ဒေါက်တာနေ၀င်းမောင်ဟာ အထူးကုဆေးရုံကြီး တစ်ရုံကို ဆေးကုသမှု ခံယူဖို့ ကိုယ်တိုင် သွားခဲ့ပါလျက်၊ ရန်ကုန်ဆေးရုံကြီးကို လွှဲခဲ့တယ်လို့ သိရတယ်၊ ရန်ကုန် ဆေးရုံကြီးရောက်တော့ ဆုံးသွားရတယ်။
အရင်တစ်ခါလည်း လှိုင်သာယာ ဆေးရုံက ကျောင်းသူလေးတစ်ယောက် မြွေကိုက်လို့ အင်းစိန် ဆေးရုံ တင်လိုက်တာ ဟိုပြောင်းဒီရွှေ့နဲ့ သေဆုံးသွားရတယ်။
ဟိုတစ်လောက စွယ်တော်ကြွလာတော့ မြန်မာတပြည်လုံး လှူလိုက်ကြတဲ့ ပိုက်ဆံတွေ ၊ ရတနာတွေလည်းပါသေးတယ်တဲ့၊ အဲဒါတွေဘယ်မှာ သွားသုံးကြမှာလဲ။
ကျန်းမာရေးကိစ္စကြတော့ အထူးကု ဆေးရုံ ဆိုတာတွေတောင် အရေးပေါ်ဌာနမှာ အရေးပေါ် ချွဲထုတ်စက်တို့ ၊ နှလုံးခုန်စက်တို့၊ အသက်ကယ်ဆေးဗူးတို့မရှိဘူး။
မြန်မာပြည်က ဆေးရုံဆေးခန်းအားလုံးမှာ အရေးပေါ်ဆိုတာ အရေးပေါ်ကုသတဲ့နေရာ မဟုတ်ဘူး၊ စာရင်းလက်ခံတဲ့ နေရာပဲဖြစ်နေတယ်။
ဖောင်းပွနေတဲ့ ဘာသာရေးအလှူနေရာမှာ လိုအပ်နေတဲ့ ကျန်းမာရေးကိစ္စအတွက် လှူကြမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဗျာ၊ အခုတော့ ဆုံးရှံးလိုက်တဲ့ သားကောင်းသမီးကောင်းတွေ ဘယ်လောက်များနေပြီလဲ။
ဒီလိုပြောလို့ ကျွန်တော်ဟာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ ကွန်မြူနစ် တစ်ယောက်လို့ ထင်ကြမလား၊ မဟုတ်ပါဘူး၊ ဘုရားရှင်တရားတော်ကို သေချာလေ့လာပြီးလို့ ဒီလိုရေးတာပါ၊
ဟိုတစ်နေ့ကပဲ ယောဆရာတော်ကြီးတရားကို mrtv 4 ကနေ နာလိုက်ပါတယ်။ ဆရာတော်ကြီးက ကလေးမွေးလာတာ မိသားစုမှာ ထမင်းကျွေးတာတောင် မေတ္တာစေတနာ၊ ကရုဏာ တရားထည်ပြီး ပြုစုကျွေးမွေးရင် အလိုလို ကုသိုလ်ရပါတယ်တဲ့။
ဆိုလိုတာက လူမှုကိစ္စ၊ လောကီဘောင်မှာနေရင်းနဲ့ ကုသိုလ်ရအောင် လုပ်နိုင်ပါတယ်တဲ့၊ ကုသိုလ်ကောင်းမှုဆိုတာ ပိုက်ဆံတွေ အများကြီးကုန်မှ ရတာမဟုတ်ပါဘူး၊ ကုသိုလ်ကောင်းမှုရဲ့ အဆင့်ကို သတ်မှတ်တဲ့ နေရာမှာလည်း ဒါနထက်သီလကမြတ်တယ်၊ သီလထက်၊ ဘာဝနာက မြတ်တယ်ဆိုတာ အထင်အရှား ဘုရားဟောရှိပါတယ်။
လိုအပ်လို့လှူတာ ပြောစရာမရှိပေမယ့် ဆင်းရဲတဲ့ ကျွန်တော်တို့နိုင်ငံမှာ ရေများရာ မိုးရွာပြီး ၊ ရေငတ်တဲ့ နေရာမှာ ရေမကျ နိုင်တဲ့ အခြေအနေတွေဖြစ်နေပါတယ်။
လှူတဲ့ နေရာမှာလည်း မေတ္တာရှင် ရွှေပြည်သာ ဆရာတော်ဟောတာက နောက်ဘ၀ ငါကောင်းစားဖို့ ဆိုတဲ့ ရည်ရွယ်ချက်ထက် ကိုယ်ကောင်းစားဖို့ မဟုတ်ပဲ အလှူခံပုဂ္ဂိုလ်ကောင်းစားဖို့ ဆိုတဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ လှူတဲ့ အလှူသာ ပါရမီမြောက်ပြီး ပိုမြင့်မြတ်ပါတယ်လို့ ဆိုထားပါတယ်။
ယနေ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အများစု လှူဒါန်း နေတာတွေဟာကုသိုလ်ရဖို့လား၊ လိုအပ်တဲ့ နေရာမှာ တကယ်လှူနေတာလား၊ နောက်ဘ၀ ငါကောင်းစား ဖို့ဆိုတဲ့ အတ္တ အမျှော်တွေနဲ့ လှူနေတာလားဆိုတာ သေချာ ဝေဖန်စိစစ် သင့်ပါတယ်။
ကုသိုလ်ကို အစစ်အမှန် တကယ်လိုချင်ရင်တော့ ငွေကုန်ခံစရာမလိုပဲ ကိုယ်ကျင့်တရား ကောင်းကောင်းထိန်း၊ တရားအားထုတ်မယ်ဆိုရင် ရပါပြီ။
ပြည်သူအများစုကလည် ကျန်းမာရေး ပညာရေးကိစ္စကို အလှူလို့ မြင်ရကောင်းမှန်းမသိ၊ အစိုးရကလည်း ကျန်းမာရေး စရိတ်ကို စိုက်သုံးဖို့ စိတ်မ၀င်စားရင် အရေးပေါ်ဌာနတွေဟာ ဆက်လက်ပြီး စာရင်းကောက်ရုံသက်သက်ပဲဖြစ်နေအုံးမှာပါ။
တကယ်လို့သာ ဒေါက်တာနေ၀င်းမောင်ရော၊ လှိုင်သာယာတက္ကသိုလ်က ကျောင်းသူလေးရောဟာ ၊ ပထမဆုံး ရောက်တဲ့ ဆေးရုံမှာ အရေးပေါ် အချိန်မီကုသနိုင်ခဲ့ရင်၊ သေဆုံးစရာ အကြောင်းမရှိပါဘူး။
ဒါကြောင့် ပြည်သူပြည်သားများကိုယ်တိုင် ကလည်း ကျန်းမာရေးကိစ္စပညာရေး ကိစ္စတွေမှ တကယ့် အလှူလို့ မြင်နိုင်ဖို့ လိုနေပါပြီ။
အစိုးရကိုယ်တိုင်ကလည်း၊ ပညာရေး ကျန်းမာရေး ကိစ္စတွေမှာ ဘတ်ဂျက်များများသုံးသင့်နေပါပြီ။
ကျွန်တော်တို့ နောက်ထပ် ဒေါတာနေ၀င်းမောင် ပေါင်းများစွာ မဆုံးရှုံးပါရစေနဲ့တော့၊ ၀မ်းနည်းခြင်း တွေကို သင်ခန်းစာအဖြစ်သတ်မှတ်ပြီး ပြင်လိုက်ကြပါစို့။
ပြည်သူအများစုကလည် ကျန်းမာရေး ပညာရေးကိစ္စကို အလှူလို့ မြင်ရကောင်းမှန်းမသိ၊ ဆိုတာလေးကို ဥပမာ
လေးတွေနဲ.ရှင်းပြပေးစေလိုပါတယ်။
လေးစားလျက်
စာဖတ်သူ တစ်ဦး