ကောလာဟလတွေနဲ့ ပျော်ချင်တဲ့ကောင်

Monday, December 26, 2011


ရေသန့်ဗူးမှာ
စွယ်တော်ဓာတ်ကူးတယ်ဆိုတော့လည်း
ဖူးလိုက်ရတာအမော။

အာရပ်နွေဦးဆိုတော့လည်း
စိတ်ကူး မီးတောက် ကတောင်ချောက်ချား
ဗျာများနတ်ပူး တုန်ရီရီ။

အမေရိကန် စီးပွားရေးနာလံထပါပြီ
ဥရောပ နာလံထပါပြီ..
မြန်မာပြည်လည်း နှင်းခဲတွေပျော်နေဆိုတာ လှည့်ဖွေရှာမိ
မိခင်မျက်ရည်တွေ ပေါင်းပင်မြက်ရိုင်းထဲ သည်းနေဆဲလေ..
ဒါပေမယ့်လည်း .. သူက.. ယုံချင်ချင်။

ပြည်ပြေးတွေ အိမ်ပြန်နိုင်ကြပါပြီ ဆိုလား..
သံယောဇဉ်တန်းလန်းနဲ့
သူက လမ်းတွေရှာ..

သူတို့ လွတ်တော့မှာပါ..
သူတို့ လွတ်တော့မှာပါ..
ငှက်ကလေးတွေလို လွတ်လွတ်လပ်လပ်
အိပ်မက်ဆိုးက ဖြတ်ကနဲနိုးထ
ကောင်းကင် ဆုံချက်တခုထံ ပျံကြတော့မှာပါ။

ငြိမ်းချမ်းသောကမ္ဘာ
၃ နှစ်အတွင်း ဖြစ်လာတဲ့အခါ
စစ်ပွဲတွေလည်း မရှိ၊ စပါးကျီတွေပြည့်လို့
အတီအတေ ရန်ကြွေးတွေငြိမ်း၊ ရောဂါခပ်သိမ်း ကင်းပ
ဆင်းရဲမှုလည်း မရှိကြ
သမူဟ သီချင်းကို ဆိုကြမယ်တဲ့။

အလိုတော်ရှင်...
သူဖန်ဆင်းလိုက်မှာကို မယုံရဲရဲ
ကောလာဟလတွေနဲ့ပဲ ပျော်နေရတဲ့ကောင်..


ယောဟန်အောင်
ဒီဇင်ဘာ ၂၅၊ ၂၀၁၁။ (ခရစ္စမတ်နေ့)

(မှတ်ချက်
၁ - ဒုတိယပိုဒ်မှာ ပါတဲ့
ကတောင်ချောက်ချား ဆိုတာ ကယောင်ချောက်ချား နဲ့ အတူတူပဲလို့ မြန်မာအဘိဓာန်မှာ ရေးထားတယ်။
၂ - ယောဟန်အောင် ရဲ့ ဘလော့ http://yaw-han-aung.blogspot.com ကနေ ခွင့်ပြုချက်ယူပြီး ဖော်ပြပါတယ်။ )

1 comments :

  1. Anonymous said... :

    Excellent.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved