်တော့၊ သူလဲ ဘာလုပ်ရမှန်းမသိတော့ဘူး။ အဲဒါနဲ့ နှစ်ခေါက် ဆိုရမယ့် အပိုဒ်ကို တခေါက်ပဲဆိုပြီး စင်အောက် ပြန်ဆင်းလာရပါလေရောဗျာ။

သူ စတူဒီယို သွားရင်တော့ ကျနော့်ကို မခေါ်သွားသေးဘူး။ ငယ်သေးလို့နဲ့ တူတယ်။ ကျန်တာတော့ ဘယ်နေရာသွားသွား ကျနော်ကို ခေါ်သွားတယ်။ မနက်ဆို တခါတလေ ရန်ကင်း ၄ လုံးတန်းဘက် လမ်းလျှောက်ပြီး ၄လုံးတန်းအိမ်မှာ မနက်စာသွားစားကြတယ်။ အဖေနဲ့ အမေက အိမ်ခွဲနေတယ်ဆိုပေမယ့် အခေါ်အပြောတော့ ရှိပါတယ်။ တရက်ကျတော့ ကျနော်အမေက ပြောတယ်၊ ညီမလေးကို ခေါ်ပြီး မြို့ထဲမှာ ပြောင်းနေမယ် တဲ့။ ဒီလိုနဲ့ ကျနော်နဲ့ ကျနော်အဖေ ၄လုံးတန်းအိမ်ကို ပြန်ပြောင်းလာခဲ့ပါတယ်။ ဒီတခါတော့ သားအဖနှစ်ယောက်ထဲ၊ အရင်က ကျနော်တို့မိသားစု နေတဲ့အိမ်မှာ။

နောက်တလလောက် နေတော့ ကျနော်ဦးလေး ကိုမိုးသွင်သွင်ပါ ကျနော်တို့နဲ့အတူ လိုက်နေပါတယ်။ သူက စာတွေ၊ ကဗျာတွေ ရေးတယ်ဗျ။ ကျနော် စာဖတ်ဝါသနာပါလာတာ သူ့ကြောင့်လို့ ပြောရမယ်။ သူ့ဆီက စာအုပ်တွေ ကျနော် ယူယူဖတ်တော့ သူကစည်းကမ်းမရှိရင် မကြိုက်ဘူးဗျ။ စာအုပ်ကို ခေါက်ပြီး ဖတ်လက်စနေရာ မှတ်တာတောင် မကြိုက်ဘူး။ ဆရာထင်လင်း ဘာသာပြန်တဲ့ စည်းအပြင်ကလူ၊ ပလိပ်၊ ဆရာ ဇော်ဇော်အောင်ရဲ့ မော်ဒန်ဝထ္ထုတို ပေါင်းချုပ် ခံစားကြည့်ပါမကြည်ပြာ သူ့ဆီက ကျနော် စဖတ်ဘူးတာပါ။ သူက ကိုဆောင်းဦးလှိုင်၊ ကိုမျိုးကြော့မြိုင်တို့နဲ့ ငယ်သူငယ်ချင်း။ ကိုဆောင်းဦးလှိုင်နဲ့ ကိုမျိုးကြော့မြိုင်လဲ ငယ်ငယ်တုံးက အိမ်ကို ခဏ၊ ခဏ လာဘူးတယ်ပြောတယ်။ ကျနော်က ငယ်သေးတော့ သိပ်မမှတ်မိဘူး။ ကိုမိုးနဲ့ ပတ်သက်ပြီး မှတ်မိတာကတော့ တခေါက် အိမ်မှာ ဧည့်စာရင်းစစ်မယ် ဆိုလို့ သူတော်တော် ပျားတုပ်သွားတာကိုပါ၊ သူက နိုင်ငံရေးကဗျာတွေ ရေးတယ်။ ဧည့်စာရင်း စစ်မယ်ဆိုတော့ သူ ဘာလုပ်ရမှန်း မသိတော့ဘူး၊ ကဗျာစာရွက်တွေ ကိုင်ပြီး။ အရေးအခင်းကလည်း ပြီးခါစ၊ နောက်ဆုံးကျတော့ သူ့ကဗျာစာရွက်တွေ ဂစ်တာအိုးထဲ ထည့်ဝှက်လိုက်တယ်။

ဒီလိုနဲ့ ကျနော်တို့အိမ်မှာ စတည်းချတဲ့ အထဲမှာ ဦးညီသွင်၊ ဦးညီစံတို့ပါ ထပ်တိုးလာပါတယ်။ နောက် တောင်ကြီးက သီချင်းရေးတဲ့ ကိုငယ် ဆိုတာ တယောက်ရှိတယ်။ မန္တလေးက ဆင်းလာပြီး စီးရီးထုတ်ဖို့ လုပ်နေတဲ့ ပြည့်ပြည့် ဆိုတဲ့ အကိုကြီးလဲ ရှိတယ်။ ယောကျာ်းလေးတွေချည်းပဲ ပေါင်းစုပြီး သောင်းကျန်းကြသည်ပေါ့ဗျာ။ ကိုထူးအိမ်သင်နဲ့ ဦးအောင်ရင်လဲ တခေါက် ရောက်လာသေးတယ်။ ညဘက်ကြီး၊ သူတို့စီးလာတဲ့ ဆိုင်ကယ်ဆီပြတ်သွားလို့ဆိုလား မသိဘူး။ နောက်နေ့ကြတော့ ဦးညီသွင်က သီချင်းတပုဒ် တီးပြတယ်။ တခါမှ မကြားဘူးတဲ့စာသားမျိုးနဲ့၊ မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ်၊ မနေ့က ငါသေဆုံးသွားခဲ့တယ် တဲ့။ တော်တော်ခိုက်သွားတယ်။

ကျွန်တော်မသိတဲ့ကျွန်တော် စီးရီးထဲမှာ လာခေါ်လှည့် ဆိုတဲ့ သီချင်းတပုဒ်ပါတယ်။ ကျနော်က နောက်ပြီးတော့ ကျနော့်အဖေကို မေးကြည့်တယ်။ ဖေကြီးလို့၊ အဲဒီ သီချင်းက မေကြီးကို လာခေါ်ခိုင်းတာလား ဆိုတော့ ဘာမှမပြောဘူးဗျ။ ရယ်နေတယ်။

ကျွန်တော်မသိတဲ့ကျွန်တော်စီးရီးလဲ ထွက်လာပါပြီ။ အောင်မြင်ပါတယ်။ ပေါက်တဲ့ သီချင်းတွေ များတယ်။ ရန်ကင်းထဲ လမ်းလျှောက်လိုက်ရင် အဲဒီအခွေပဲ ဖွင့်တာကြားနေရတယ်။ အဲဒီတုံးက အခွေတခွေ ပေါက်တယ်၊ မပေါက်ဘူး ဆိုတာ လက်ဖက်ရည်ဆိုင်မှာ ဘယ်လောက်ဖွင့်သလဲ ဆိုတာနဲ့ တိုင်းတာကိုး။ ကျနော်နဲ့ ကျနော့်အဖေနဲ့ မုန့်တွေဝယ်ပြီး ညီမလေးကို မြို့ထဲမှာ သွားတွေ့ကြတယ်။ အပြန်ကျတော့ ဦးသန်းလွင်ဆီ ဝင်တယ်။ ဦးသန်းလွင်ကလဲ ပျော်နေတယ်။ ကျနော်ကတော့ မပျော်ဘူး၊ ကျောင်းတွေ ပြန်ဖွင့်ပြီ။ ကျောင်းပြန်တက်ရတော့မယ်။



ဒေဝ ရဲ့ Facebook စာမျက်နှာ http://facebook.com/daiwa.desai ကနေ ကူးယူပါတယ်



http://www.facebook.com/pages/Soe-Lwin-Lwin/118830101472142?sk=wall ကတော့ စိုးလွင်လွင်ရဲ့ ပရိသတ်များအတွက် စီစဉ်ထားတဲ့ စာမျက်နှာ ဖြစ်ပါတယ်


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved