ဦးမြင့်အေးက အကြမ်းဖက်သမားလား

Monday, January 16, 2012



ကံဆိုးမိုးမှောင်ကျတတ်တယ် လို့ သတ်မှတ်ထားတဲ့ ဂဏန်းတလုံး ဥရောပမှာ ရှိလေရဲ့။ ဟုတ်ပါတယ်.. ၁၃ ပေါ့။ အဲ.. အဲဒီ ၁၃ ဂဏန်းကို သောကြာနဲ့ တွဲမိပြီ ဆိုရင်တော့.. မြန်မာပြဿဒါးထက်တောင် ဆိုးသလား အောက်မေ့ရအောင် လူတွေ ကြောက်ကြလန့်ကြတယ်။ သေချာပါတယ်.. ဒီဂဏန်းနဲ့ ရက်တိုက်ဆိုင်မှုက မြန်မာတွေနဲ့ မဆိုင်ဘူးဗျ..။ သူတို့အခေါ် Friday the 13th က ကျုပ်တို့အတွက်တော့ လာဘ်တပါးအဖြစ် နိုင်ငံရေး အကျဥ်းသားတွေ လွတ်မြောက်ခြင်းနဲ့ မင်္ဂလာရှိစွာ ရောက်ရှိလာပါတယ်။ တပြည်လုံး သိမ့်သိမ့်တုန် ပျော်ရွင် ၀မ်းမြောက်ကြတာများလေ။

အဲ.. လွှတ်ပေးသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အကျော်အမော်တွေသာမက ဘိုးတော်ကြီး ဦးနေ၀င်းရဲ့ သားမက်နဲ့မြေးလည်း ပါရဲ့.. ၀န်ကြီးချုပ်ဟောင်း ခင်ညွန့်နဲ့ သူ့ နောက်တော်ပါ.. ထောက်လှမ်းရေး သားသတ်သမား လူလှည့်စားများလည်း ပါလာပါရဲ့..။ ဒီအထိ..ကိစ္စမရှိ.. ပကတိ မုဒိတာနဲ့ ကြည့်နေမိပါသေးတယ်။

လွှတ်ပေးတာတွေအတွက် ကျေးဇူးလည်း တင်.. ၀မ်းလည်းသာပါရဲ့.. ဒါပေမဲ့ ကျန်နေတဲ့သူတွေလည်း ရှိနေတယ်..။ ဖေါက်ခွဲမှုဆိုပြီး အမှုဆင် ထောင်ချခံရတဲ့ အုပ်စုပေါ့..။ တကယ်ဖောက်ခွဲရေးသမားလဲ မဟုတ်ပါဘဲ.. အမြင်ကပ်တဲ့ပုဒ်မ အတပ်ခံရသူများပါ..။ ဒါကိုတော့ လုံးဝ မကျေလည်နိုင်တာမို့ ဒီစာကို ကောက်ရေးလိုက်တာပါ။

တချိန်က NLD ကြည့်မြင်တိုင်မြို့နယ် ဥက္ကဌ ဦးမြင့်အေးကို မှတ်မိပါသလား..။ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း NLD မှာ အမာခံ၊ အမိုက်ခံ လုပ်ကိုင်ခဲ့သူတွေထဲမှာ ထိပ်တန်းက ပါတဲ့သူပါ။

အဲဒီ ဦးမြင့်အေးက ၂၀၀၁ ခုနှစ်မှာ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် (HRDP) ကို တည်ထောင်ပြီး လူ့အခွင့်အရေးပညာပေးမှုများကို မြန်မာပြည်အနှံ့ဆောင်ရွက်ခဲ့ပါတယ်။ သူက.. စိတ်ပြင်းတဲ့လူ.. အရမ်း တက်ကြွတယ် ။ ဒါပေမယ့် ထိန်းထိန်း သိမ်းသိမ်း ရှိတယ်။ ဒါမျိုးကို ဗိုလ်သန်းရွှေအစိုးရက လုံးဝ မကြိုက်..။ ဒီတော့လည်း မုန်းပြီပေါ့လေ။ လူ့အခွင့်အရေး ဆိုတာကို နားမှ လေသံတောင် မကြားလိုတဲ့ ဗိုလ်သန်းရွှေ လက်ထက်မို့လား။ ဘာပြောကောင်းမလဲ ၂၀၀၆ စက်တင်ဘာလကုန်မှာ လူ့အခွင့်အရေး စာရွက်စာတန်း ဖြန့်ဝေမှုနဲ့ စစ်အစိုးရ က ဖမ်း၊ နောက်တော့ နိုဝင်ဘာလထဲမှာ ပြန်လွှတ်.. ။

ဒီလိုနဲ့ လူ့အခွင့်အရေး မြင့်တင်ရေး ကွန်ရက်ကို အနယ်နယ်မှာ လုပ်ကြရင်း အစိုးရ လက်သပ်မွေး ကြံ့ခိုင်ရေးအဖွဲ့ (အခုတော့ ပါတီ) လူမိုက်တွေနဲ့ ထိပ်တိုက်တိုး ၀ိုင်းရိုက်ကြနဲ့ အကြီးအကျယ် ဒဏ်ရာရသူတွေထဲမှာလည်း ဦးမြင့်အေး ပါပါတယ်။

ရွှေဝါရောင်အရေးအခင်းမှာ လက်စွမ်းပြနိုင်ခဲ့ကြတဲ့ အစိုးရလက်သပ်မွေး စွမ်းအားရှင်တွေက သူ့ကို ချောင်းရိုက်ပါတယ်. ၂၀၀၈ မတ်လ ၂၈ ညချမ်းမှာ။
အကျယ်ဖတ်ချင်ရင် ဟောဒီမှာ လင့်ခ် http://www.irrawaddy.org/burmese/print/news2008/March/march_28d_08.html

သူ့စိတ်ဓါတ်ပြင်းပြပုံကိုတော့ အရိုက်ခံရပြီးခါစ မှာပြောခဲ့တဲ့ သူ့စကားက သက်သေခံနေပါတယ်။

“တကယ်လို့ ကျနော့်ကိုရိုက်တဲ့ ပုဂ္ဂိုလ်ကြားမယ်၊ သိမယ်ဆိုရင် ပြောချင်ပါတယ် … လူ့အခွင့်အရေး လုပ်လို့ ခြိမ်းခြောက်တဲ့ အနေနဲ့ ရိုက်တာ ဆိုရင် ကျနော် ဆက်လုပ်ဦးမယ်လို့ ပြောပါရစေ”

အဲဒီ နောက်ပိုင်း အဖမ်းခံရ။ စစ်ကြောရေးမှာ အပြင်းအထန် သူ့ ကို နှိပ်စက်တယ်၊ ရန်ကုန် ပေါက်ကွဲမှုတခုမှာ ပတ်သက်တယ် ဆိုပြီး အတင်း ၀န်ခံ လက်မှတ်ထိုးခိုင်းတယ်။ ပြီးတော့ ဖောက်ခွဲမှုနဲ့ ထောင် ချလိုက်တယ်။
http://www.bur.irrawaddy.org/index.php/news/250-2008-10-21-06-36-54

ဦးမြင့်အေးဟာ အကြမ်းဖက်သမား တဲ့။ ဘယ်သူတွေက ပြောတာလဲ။ လူတွေကို မြို့ပေါ်မှာ ပစ်သတ်တဲ့၊ တောဘက် နယ်ဘက်မှာ ထင်ရာစိုင်းနေတဲ့၊ လူတွေကို ဖမ်းပြီး လုပ်ချင်ရာ လုပ်နေတဲ့ စစ်အစိုးရက ပြောတာပါ။ အာဏာပိုင်တွေရဲ့ သတ္တိက ဒီမှာတင် ရပ်မသွားပါ။ စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံထားရတဲ့ သူ့ပုံကို သတင်းစာ၊ ရုပ်သံတို့မှာ ထုတ်ပြပါသေးတယ်။ ဦးမြင့်အေးဟာ ဗုံးဖောက်ခွဲတဲ့ အကြမ်းဖက်သမားပါ ဆိုပဲ။

သူက အဖမ်းခံရချိန်မှာ အသက်က ၅၇ ပတ်လည်လောက် ရှိနေပြီ.. ။ ကျန်းမာရေးလည်း မကောင်း လှဘူးလို့ သတင်းရတယ်။ အသည်းကြီးတဲ့ ရောဂါတဲ့..။ အခုဆို ဘယ်လိုနေမလဲ မသိ..။
မေ ၂၇ - ၂၀၁၁ http://www.yoma3.org/?p=2180

မြန်မာပြည်က နိုင်ငံရေး လုပ်သူတွေကိုရော မလုပ်သူတွေကိုပါ လက်ကုန် နှိပ်ကွပ်ရာမှာ ထင်ရှားခဲ့တဲ့ စစ်ထောက်လှမ်းရေး ခေါင်းဆောင်ကြီး ဦးခင်ညွန့် ဇန်န၀ါရီ ၁၃ မှာ လွတ်လာပါပြီ။

အကြမ်းဖက်ခံရသူ ဦးမြင့်အေးကတော့ မလွတ်သေးပါ။ သူ့အပြင်လည်း အများကြီး ရှိပါသေးတယ်။ လွှတ်ကိုပေးရမှာပါ။

ထောင်က လွတ်လာတဲ့ ဦးဂမ္ဘီရက မနေ့ကပဲ အခုလို မိန့်ထားပါတယ် - "ဦးမြင့်အေးတို့ အေးအောင်တို့ ဉာဏ်ရွှေတို့ လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့ကို မတရား ပုဒ်မတွေ တပ်ထားတာ၊ ဖောက်ခွဲရေး ပုဒ်မတွေ တပ်ထားတာ၊ ဒါ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ တရားဥပဒေစိုးမိုးမှု မရှိဘူး ဆိုတာပဲ၊ လုပ်ရပ်နဲ့ ပုဒ်မနဲ့က တခြားစီ၊ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပါတယ် ဘာညာနဲ့ ကျုပ်တို့တော့လွတ်လာပြီ၊ ဘာလို့ သူတို့ ချန်ထားလဲ၊ ဒါ မရိုးသားဘူး" တဲ့။
Link

ဒီမိုကရေစီ သံကောင်းဟစ်ချင်ရင်လည်း ဟစ်နေလိုက်ကြပါလေ။ ဦးမြင့်အေး ဆက်ပြီး အထိန်းသိမ်း ခံနေရတာတော့ သဘာဝ မကျ.. အစိုးရအနေနဲ့ လူမဆန်လွန်းရာ ရောက်ပါတယ်..။

ဒါကြောင့် .. ဦးမြင့်အေးကို ချက်ချင်း လွှတ်ပေးပါ..။

မူရင်း - မိုးမခ - http://moemaka.blogspot.com/2012/01/who-is-u-myint-aye.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved