ပြည်တွင်းစစ် ဘာလဲ ဘယ်လဲ (အပိုင်း၃)

Saturday, January 7, 2012

~



သူပုန်ကြီး (Burma Media Wash)

အလှည့်ကျလှာသူဆရာကြည်မောင်သစ်က၊ ခပ်ရွှင်ရွှင်စကားဖြင့် ’စ’လေသည်။

“ပုဂံရာဇ၀င်ပြောရင်၊ ဒုတ်ထမ်းပြီးပြောရတယ် တဲ့.။ ပြည်တွင်းငြိမ်းချမ်းရေးအကြောင်း ပြောရင်တော့၊ ဓါးထမ်းပြီး ပြောရလိမ့်မယ်ခင်ဗျ .. ဟဲ .. ဟဲ .. ”

ဤသို့အစချီပြီး ဆရာကြည်မောင်သစ်က ရှေ့ဆက် ပြောဆိုသည်မှာ၊ “လွတ်လပ်ရေးရချိန်မှစ၍ ယခုတိုင် မရပ်မစဲ, တသဲသဲ စစ်ပွဲများသည် .. ၊ ဒဲ့, ပြောရလျှင် လူသတ်ပွဲများဖြစ်သည် .. ။ ရေတွက်မရနိုင်တော့ပြီ။ သို့ဖြစ်ရသည်မှာ စစ်ပွဲ, လူသတ်ပွဲများကို အမိန့်ပေး ဖန်တီးသူများ၏ စိတ်နေ သဘောထားပိုင်းနှင့် အတွေးအခေါ် အယူအဆပိုင်းပေါ် အဓိက မူတည်သည်” တဲ့ခင်ဗျာ။

ဆရာကြည်မောင်သစ်က သူ့အမြင်ကို ဆက်လက်ရှင်းပြသည်။

“စိတ်နေသဘောထားပိုင်းကို ပြောရရင်၊ စိတ်နူးညံ့ သိမ်မွေ့မြင့်မြတ်သူတွေက၊ ကြမ်းတမ်းရမယ်, ရမ်းကားရမယ်, ရိုင်းစိုင်းရမယ်, ဆိုတဲ့အတွေးအခေါ် စိတ်နေစိတ်ထားမျိုး ဘယ်ရှိပါ့မလဲဗျာ…။ သွေးသံရဲရဲ, သတ်ဟယ်, ဖြတ်ဟယ်, ဘယ်လုပ်ပါ့မလဲဗျာ .. ။ ကဗျာ အပျံသင်စတစ်ယောက်၊ ရောဂါ ထထားတဲ့ လက်ရာ တပိုင်းတစကို .. ဟဲ .. ဟဲ .. ရွတ်ပြမယ်ခင်ဗျ…

ဆရာကြည်မောင်သစ်က၊ ဤသို့’ရွတ်’ပြပြီး မှတ်ချက်ပေးလေသည်။

“ခက်ထန်ကြမ်းကျုတ်၊ ရိုင်းစိုင်းယုတ်မာ၊ စက်ဆုပ်စွာရမ်း၊ လူ့ငကန်းများ၊ သရမ်းပါပေ့ .. အဲဒီ တို့လို့တန်းလန်းစာစုလေးက၊ ငြိမ်းချမ်းရေး ပျက်သုဉ်းနေရခြင်းရဲ့ အကြောင်းတွေ အများကြီးထဲက အကြောင်းကလေး တစ်ကြောင်းကို လှစ်ဟထားတာဗျ။ အရှင်းကြီးပါခင်ဗျာ .. ”

ထိုထိုဤဤစကားအရှိန်တက်နေစဉ် သစ်ရွက်သစ်ခက်များကို ’၀ှီး’ခနဲ ထိုးဖေါက်လာသော လောက်စာလုံးက၊ စကားဝိုင်း၏ လက်တကမ်းမှာ’ဖုတ်’ခနဲ ကျလာသည်။ ဆရာသစ်’ရွတ်’ခဲ့သော စာစုလေး၏ အဆုံးသတ် “လူ့ငကန်းများ၊ သရမ်းပါပေ့” ဆိုသည်နှင့် တိုက်ဆိုင်လိုက်ပါဘိ။

မဆင်မချင် လက်သရမ်းသူကြောင့်Burma MediaWash ၀ိုင်းတော်သားတစ်ဦးဦးကို လာမှန်လျှင် မခက်ပေဘူးလား .. ။ ကံသီလို့, တော်ပေသေးရဲ့ .. ။

လောက်လေးခွဖြင့် ပစ်လိုက်သည့် လောက်စာလုံးသံကို ဆရာကြည်မောင်သစ်ရော…၊ ကျနော် သူပုန်ကြီးပါ ကြားလိုက်ရသည်။ ဆရာသစ်က ဂျိုးငှက်လေးစုံတွဲ ပျံကာပြေးသည်ကို.၊ တငေးငေး မော်ကြည့်ပြီးမှ ညည်းညည်း တွားတွား ဆိုရှာသည်။

“ဂျိုးငှက်လေးစုံတွဲလည်း ပျော်ရွှင် ချမ်းမြေ့စွာ မနေရပါကလား။ တစိုးရိမ်ရိမ် တကြောင့်ကျကျနဲ့ မလုံမခြုံဘ၀မှာ နေကြရပါကလား။ သူတို့မောင်နှံ ကံသီပေလို့ .. ။ သြော် .. .ကြမ်းနိုင်သူ, ရမ်းနိုင်သူ, ရိုင်းနိုင်သူက, စားစတမ်းပါလား .. ။ သြော် .. နိုင်သူစား၊ နိုင်သူစား .. ”

ဤသို့သော သံဝေဂစကားကို၊ ဆရာသစ်က အားအင်ချိနဲ့သော လေသံဖြင့် ကြားဖြတ်ဆိုပြီးလျှင်၊ မူလကြောင်းရာကို ဆက်ရှင်းလေသည်။

“အတွေးအခေါ်အယူအဆပိုင်းကိုတော့ နက်နက်ပြောရမယ်ခင်ဗျ .. ။ အာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်တယ်’ ဆိုတဲ့ မော်စီတုန်းရဲ့သြ၀ါဒကို အခရာထား ဆွေးနွေးမယ် .. ”

ဆရာကြည်မောင်သစ်ကလည်း’ဒိတ်’ကိုမှ တက်ပြီး ’ကိုင်’ လိုက်သည်။

“မော်စီတုန်းသြ၀ါဒကို ခြေနေ, ချိန်ခါ, ဒေသမရွေး ပုံသေကားချပ် သုံးလို့ ရတာမှ မဟုတ်ပဲ။ ဒါကို မြို့ပေါ် အစိုးရပိုင်းထဲက ပြည်တွင်းစစ် ဖန်တီးသူတွေ….။ တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းပိုင်းထဲက ပြည်တွင်းစစ် ဖန်တီးသူတွေ….။ အဲဒီ, ပြည်တွင်းစစ် ဖန်တီးသူတွေက .. .၊ စာအုပ်ကြီးအတိုင်း အဟုတ်ကြီးမှတ် .. ။ ရက်စက်မှု အပေါင်းကို စွတ်ရွတ်ပြီး သရဖူဆောင်းခဲ့ကြတယ်”

ဆရာကြည်မောင်သစ်က ဘွင်းဘွင်း တည့်တည့် ဆက်လက်ပြောကြားသည် .. ။ မိမိဘ၀ တလျှောက်လုံး၊ နိုင်ငံရေး နယ်ပယ်မှာ ကြုံတွေ့ခဲ့ရတာတွေက ’စုံမှစုံ’ပါသတဲ့.။ ဂျွမ်းထိုးမှောက်ခုံ, မှောက်ချီလှန်ချီ, ကွေ့ချီကောက်ချီ, စောင်းချီယိုင်ချီတွေချည့်ပါပဲ တဲ့။ ပြည်တွင်းစစ် ’ငြိမ်း’သွားတယ်လို့ မရှိခဲ့ပါဘူး, တဲ့ .. ။

ဤသို့ စိတ်ပျက်လက်ပျက် ပြောဆိုပြီး၊ ပြည်တွင်းစစ် ဆိုးကျိုးကို တကဏ္ဍချင်း ထောက်ပြ၏။

“ဟိုဘက်ဒီဘက် စစ်တိုက်ကြရသူများရော၊ အရပ်သားပြည်သူများပါ၊ အမြောက်အမြား အသေဆိုးနဲ့ သေပွဲဝင်ခဲ့ကြရတယ်။ အတော်များများက လုပ်မစားနိုင်တော့တဲ့ ဒုက္ခိတအဖြစ်နဲ့ ဘ၀ပျက်ရတယ်.။ ဒါက .. သတ္တန္တရကပ် ..

“တိုင်းပြည်ရဲ့ စီးပွါးရေးမှာ အဓိကအားထားရာ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေ .. ၊ အခြား တနွယ်ငင်တစင်ပါ လုပ်ငန်းတွေ .. .၊ ခြုံပြောရရင်, စီးပွါးရေး လုပ်ငန်းစုံ ထိခိုက်ကုန်တယ်…။ ပျက်စီးကုန်တယ်။ ရပ်စဲကုန်တယ်။ ဒါကြောင့်, စားနပ်ရိက္ခာ ရှားပါးတယ်။ ပြတ်လပ်တယ် .. ။ ငတ်ပြတ်တယ်။ ဒါက…ဒုဗ္ဘိကန္တရကပ် ..

“စစ်ပြေးဘ၀မှာ စားရတာက, မ၀ရေစာ၊ ငတ်တလှည့် ပြတ်တလှည့်။ မသန့်မရှင်းရေကို သုံးစွဲရ .. ။ ရာသီဥတုဘေးဒဏ်ကို ခံရ .. ။ ခြင်, ယင်, ပိုးမွှားကို ရှောင်မရ .. ။ ဒီတော့, ငှက်ဖျား, ၀မ်း, စတဲ့ .. ရောဂါဘယတွေဖြစ် .. ။ တလောင်းပြီး တလောင်း သေကြရ .. ။ အဲဒါက, ရောဂန္တရကပ်…

ဆရာကြည်မောင်သစ်ပြောခဲ့သောကပ်၃ကပ်သည်၊ ကျနော်တို့ ငယ်ကတည်းက ဘုရားရှိခိုးရာတွင် ထဲ့သွင်း ရွတ်ဆိုသော ကပ်ကြီးသုံးပါးတည်း။

“ဒုဗ္ဘိကန္တရကပ်၊ ရောဂန္တရကပ်နဲ့သတ္တန္တရကပ်ကြောင့်သေရှာရသူတွေ .. ။ အလောင်းချင်း ထပ်လိုက်ရင် တောင်လိုပုံနေတော့မှာ .. ။ သေရတဲ့ အရေအတွက်ကို တွက်ချက်လို့ ဘယ်လို ရနိုင်ဦးမှာလဲ .. ..

“အဲဒီလိုအလောင်းချင်းထပ်စေတဲ့, ကပ်ကြီးသုံးပါးက၊ ပြည်တွင်းစစ်ရဲ့ နောက်မှာ၊ ဖ၀ါးခြေထပ် ကပ်ပါလာတယ် .. ။ ဒုက္ခပြီး, ဒုက္ခ .. တွေပါလားဗျာ။ ရတောင့်ရခဲ လူဘ၀မှာ လူဖြစ်လာရတာ၊ ဒုက္ခအ၀၀ကို ကုန်းခံကြဖို့လား”

ဆရာကြည်မောင်သစ်က၊ ပြည်တွင်းစစ်၏ အကျိုးဆက်’ကပ်ကြီးသုံးပါး’အကြောင်းကို .. ၊ အကန့်တကန့်, ကန့်လိုက်၏။

ထို့နောက် လမ်းမများပေါ်က လက်ချည်း ဗလာများကို သတ်ဖြတ်သည့် အဓမ္မ အစိုးရများ၏ လူသတ်ပွဲများဆီ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဒီလူသတ်ပွဲမျိုးဟာ, ဟိုဘက်ဒီဘက် အပြန်အလှန် သတ်ကြတာမျိုး မဟုတ်ဘူး။ တဘက်သပ် သတ်တာ.။ ဒါကြောင့်ပြောခဲ့တဲ့ ပြည်တွင်းစစ်တွေထက် အဆမတန် ပိုမို အရုပ် ဆိုးလွန်းတယ်။ ကြည့်ကြပါဦးဗျာ .. ”

ဆရာကြည်မောင်သစ်က ထောက်ပြစရာများကို ညွှန်းဖေါ်ပါပြီ။

“ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့က.၊ မွေးရာပါ လူ့အခွင့်အရေးအရ အေးချမ်းစွာ ဆန္ဒ ဖေါ်ထုတ်တာ .. ။ ဘာလက်နက်မျှမပါ .. ။ အကြမ်းမဖက် .. ။ သို့ပါလျက်နဲ့, လမ်းမများပေါ်မှာ အချောက်တိုက် ပစ်သတ်ခံရတယ်။ နှိပ်စက်ခံရတယ်။ ထောင်ချခံရတယ် .. ”

သည့်ထက် ပိုဆိုးသည်များကိုပါ၊ ဆရာကြည်မောင်သစ်က ထိုးပြလှာပြန်သည်။

“မသေမရှင်ဖြစ်နေသူများခမျာ၊ လူသေကောင်တွေနဲ့ အတူ၊ အစုအပြုံလိုက် အရှင်လတ်လတ် မြေမြုပ်ခံရ.။ မီးသင်္ဂြိုဟ်စက်ထဲ အရှင်လတ်လတ် မီးလောင်တိုက် အသွင်းခံရ.။ ဒီကျေကွဲဘွယ် အဖြစ်ဆိုးတွေကို၊ ဘယ်လိုမေ့ဖျောက်လို့ ရနိုင်မှာလဲဗျာ .. ”

ဆရာကြည်မောင်သစ်, ခမျာ၊ ပြောရလွန်း၍ မောရှာပြီထင့် .. ။ လေသံက ချည့်နဲ့ ပျော့ခွေသွားလေပြီ။ သို့ဖြစ်၍ ကျနော်သူပုန်ကြီးက၊ ကိုယ်ရောင် ဖျောက်ပြီး လှုပ်ရှားတဲ့, ကိုယ်ဖျောက်ဝိဇ္ဇာအား မျက်ရိပ်ဖြင့် ဖိတ်မန္တကပြုရ၏.။

ကိုယ်ဖျောက်ဝိဇ္ဇာက လိုလား တက်ကြွစွာ၊ ပြောပြလေသည်။

(အပိုင်း၎သို့) - -

အပိုင်း(၁)
အပိုင်း(၂)



~

5 comments :

  1. Anonymous said... :

    အဲဒီ ဂျပန်ဘိနပ်ကလေးနဲ့ သွေးကွက်က ဘယ်မှာ ပစ်သတ်ခံရတာလဲဗျ။ နေရာလေးသိရင် ပြောပြပါလားခင်ဗျ။

  1. Anonymous said... :

    မြန်မာစစ်အာဏာရှင်များဟာ အဆိုပါကပ်ကြီးသုံးပါးကို ဖန်တီးရုံသာမက နာဂစ်ကဲ့သို့သော သဘာဝကပ်ဘေးများကျရောက်လာတဲ့အခါမှာလည်းပဲ တာဝန်မဲ့စွာ ပြုမူခဲ့တဲ့အတွက် ပြည်သူများ ဆင်းရဲဒုက္ခကြီးစွာ စင်းခံခဲ့ရပါတယ်၊ ဒီဒုက္ခတွေရဲ့အရင်းအမြစ်ဟာ စစ်အာဏာရှင်စနစ်ပါလို့ဆိုတာထက် ဗိုလ်သန်းရွှေတဦးတည်းမှာ အဓိကတာဝန်ရှိတယ်လို့ ခံစားမိတယ်၊ တပ်မတော်သားများကို ပန်ကြားချင်တာက လူစိတ်ကင်းမဲ့တဲ့ ရူးသွပ်နေတဲ့ နောက်ကွယ်မှ ထိန်းချုပ်နေသူ ဗိုလ်သန်းရွှေကို ဆက်ပြီးသစ္စာစောင့်သိ ကာကွယ်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိုပိုပြီးဆိုးရွားလာပြီး ပြည်သူများဆက်ပြီး ဒုက္ခပင်လယ်ဝေနေရုံမှတပါး မည်သူ့ကိုမျှ အကျိုးဖြစ်စေမှာမဟုတ်ပါ၊ လက်ရှိဗိုလ်ချုပ်များ ဗိုလ်ချုပ်ဟောင်းများနားလည်သင့်တာက အသက် အာဏာ စည်းစိမ်ဆိုတာ ထာဝရတည်မြဲနေတဲ့ အရာတွေ မဟုတ်ဘူးဆိုတာပါပဲ၊ အချိန်မလွန်ခင် အမှန်တရားဖက်ကို ပြုပြင်တည့်မတ်လိုက်ကြမယ်ဆိုရင် နတ်လူသာဓုခေါ်ကြမှာ အမှန်ပဲဖြစ်ပါတယ်။

  1. Tin Aung Hla said... :

    မြန်မာပြည်။ဗမာ ပြည် ရဲ့ ပြသနာ က ကိုလိုနီ စစ်ပွဲ ဗျ။ အင်္ဂလိပ်လက် အောက် က လွတ်လပ်ရေး ရတော့၊ တိုင်းရင်းသား လူမျိုး တွေအတွက် (ဗမာ က တော့ တိုင်းရင်းသား မဟုတ်ဘူးလား မသိဘူး) ကိုလိုနီ လက်အောက်တခု ကနေ၊ နောက် ကိုလိုနီ လက်အောက် (ဗမာ လက်အောက်) ကို ရောက်သွားရတာပါ။ ပြည်နယ် က လူမျိုးတွေ ကို ဆက်ဆံ ပြုမှုတာ ကို ကြည့်ရင် အလွန်သိသာ ပါတယ်။ ဘာ လွတ်လပ် ခွင့်မှ မရှိဘူး၊ ရိုးရာ ယဉ်ကျေးမှုတွေကို ဖော်ထုတ်ခွင့် မပေးဘူး၊ ကိုယ်ဘာသာစကား သင်ကြားခွင့် တွေကိုပိတ်ပင်ထားတယ်၊ တိုးတက် ဖွံ့ဖြိုးအောင် လုပ်မပေး ဘူး၊ ကိုယ့်ဟာ ကို လုပ်မယ်ဆိုလိုရှိ ရင်လည်း ခွင့် မပြု ဘူး၊ အစိုးရ အရာရှိတွေ ရွေးချယ်ရာ မှာ လည်း အနှိမ့် ခံရတယ်၊ စစ်တပ် ထဲဝင် ပြန်ရင်လည်း အနှိမ့် ခံရတယ်၊ တိုင်းမှူး တယောက်မှ တိုင်းရင်းသား ထဲ က မရှိဘူး (ရှိဖူး တယ် ဆို ရင်လည်း တဦးစ နှစ်ဦးစ မှ လွှဲ ၍ ပေါ့ ဗျာ)၊ တိုင်းရင်းသား တယောက် ယောက် သူဌေး ဖြစ် ပြန်ရင် လည်း မျက် စ ပစ်နေတယ် (ခု အစိုးရရဲ့ အပြူအမှု တော့ သိပ်မသိသေး ဘူး၊ အရင်တုန်း က ဆို ထိပ် ရောက် ပြီ ဆိုတာ နဲ့ အလဲ ထိုးလိုက်တာပဲ)၊ ပြည်နယ် တွေမှာ စစ်ဆေး ရေး ဂိတ်တွေ အများ ကြီး ချထားတယ်၊ မြစ် ချောင်း အင်း အိုင် တွေ မှာ မျိုးဆက် ပေါင်း များ စွာငါးဖမ်းစားလာခဲ့တာ မှာ ခုကျတော့ ငါးမဖမ်းရဘူး စစ်တပ် က လေလံ ပစ်ထားတယ်၊ တောင်တွေ လယ်ယာ မြေတွေ ကို အလကား သိမ်းထားတယ်၊ အစရှိသဖြင့်internal sanction တွေအများ ကြီး လုပ်ထားတယ်။ စာရင်း က မကုန်သေးပါဘူး ချရေး ရရင်။ ဒီလက်ရာတွေ ကြည့်ရင် ကိုလိုနီတိုင်းပြည် တခု ကို အုပ်ချုပ်တာ နဲ့သွားတူနေတယ်။ အင်္ဂလိပ်တောက် ဒီလောက် မဆိုးခဲ့ ပါဘူး။ ခု ဘာသာတူ၊ လူမျိုးလည်းတူတယ်လို ပြောနိုင် တဲ့သူတွေ အုပ်ချုပ်မှု ဒါမျိုးတွေကို ခံနေခဲ့ရတာ အခု ဆို နှစ်ပေါင်း ၆၄ နှစ် ရှိခဲ့ပါပြီး။ ဘယ်တော့များ မှ ပြီးဆုံး မလဲမသိတော့ဘူး။ ရေးရရင် တော့ အများကြီးပေါ့ ဗျာ။

  1. Anonymous said... :

    အဲဒီ ဓာတ်ပုံက အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းထောက် Tony Birtley က ၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းမှာ ရန်ကုန်ကို သွားပြီးရိုက်ခဲ့တဲ့ "Inside Myanmar: The Crackdown" documentary ထဲက ပြကွက်တခုပါ။

    ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါ လင့်ခ်အတိုင်း သွားလိုက်ပါ။

    http://www.youtube.com/watch?v=1UqQaizM15Q

  1. Anonymous said... :

    သူပုန်ကြီး(Burma Media Wash)က ပြော..
    ဗျို့ဆရာဦးတင်အောင်လှခင်ဗျား..
    ကျနော်က ဗမာ စစ်စစ် ရေ မရောပါ။ဗမာ ဟာ လည်းတိုင်းရင်းသားပေါင်းစုံထဲက တိုင်းရင်းသား တမျိုးပါပဲ။ဗမာက လူဦးရေကလည်းပိုများ၊နေတဲ့ဒေသတွေကလည်း လုပ်စားရတာလွယ်။ဒီတော့ ဗမာက ပိုပြီးရှေ့ကိုရောက်နေပါတယ်။ဒီတော့ ကျနော်ပြောချင်တာက အခြားအခြားသောတိုင်းရင်းသားညီအစ်ကိုမောင်နှမများကို ဖေးမပေးရမယ်။ဗမာက အလုပ်ပိုလုပ်..၊စားတော့ညှာစား..လျှော့စား..။အဲဒါမှ ပြည်ထောင်စုစိတ်ဓါတ် တကယ်ရှိတာပါ။
    ကျနော်ဟာ ကရင်ထိပ်သီးခေါင်းဆောင်တဦးနဲ့ရှမ်းထိပ်သီးခေါင်ဆောင်တဦးတို့ပြောတာကိုဝေမျှပါ့မယ်။သူတို့နှစ်ယောက်ရဲ့သဘောထားကအခွင့်အရေးပိုပြီးမယူချင်ပါဘူးတဲ့..။
    တန်းတူရရင်ကျေနပ်ပါသတဲ..။
    ဗမာအဆက်ဆက်ကအခြားလူမျိုးစုများအပေါ်ဗိုလ်ကျလူပါးဝလွန်းပါတယ်လို့ ကျနော် အလေးအနက် ပြောလိုပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved