ဆင်သွားမှ လမ်းဖြစ်မည်

Wednesday, January 11, 2012

~






ဦးဖိုးသာအောင်
၂၉- ၁၁- ၂၀၁၁

ဟစ်တိုင် http://hittai.net/?show=rm&fileid=126&t=home3&id=3 တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်သည်။

- ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အစိုးရသစ်ထံ မှတ်ပုံတင်မည်၊ ပြီးလျှင် ရွေးကောက်ပွဲဝင်မည်ဟု ကန့်ကွက်သူ မရှိဘဲ တခဲနက်ဆုံးဖြတ်ချက် ချလိုက်ကြ၏။

သို့သော် လွယ်လွယ်ကူကူ ပြီးစလွယ်ဆုံးဖြတ်လိုက်သည်တော့ မဟုတ်ပါ၊ အစိုးရသစ်နှင့် ပူးပေါင်းခြင်းဖြင့် လူထုအတွက် အကျိုးရှိမလား၊ အဆိုးရှိမလားဆိုတာ အထပ်ထပ်အလည်လည် ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးမှ ပေါ်ထွက်လာတဲ့ ဆုံးဖြတ်ချက်ပါ၊

မတင်သင့် မဝင်သင့်ဆိုသည့် အင်အားစုများ၊ တင်သာတင်မည် စတိအနေနှင့်သာ ဝင်မည်ဆိုသည့် အင်အားစုများ၊ တင်လည်းတင်မည် ဝင်လည်းဝင်မည်ဆိုသည့် အင်အားစုများ အမျိုးမျိုးရှိကြပါသည်၊

လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်လည်း ရှိကြပါသည်၊ နောက်ဆုံးမှာ တင်လည်းတင်မည် ဝင်လည်းဝင်မည် ဆိုသည့် အင်အားစုက အများဆုံးဖြစ်နေသဖြင့် ဒီမိုကရေစီနည်းကျ မှတ်ပုံတင်မည်၊ ရွေးကောက်ပွဲ ဝင်မည် ဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြုလိုက် ပါတော့သည်။

- ယဉ်ကျေးပြီး အဆင့်အတန်းရှိသည့် အဖွဲ့အစည်းပီသစွာဖြင့် အများဆန္ဒကို လေးစားလိုက်နာကြသည်ကိုလည်း တွေ့ရပါသည်၊ ဆုံးဖြတ်ချက် မချမီက မည်သို့သော အယူအဆဖြင့် မည်သည့်ယုံကြည်ချက် ရှိကြသည်ဖြစ်စေ အများ၏ဆန္ဒဖြင့် ဆုံးဖြတ်ထားချက်အပေါ်မည်သူမျှ ကဏ္ဍကောစ မလုပ်ကြပါ၊

မည်သူမျှ ထိပါးစော်ကား စောင်းရွဲ့ခြင်းများလည်း မလုပ်ကြပါ၊ မည်သူမျှဆန့်ကျင်ကန့်ကွက် ရှုံချခြင်းများလည်း မလုပ်ကြပါ၊
စိတ်ထားသဘောထားကြီးရင့်သူများပီပီ ဆုံးဖြတ်ချက်ကို တက်ညီလက်ညီ ဝိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်ကြ မည်သာ ဖြစ်ပါသည်၊

လွန်စွာ အားရစရာကောင်းသည့် ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာနေကြကြောင်း တွေ့ရပါသည်၊ ပြည်တွင်းအခြေအနေသည် တဦးနှင့်တဦး နားလည် မှု ရှိခြင်း၊ အချင်းချင်းလေးစား လိုက်နာခြင်း၊ အများဆန္ဒကို လိုက်နာပြီး တဦးချင်း မတူသည့် အယူအဆများကိုလည်း လေးစားမှတ်တမ်း တင်ခြင်းစသည့် မွန်မြတ်သည့် ကျင့်စဉ်များကို ကျင့်သုံးနေတာတွေ့ရပါသည်။



သို့သော် သခွပ်ပင်မှ မီးတ ကျီကျီ ဖြစ်နေသည်ကတော့ ပြည်ပကပါ၊ ပြည်ပရောက် နိုင်ငံရေး ပြည်ပြေးများထဲမှ ကြိတ်မနိုင် ခဲမရတဲ့ အတွင်း ကျေ အသံတွေရယ်ပါ၊

ပြည်တွင်းက အင်အယ်ဒီ စစ်စစ်နဲ့ အင်အယ်ဒီကို ဝိုင်းရံနေကြတဲ့ စီအာပီပီ အပါအဝင် မဟာမိတ်အဖွဲ့အစည်းတွေထဲမှာလည်း အင်အယ်ဒီ မှတ်ပုံ တင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး အပေါ်မှာ သဘောမတူသူတွေလည်း ရှိကြပါတယ်၊

ဒါပေမယ့် အများဆန္ဒနဲ့ဆုံးဖြတ်ချက်ချပြီးတဲ့အခါမှာတော့ ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ရမယ့် ကိစ္စတွေမှာ အားလုံးပဲ အားတက်သရော ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါလိမ့်မယ်၊

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီစကားကိုပဲ အဓိကထားပြောဆိုသွားခဲ့ပါတယ်၊ လေးစားစရာလည်း ကောင်းလှပါတယ်။

- ပြည်ပရောက်တွေထဲမှာလည်း FTUB ဦးမောင်မောင်ရဲ့ ကြိုဆိုထောက်ခံသံကို ကြားရပါတယ်၊ အင်္ဂလန်ရောက် ဒေါက်တာဝင်းနိုင် (အင်အယ်ဒီ) နဲ့ နော်ဝေး အင်အယ်ဒီက အတွင်းရေးမှူးတို့ကလည်း ထောက်ခံကြပါတယ်၊
ပြည်ပရောက် စင်ပြိုင်အစိုးရဝန်ကြီးချုပ်ကြီးကတော့ သူတို့ အင်စီဂျီယူဘီကို ဆက်လက်တည်ရှိစရာတောင် မလိုတော့ဘူးလို့ ပြောပါတယ်၊

ပြည်ပရောက်တွေ၊ နယ်စပ်ရောက်တွေထဲမှာ အင်အယ်ဒီက ရွေးကောက်ပွဲဝင်မှု အပေါ်ကြိုဆို ထောက်ခံကြသူတွေ ရှိကြသလို မကြိုဆို မလိုလား မနှစ်သက်ကြသူတွေလည်း ရှိကြပါတယ်၊

ဒါကလည်း ဓမ္မတာ သဘောပါပဲ၊ သို့ပေမယ့် ပြည်ပရောက် မကျေနပ်သူ အချို့ကတော့ သူတို့ရဲ့ ကြေကွဲမှုနဲ့ ပေါက်ကွဲ သံတွေကို အင်တာနက်တွေ ဘလော့တွေ၊ ဝဘ်ဆိုဒ်တွေနဲ့ ရေဒီယိုတွေမှာ ထုတ်ဖော်ပြောဆိုနေကြတာလည်း တွေ့နေရပါတော့တယ်၊

အချို့အဖွဲ့တွေကတော့ ကြေငြာချက်တွေ ထုတ်ကြ၊ ဆောင်းပါးတွေ ရေးကြနဲ့ သူတို့အမြင်တွေကို တင်ပြကြပါတယ်၊
အချို့ကြတော့လည်း စာပေစည်းကမ်းလောက်တောင်မှ နားမလည်ဘဲ ရိုင်းရိုင်းပြပြနဲ့ ရေးသားကြတာလည်း တွေ့ရပါတယ်၊
ဒါကတော့ သူတို့ သမိုင်းပါပဲ။

အမှန်ကတော့ အင်အယ်ဒီသည် အစိုးရသစ်နှင့်ဘာကြောင့် ပေါင်းရသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေက ရှိပြီးသားပါ၊
ဒါက မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနဲ့ ပါတ်သက်ပါတယ်၊

မြန်မာပြည်ကို အင်္ဂလိပ်က မတရားသိမ်းပိုက်ပြီး ကိုလိုနီကျွန်နိုင်ငံလုပ်ခဲ့တယ်၊
သက်ဦးဆံပိုင် အာဏာရှင်ဘုရင်စနစ်မှ အင်္ဂလိပ် ပါလီမံက တိုက်ရိုက်အုပ်ချုပ်သည့် ဘုရင်ခံစနစ်ကျင့်သုံးတဲ့ ကိုလိုနီနိုင်ငံဖြစ်ခဲ့ပါတယ်၊
အုပ်ချုပ် ရေးစနစ်တခု ဖြစ်ပေါ်ပြောင်းလဲခဲ့ပါတယ်၊



- နောက် ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးယူတော့ အင်္ဂလိပ်နဲ့ အပေးအယူ စာချုပ် ချုပ်ကြရတယ်၊
အဲဒီ စာချုပ်လွတ်လပ်ရေးနဲ့ မြန်မာပြည်ဟာ လွတ်လပ်ရေးရခဲ့ပါတယ်၊ အောင်ဆန်းအက်တလီစာချုပ်၊ နုအက်တလီစာချုပ်၊ လက်ျာဖရီးမင်း စာချုပ်တွေနဲ့ ရယူခဲ့တဲ့ လွတ်လပ်ရေး အပေါ်မှာ မကျေနပ်သူတွေရှိခဲ့ကြပါတယ်၊

အပေးအယူ စာချုပ်စာတမ်းနဲ့ လွတ်လပ်ရေးမယူဘဲ တိုက်ပွဲပုံစံအမျိုးမျိုးနှင့် တိုက်ယူတဲ့ လွတ်လပ်ရေးသည် ရချင်လည်း ရနိုင်ပါတယ်၊
သို့ပေမယ့် တိုင်းပြည်နဲ့ လူထုမှာ အလွန်အမင်း စွန့်လွတ်စွန့်စားကြရမှာ ဖြစ်တဲ့အတွက် အထိနာပြီး နွားလံမထူနိုင်တဲ့ ဘဝမျိုးကိုလည်း ရောက်သွားနိုင်ပါတယ်၊

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ခေါင်းဆောင်ကြီးတွေဟာ မတိုက်ကြတော့ဘဲ စာချုပ်နဲ့ လွတ်လပ်ရေးကို ယူခဲ့ကြတာပါ၊
လုံးဝလွတ်လပ်ရေးအတွက် တိုက်ယူချင်တဲ့ အုပ်စုတွေကတော့ လက်ဝဲအယူအဆရှိတဲ့ ကွန်မြူနစ်တွေပါပဲ၊
ဒါသည် သဘောတရားနဲ့ ယုံကြည်ချက် မတူညီလို့ ဖြစ်ရတဲ့ ပြဿနာပါ။

အရင်းရှင်စနစ်နဲ့ ကိုလိုနီနယ်ချဲ့စနစ်ကို တပေါင်းတည်းလို့ အယူရှိတဲ့ ကွန်မြူနစ်အုပ်စုသည် အရင်းရှင်အင်္ဂလိပ်အစိုးရက စာချုပ်စာတမ်း နဲ့ပေးတဲ့ လွတ်လပ်ရေးကို လက်မခံနိုင်တာကတကြောင်း မြန်မာပြည်ကို ပစ္စည်းမဲ့ အာဏာရှင် ကွန်မြူနစ်နိုင်ငံ တည်ထောင်လိုတာက တကြောင်း ကြောင့် ဖ.ဆ.ပ.လ အစိုးရကို လက်နက်ကိုင် တော်လှန်ပါတော့တယ်။

မြန်မာကွန်မြူနစ် (ဗ.က.ပ)တို့သည် လူထုတင်မြှောက်သည့် ဖ.ဆ.ပ.လ အစိုးရကိုလည်း တိုက်ခိုက်ကြသည်၊ ဆက်ပြီး မ.ဆ.လ စစ်အာဏာရှင် အစိုးရကိုလည်း တိုက်ကြသည်၊ ယနေ့ထက်တိုင်လည်း တိုက်နေကြသည်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရ တရပ် ပေါ်ထွန်း လာသည်အထိ တိုက်ပွဲဝင်နေကြမည်လည်း ဖြစ်သည်၊

သို့သော် မည်သည့်ဒီမိုကရေစီမျိုး ထွန်းကားစေချင်တာလဲဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိကြပါ၊

- 27.09.1988 တွင် ဒေါ်အောင်ဆန်းစုကြည် အတွင်းရေးမှူးအဖြစ် ခေါင်းဆောင်ဖွဲ့စည်းသည့် အင်အယ်ဒီပါတီတွင် ကွန်မြူနစ်များ ပါဝင်နေ သည်ဟု ဦးအောင်ကြီးက စွပ်စွဲသည်၊ သို့သော် စွပ်စွဲချက်ကို အများစုက ပယ်ချသဖြင့် ဦးအောင်ကြီး ရှုံးနိမ့်ပြီး ပါတီခွဲထောင် သွားရသည်၊
အင်အယ်ဒီသည် ၉၀ ခုနှစ်ရွေးကောက်ပွဲကို ဝင်သည်၊ မဲ အပြတ်အသတ်ဖြင့် နိုင်သည်၊ သို့သော် စစ်အစိုးရက အာဏာမလွဲသည့်အပြင် အင်အယ်ဒီကို နည်းမျိုးစုံဖြင့် နှိပ်ကွပ်တော့သည်၊ ညောင်နှစ်ပင်ညီလာခံကို တက်ခဲ့သည်၊ ပြန်ပြီးထွက်ခဲ့သည်၊

ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ဖြင့် နှစ်ရှည်ထိမ်းသိမ်းထားသည်၊ ဦးဝင်းတင် နှစ်ရှည်ထောင်ကျသည်၊ ဦးတင်ဦးလည်းကျသည်၊
အဓိက ခေါင်းဆောင်တွေ အကျဉ်းကျခံကြရသည်၊ အင်အယ်ဒီဌါနချုပ်မှ လွဲ၍ အခြားအင်အယ်ဒီ ရုံးများအားလုံး ပိတ်ထားကြရသည်၊

ပါတီဝင်တော်တော်များများ အဖမ်းခံ ထိကျသည်၊ စီးပွားရေး လူမှုရေး အားလုံး အဖိနှိပ်ခံကြရသည်၊
တဘက်မှာလည်း ညောင်နှစ်ပင်က ပြုစုလိုက်တဲ့ ဖွဲ့စည်းပုံကို ၂၀၀၈ မှာ အတည်ပြုသည်၊ ၎င်း ဖွဲ့စည်းပုံနှင့်ပင် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပ ပြုလုပ်ပြီး သမတဦးသိန်းစိန် အစိုးရတက်လာခဲ့ပါသည်။

ရှစ်ဆယ်ရှစ် နောက်ပိုင်း မြန်မာအစိုးရများအပေါ် အမေရိကန်က စီးပွားရေး ပိတ်ဆို့ခဲ့ပြီး ဥရောပ နိုင်ငံများကလည်း အနည်းငယ် ပိတ်ဆို့ကြပါသည်၊
ဤသည်မှလွဲ၍ ပြည်တွင်းပြည်ပ အတိုက်အခံဆိုသူများသည် ဘာမျှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ကြပါ၊
ကိုယ့်ပြည်တွင်းရေး ကိုယ်ရှင်းမည်ဟုသာ တွင်တွင်အော်ခဲ့ကြပါသည်၊ ၂၀၁၁ ခု ဇွန်လလောက်အထိ ကိုယ့်ပြည်တွင်းရေး ကိုယ်ရှင်းမည့် အယူအဆကို ဆုတ်ကိုင်ထားကြသည့် ပြည်ပ အတိုက်အခံ အဖွဲ့များ၏ ဘဝသည် နှစ်ပေါင်းနှစ်ဆယ်ကျော် ရေစုန်မျောခဲ့ကြသည်၊

ပြည်ပအားကိုး ပုဆိန်ရိုးဟု အော်ဟစ်နေသည့် စစ်ဦးစီးအစိုးရသစ်သည်လည်း သူအားကိုးနေသည့် တရုတ်အစိုးရ၏ အခြေအနေသည် မဟန်ကြောင်း သိလာတော့သည်၊



ဤအခြေအနေတွင်ပြည်တွင်းက အင်အယ်ဒီရော အစိုးရသစ်ပါ အားကိုးလောက်သည့် ပြည်ပအကူအညီကို ရယူမှသာ မြန်မာ့ဒီမိုကရေစီ အနာဂတ်အရေး စိတ်အေးရမည်ဟု သိလာကြတော့သည်၊
အင်အယ်ဒီရော အစိုးရသစ်ပါ အတွေးအခေါ်သစ် ပေါ်တွင် အတူရပ်မိသည်ပင် ဖြစ်သည်။

- နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုကြီးများ၏ အကူအညီကို ကြောက်နေသော အတွေးအခေါ်ဟောင်း အုပ်စုများကတော့ ပြည်တွင်းနှင့် ပြည်ပမှာသာမက အစိုးရသစ်၏ အထဲတွင်လည်း ရှိနေကြပါသည်၊

ထိုသူတို့သည် ခေါင်းမာဂိုဏ်းသားများပင် ဖြစ်ပါသည်၊ သို့သော် ခေါင်းမာပုံချင်းတော့ မတူကြပါ၊
စစ်ဦးစီး အစိုးရထဲမှ ခေါင်းမာသူများကတော့ သူတို့၏ ကိုယ်ကျိုးစီးပွားကို ကြည့်ပြီး ပွင့်လင်းမြင်သာသည့် အနောက် ဒီမိုကရေစီစနစ် ထွန်းကား လျှင် သူတို့မတရား ရယူပိုင်ဆိုင် ထားသည့် စီးပွားများနှင့် သူတို့ကျူးလွန် ထားသည့် အပြစ်ကြီးများကို ပြန်လည်ဖော်ထုတ် အရေးယူမည်ကို ကြောက်နေသူများဖြစ်ကြပါသည်၊

အတိုက်အခံများထဲမှ ခေါင်းမာသူများမှာ နှစ်မျိုးရှိပါသည်၊ တစ်မျိုးမှာ ကွန်မြူနစ်ဝါဒ (မော်ဝါဒ)ကို အရိုးစွဲ ယုံကြည်သူများနှင့် လိုလားလက်ခံ သူများဖြစ်ပြီး နောက်တမျိုးကတော့ နိုင်ငံရေးအကြောင်းပြ ပရီပိုဇယ် ဂွင်မိပြီး အချောင်ကြီးပွားနေသည့် ခေတ်ပျက် သူခိုးများ ဖြစ်ကြသည်၊

ထိုသူများကတော့ တော်လှန်ရေး အဒွန့်ရှည်လေ ကြိုက်လေ၊ ဒီမိုကရေစီ မရလေ ကြိုက်လေ ဆိုသူများပင် ဖြစ်သည်၊ နှစ်ပေါင်းနှစ်ဆယ် ကျော် စစ်အစိုးရ မကောင်းကြောင်းပြောရုံမှအပ အခြား မယ်မယ်ရရ မလုပ်ကြပါ၊

နှစ်ပေါင်းများစွာ မြန်မာ့အစ်ရှုး ကုလမသဂ္ဂကို ရောက်ရေး၊ ကလေးစစ်သား ပပျောက်ရေး၊ အဓမ္မလုပ်အားပေးမှုပပျောက်ရေး၊ လူကုန်ကူးမှု ပပျောက်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုကို တိုင်တန်းရေး နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးစတဲ့ ပရီပိုဇယ်ငွေရမယ့် လုပ်ငန်းခေါင်းစဉ်များ အောက်မှာသာ ငွေနောက်ကို လိုက်ကြရင်း အချိန်ကုန်ခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီရေးသည် မှေးမှိန်ပျောက်ကွယ် ရတော့မလို ဖြစ်ခဲ့ပါတယ်၊
ဒီခေါင်းမာဂိုဏ်းသား နှစ်မျိုးကို အကျဉ်းချုပ်ရလျှင် ကွန်မြူနစ်နှင့် သူခိုးဟုသာ တွေ့ရပါလိမ့်မည်။

မြန်မာစစ်အစိုးရဟောင်းသည် တရုတ်ကို အားကိုး အားထားပြုသလို ပြည်ပရောက် ကွန်မြူနစ်ကလည်း ကူမင်းကို သွားပြီး နာခံ သမှုပြုကြသည်၊
အနောက်အရင်းရှင်နိုင်ငံများ၏ ပေးကမ်းကြွေးမွေးမှုကို ခံယူပြီး ကျေးဇူးရှင်ကို ပုန်ကန်ရန် အစဉ်အားထုတ်နေသူများ ဖြစ်ကြသည်၊

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီပါတီသည် ဦးသိန်းစိန်အစိုးရသစ်နှင့်ပေါင်းပြီး တရုတ်နှင့်ခွာကာ အရင်းရှင်ဒီမိုကရေစီ စနစ်ကို တည်ထောင်တော့မည်၊ အမေရိကန်နှင့် ပူးပေါင်း တော့မည်ဖြစ်လာတဲ့အခါ ဆတ်ဆတ်ခါ နာကြီးသူများမှာ ၎င်း ကွန်မြူနစ် များပင် ဖြစ်နေပါတော့သည်၊
မြန်မာကွန်မြူနစ်လက်ကျန် (ဗ.က.ပ) တို့သည် အရင်းရှင်ဒီမိုကရေစီ အနောက်အုပ်စုနှင့် အမေရိကန်ကို အသေမုန်းတည်းသူများလည်း ဖြစ်ကြသည်၊
တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ အမေရိကန်နှင့် ပူးတွဲ စီးပွားရေး အကောင်အထည်ဖော်မှုကိုလည်း ကြိုဆိုထောက်ခံ သူများ မဟုတ်ကြပါ၊

- “ ကြောင်ဖြူ ကြောင်မဲ အဓိကမဟုတ် ကြွက် ခုတ်နိုင်ဖို့က အဓိက” ဆိုသည့် အယူအဆကိုလည်း လက်မခံကြပါ၊
“ပြူတင်းပေါက်ကို ရဲရဲသာ ဖွင့်လိုက်ပါ လေကောင်းလေသန့်နှင့် အတူ ညှော်နံတွေလည်း ဝင်လာမည်၊ သို့သော် မကြောက်ပါနှင့်” ဆိုသည့် အယူအဆကိုလည်း ငြင်းပယ်သည့်အပြင် တချိန်တုန်းက ကွန်မြူနစ်တစ္ဆေကြီးက ယနေ့အရင်းရှင် ဘီလူးကြီးကို အကြောက်ကြီးကြောက် နေကြပါတော့သည်။

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဘေး ကျရောက်တုံးကလည်း အမေရိကန်၊ ပြင်သစ်တို့၏ အကူအညီသဘောင်္တွေကို မကြိုဆို မလိုလား သူများမှာ စစ်အစိုးရဟောင်းနှင့် အမေရိကန်မလိုလားသူများပင် ဖြစ်နေပါသည်၊

အထူးသဖြင့် ပြည်ပရောက် အဖွဲ့အစည်းများထဲတွင် အမေရိကန်ကို မလိုလားသူများက နေရာအနှံ့ရှိနေကြပြီး သူတို့၏ အသံများ အယူအဆ များကို ပြည်ပမှာ ထုတ်ဝေသည့် စာအုပ်စာတမ်း စာဆောင်များ၊ အင်တာနက် ဘလော့များ၊ ဝဘ်ဆိုဒ်များနှင့် ပြည်ပအသံလွှင့်ဌာနများမှ ဖတ်ရှုကြားသိနေကြရပါသည်။

ပြည်ပရောက် အချို့သော ပရီပိုဇယ်သူခိုး အချို့ကတော့ ပါးနပ်မှုရှိကြသည်၊ သူတို့က နိုင်ငံရေးခံယူချက်နှင့် ယုံကြည်ချက်မရှိကြပါ၊
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သောအခါမှ မဆန့်ကျင်ကြပါ၊ အမြဲထောက်ခံလေ့ရှိကြသည်၊
ဒေါ်စုက အမေရိကန်ကို လက်မခံချိန်မှာ သူတို့လည်း လက်မခံကြ၊ ဒေါ်စုက အမေရိကန်နှင့် ပေါင်းမည်ဆိုတော့ သူတို့လည်း ပေါင်းမည့်ဘက်ကို ပါကြသည်၊

သို့သော် ကိုယ်ကျိုးသမားများသာ ဖြစ်ကြသည်၊ ကွန်မြူနစ်များကတော့ ဤသို့မဟုတ်ပါ၊
ဒေါ်စုက အမေရိကန်ကို လက်မခံသေးပဲ အိမ်နီးချင်းများနှင့်သင့်အောင် ပေါင်းရမည်ဆိုတုန်းက ဒေါ်စုကို ထောက်ခံကြ ဝန်းရံကြပြီး ယခု အမေရိကန်နှင့် ပူးပေါင်းကြမည်ဆိုတော့ ဒေါ်စုကို ဝိုင်းဝန်းအပြစ်ဆိုကြ ရှုတ်ချကြသည်။

- ယခုကြားနေရသည့် အင်အယ်ဒီ ရွေးကောက်ပွဲဝင်မည်ဆိုသည်မှာ လူထုသဘောထားမဟုတ်ပါ ဆိုတာတို့၊ နိုင်ငံရေးနောက်ကြောင်း ပြန်ပြီတို့ ဆိုတဲ့ စကားသံတွေသည် အနောက်ဆန့်ကျင်သူများထံမှ ထွက်နေသည့် အသံများဖြစ်သည်၊
အရင်းရှင်အမေရိကန်သည် ဟိုတုံးကလည်း မကောင်း၊ အခုလည်း မကောင်း၊ နောင်လည်း မကောင်းပါဟု ခံယူ ယုံကြည်ချက်ရှိကြ သူများသည် အရင်းရှင်နိုင်ငံများမှာ မခိုလှုံသင့်ကြပါ၊
တရုတ်တို့ ရုရှားတို့မှာသာ နေခွင့်တောင်းပြီး နေသင့်ကြပါသည်၊ မိမိတို့ယုံကြည်ချက်အတိုင်း မြန်မာနိုင်ငံကို ပစ္စည်းမဲ့ဒီမိုကရေစီ ကွန်မြူနစ် နိုင်ငံဖြစ်အောင် ဆက်လက်ကြိုးပမ်းကြရန်သာ ဖြစ်ပါသည်၊
မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်းရယူပေးခဲ့သည့် စာချုပ်လွတ်လပ်ရေးကိုလည်း လက်မခံနိုင်လျှင် ဆက်လက်ပြီး အင်္ဂလိပ်ကို တိုက်ကြပါ ဟုသာ ဆိုရပါမည်။



ဒေါ်စုနှင့် အင်အယ်ဒီက အစိုးရသစ်နှင့် ပေါင်းမည် ရွေးကောက်ပွဲဝင်မည်ဆိုသည့် ကိစ္စကို မကြိုဆိုနိုင်သေးပါ၊ အပြောင်းအလဲတွေ မည်၍ မည်မျှ ဖြစ်လာမည်ကို စောင့်ကြည့်ရပါအုံးမည်ဆိုတဲ့ မပြတ်သားသူများရဲ့ အသံတွေကိုလည်း ကြားနေရပါတယ်၊ သူတို့ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးသေးလို့၊ ပြည်တွင်းစစ်ကို ရပ်မပေးသေးလို့ လို့ ဆိုနေကြပါတယ်၊
အဲဒါတွေပြေလည် သွားရင်တော့ ထောက်ခံကောင်း ထောက်ခံနိုင်ပါလိမ့်မယ်။

- မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီသည် ဦးသိန်းစိန်အစိုးရသစ်ကို အားဖြည့်ပေးရန် ရွေးကောက်ပွဲဝင်တာတော့ မဟုတ်ပါ၊ နှစ်ပေါင်းများစွာ စစ်အာဏာရှင်အစိုးရ၏ အောက်မှာ ပြားပြားမှောက်နေခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ပြီး ဒီမိုကရေစီ ထွန်းကားရန် ရွေးကောက်ပွဲ ဝင်တာပဲ ဖြစ်ပါတယ်၊
ဒီတခါ ရွေးကောက်ပွဲဝင်တာမှာတော့ အစိုးရသစ်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ရဲ့နောက်မှာ အမေရိကန် က မားမားမတ်မတ် ရပ်ပေးနေပါပြီ၊

ဒါကြောင့် ရွေးကောက်ပွဲဝင်မှုအပေါ် ဘယ်သူတွေက ဘယ်လိုပဲ ဝေဖန်ကြပါစေ၊ ဘယ်လိုပဲ ကန့်ကွက်ကြပါစေ ဆင်သွားတဲ့လမ်းကို နောက်က လိုက်ကြဖို့က လွဲလို့ အခြားမရှိပါကြောင်း။ ။



~

10 comments :

  1. MaP said... :

    very good article.

    agree.

  1. Htun said... :

    Agree with author... It is highlighted real situations...

  1. Anonymous said... :

    Agree.

  1. သုအောင်နေမိုးချုပ် said... :

    ဦးဖိုးသာအောင်(နော်ဝေး)ဆိုတဲ့ကလောင်အမည်နဲ့ရေးတဲ့ဆောင်းပါးတွေကိုအရင်ကလည်းဖတ်ဖူးပါတယ်။ ဒါကြောင့်မို့ ဦးဖိုးသာအောင်ဆိုတာဒီဗွီဘီသတင်းဌာနတည်ရှိတဲ့နော်ဝေးနိုင်ငံကလို့ ထင်ပါတယ်။ တခါအခု ဒီဆောင်းပါးထဲမှာ ပြင်ပကပြည်ပြေးတွေလို့ရေးထားတဲ့အတွက် ဦးဖိုးသာအောင်ကိုယ်တိုင်ကပြည်တွင်းမှာနေတာလားသို့မဟုတ်နော်ဝေးနိုင်ငံမှာနေတဲ့ပြည်ပြေးတဦးပဲလားဆိုတာအတွေးပွားစရာဖြစ်လာရပါတယ်။

  1. Anonymous said... :

    ‘ဆင်သွားမှလမ်းဖြစ်မည်’ လိုတော့အပြတ်ပြောလို့မရပါဘူး။ဒေါ်စုကိုယ်တိုင်ကစွန့်စားကြည့်
    ရတာလို့ပြောထားပါတယ်။အရပ်စကားနဲ့ဆိုရင် ‘အလောင်းအစား’ လုပ်တယ်ဆိုရမှာပါ။
    အလောင်းအစားဆိုတာရှုံးဖို့များတာကြောင့် အင်မတန်သတိထားရပါမယ်။ ဒေါ်အောင်ဆန်း
    စုကြည် နဲ့ အဖွဲ့ချုပ် ‘ဆင်ကန်းတောတိုး’ မဖြစ်ရအောင်စေတနာနဲ့ အမုန်းခံပြောတာကို နားလည်ဖို့လိုပါတယ်။

  1. Anonymous said... :

    very good ... ကျေးဇူးတင်ပါသည်။

  1. Anonymous said... :

    မုဆိုး သနား လို့ ဆင်ကော ၊ ကျားရော သက်သာရာ ရနေတာ။အထင် တွေ၊ ဘဝင် တွေ စွတ်မြင့်နေကြပါလား။

  1. Very knowledgeable author (whatever he is). Just highlighted to the important facts with a real history. 100% right!

  1. Anonymous said... :

    ပြည်သူတွေက အေးအေးချမ်းချမ်း ပြောင်းလဲမှုကို ကြိုဆိုကြမှာကတော့ သေချာပါတယ်၊
    ရွေးကောက်ပွဲဝင်တာကို ဆန့်ကျင်သူတွေဟာ လူများစုကို ကိုယ်စားမပြုပါဘူး၊ အဲဒီလူတွေက ဆန့်ကျင်ရုံမှတပါး လူထုထောက်ခံနိုင်မယ့် ပိုပြီးကောင်းမွန်လျော်ကန်မယ့် လမ်းကြောင်းတခုခုကိုလည်း ချမပြနိုင်ကြပါဘူး၊ လူထုကိုဦးဆောင်မှုပေးဖို့ဆိုတာကတော့ ဝေလာဝေးပါ။
    ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လူတန်းစားအလွှာပေါင်းစုံက ထောက်ခံနေကြတာ မျက်မြင်ပဲဖြစ်ပါတယ်။

  1. Anonymous said... :

    သိတ်တန်းဖိုးရှိတဲ့ဆောင်ပါးတခုပါ။ကျုပ်တို့ကဒါမျိုးဆိုရင်ဆင်ကြီးသွားရာနောက်လိုက်ပြီး
    ဆင်းချီးပဲကျုံးရကျုံးရဗျို့။တရုတ်တို့ရုရှားတို့ဆိုမုန်းလွန်း
    လို့အော့နှလုံးနာတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved