ပန်းချီဆရာများရဲ့ တိုင်စာ

Tuesday, February 14, 2012


မြန်မာပန်းချီဆရာများက တိုင်စာတစောင် ပေးပို့ထားပါ

မြန်မာပန်းပညာရှင်များ အစည်းအရုံး အနေနဲ့ ဒီမိုကေ
ရစီကျင့်စဉ်နဲ့ အညီ ငွေစာရင်းများထုတ်ပြန်ဖို့
- အသနားခံစာနှင့် တိုင်စာ ဌာန သမ္မတရုံး၊
- ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးဦးကျော်ဆန်း နဲ့
- သက်ဆိုင်ရာ ဌာန အသီးသီးသို့ တိုင်တမ်းစာများ ပေးပို့ခဲ့ပါတယ် တဲ့။

သို့

အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ
လွှတ်တော်ရေးရာ ကော်မတီ၊
ပြည်သူ့လွှတ်တော်ရုံး
နေပြည်တော်။


အကြောင်းအရာ။ ။အနှစ် ၂၀ နီးပါးသက်တမ်းကာလကြာမြင့် နေပြီဖြစ်သော မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များအစည်းအရုံးအား ဒီမိုကရေစီကျင့်စဉ်များ နှင့်အညီ နှစ်အလိုက် စာရင်းရှင်းတမ်းများ စနစ်တကျ စစ်ဆေး အရေးယူထုတ်ပြန် ပေးပါရန် အသစ်ပြန်လည်ဖွဲ့စည်းပေးပါရန် တင်ပြ တိုင်ကြားခြင်း။

ဇန်န၀ါရီလ

၁။ မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များအစည်းအရုံးသည် ၁၉၉၂ မှ စတင်၍ ဖွဲ့စည်းခဲ့သည့် အစိုးရမဟုတ်သော လူထုလူတန်းစား အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။ ယခင် ပန်းချီပန်းပု ကောင်စီအားပြင်ဆင်၍ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးပညာရပ်များဖြစ်သော ပန်းချီ၊ ပန်းပု၊ ပန်းပဲ၊ ပန်းတိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းရံ၊ ပန်းယွန်းပညာရှင် များကို စုပေါင်း၍ ဖွဲ့စည်းထားသော အစည်းအရုံးဖြစ်သော်လည်း အများစုမှာ ပန်းချီပညာရှင်များဖြစ်ပါသည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်များရွေးချယ်တာဝန်ပေးခြင်းနှင့် တာဝန်ရပ်စဲခြင်း။
၂။ အစည်းအရုံးသည် စံနစ်ဟောင်းအုပ်ချုပ်ရေးကာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ စတင်ဖွဲ့စည်းသည်မှ ယနေ့ အထိ ဗဟိုဦးစီးစနစ်ကိုသာ ကျင့်သုံးခဲ့ပြီး ဗဟိုအလုပ်မှုဆောင်သစ် ရွေးချယ်တာဝန်ပေးခြင်း၊ တာဝန်မှရပ်စဲခြင်း၊ အစားထိုးတာဝန်ပေးခြင်းများကို အများသဘောဆန္ဒ ကျယ်ပြန့်စွာရယူခြင်းမရှိပဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကပင် အစဉ်အဆက်ဆောင်ရွက်ခဲ့ကြောင်းတွေ့ရပါသည်။ ဗဟိုအမှုဆောင်အချို့သည် အရေးပါသောတာဝန်များကို ကာလကြာမြင့်စွာ တစ်ဆက်တည်းထမ်းဆောင်လျှက်ရှိကြောင်း တွေ့ရပါသည်။ အစည်းအရုံး (ဗဟို) အစည်းအဝေးများသို့ နာယက အချို့နှင့် အမှုဆောင်အချို့မှာ ကာလကြာမြင့်စွာပင် တက်ရောက်မှုမရှိကြောင်း၊ နာယက နှင့် အမှုဆောင်အချို့အား အစည်းအဝေးဖိတ်ကြားမှုမရှိကြောင်းသိရှိရပါသည်။ အချို့မြို့နယ်၊ တိုင်း၊ ခရိုင်၊ အစည်းအရုံးများကို ဖွဲ့စည်းထားရှိပြီး ဖြစ်သော်လည်း လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန်အတွက်မူ စနစ်ကျသော ဆက်သွယ်ရေးနည်းလမ်းများနှင့် အဆင့်ဆင့်ထိတွေ့ဆက်ဆံမှုများ သတင်းထုတ်ပြန်မှုများ အားနည်းလျက်ရှိခြင်း၊ ဗဟိုဦးဆောင်မှုအား ယုံကြည်မှုလျော့ပါးနေခြင်းတိုကြောင့် များစွာ အဆင်မပြေဖြစ်နေပါသည်။

ငွေစာရင်းရှင်းတမ်းများ
၃။ အစည်းအရုံးသည် စီးပွားရေးအဖွဲ့အစည်းမဟုတ်သော လူထုတန်းစား အဖွဲ့အစည်းတစ်ရပ်ဖြစ်သော်လည်း အခါအားလျော်စွာ ဝင်ငွေများရရှိပါသည်။ သာဓကအားဖြင့် အစည်းအရုံးဝင်ကြေး၊ လစဉ်ကြေးများ ဆိုင်ခန်းငှားခငွေ၊ ကော်မရှင်ရငွေများစသည်တို့ဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံတော်အဖွဲ့အစည်းများမှ အပ်နှံသည့် အောက်ပါ ပန်းချီရေးဆွဲမှု လုပ်ငန်းများ ရှိခဲ့ကြောင်း ကြားသိရသမျှ တင်ပြပါသည်။
(က) ကမ္ဘာအးကျောက်မျက်ရတနာခန်းမ
(ခ) ရွှေတိဂုံစေတီအနီး တပ်မတော်ဓမ္မာရုံ
(ဂ) မင်္ဂလာဒုံတပ်မတော် ထောက်လှမ်းရေး ဓမ္မာရုံ
(ဃ) ပြန်ကြားရေးဝန်ကြီးဌာန မမ္မာရုံ
(င) ရွှေတိဂုံစေတီတော်ကြီးအတွက် ဗုဒ္ဓ၀င် ပန်းချီကားများ စသည်တို့ ဖြစ်ပါသည်။
အထက်ပါလုပ်ငန်းများအပြင် နိုင်ငံတော်မှ အပ်နှံသည့် ပုဂံပြတိုက် ပန်းချီကားများ ရေးဆွဲခြင်း နှင့် နေပြည်တော်တွင် ကြီးကျယ် ခမ်းနားသော ပန်းချီကားများရေှးဆွဲခြင်းတို့မှာ လုပ်ငန်းတန်ဖိုး ကျပ်သိန်းပေါင်း များစွာတန်ဖိုးရှိသည့် လုပ်ငန်းကြီးများဖြစ်ရာ ၄င်းလုပ်ငန်းများမှ ကော်မရှင်ရငွေအများအပြားရရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
ရုပ်ရှင်အစည်းအရုံးကဲ့သို့သော အဖွဲ့အစည်းများ၌ ရန်ပုံငွေကျပ်သိန်း ၉၀၀၀ ကျော်အထိ တိုးပွားလျက်ရှိကြောင်း ကြားနေရချိန်တွင် ရိုးရာပန်းပညာရှင်များ အစည်းအရုံး၌ အထက်ပါ လုပ်ငန်းကြီး ဆောင်ရွက်နေရလျက်ရှိသော်လည်း ငွေကြေးကိစ္စများကို အနှစ်၂၀ နီးပါးမျှ အစည်းအရုံးဝင်များ မသိရှိရခြင်းမှာ သံသယပွားစရာပင် ဖြစ်ပါသည်။

သင်းလုံးကျွတ်အစည်းအဝေးညီလာခံကြီး
၎။ ဗဟိုအမှုဆောင်အဖွဲ့ ရွှေးချယ်တာဝန်ပေးခြင်းနှင့် ငွေစာရင်းရှင်းတမ်းများ ထုတ်ပြန်ခြင်းတို့ကို သင်းလုံးကျွတ်ညီလာခံကဲ့သို့ အခမ်းအနားများ ကျင်းပလျက် အများဆန္ဒ ရယူဆောင်ရွက်ခြင်း၊ ကျယ်ပြန့်စွာ အသိပေးခြင်းတို့ ပြုလုပ်သင့်သော်လည်း အနှစ် ၂၀ နီးပါးကာလအတွင်း မဆောင်ရွက်ခဲ့ပါ။ အခြားလူထုတန်းစား အဖွဲ့အစည်းများ(ရုပ်ရှင်၊သဘင်၊ဂီတ၊ စာပေ စသည်) တွင်မူ အလေးထားဆောင်ရွက်ခဲ့ကြသည်ကိုလည်း သတိပြုမိပါသည်။


ဖွဲ့စည်းပုံစည်းမျဉ်း
၅။ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း) ကို အစည်းအရုံးစတင်ဖွဲ့ ပြီး ၉ နှစ်ခန့်အကြာ ၂၀၀၁ ခုနှစ်ခန့်က (ရက်စွဲမဖြော်ပထား) စာအုပ်အဖြစ် တွေ့ရှိရပါသည်။ အစည်းအရုံးဝင်များသို့ ကျယ်ပြန့်စွာဖြန့်ဝေလျက် အကြံဥာဏ်တောင်းခံခြင်းမရှိသေးပါ။

တိုင်ကြားစာများ၊ တင်ပြချက်များ
၆။ ကာလကြာမြင့်လျက်ရှိသော အမှုဆောင်အဖွဲ့၏ သက်တမ်းအတွင်း သိရှိရသည့် တိုင်ကြားစာ၊ တင်ပြချက်များကို လက်လှမ်းမီသရွှေ့ အောက်တွင်တင်ပြပါသည်။
၁။ ၁၉၉၇ မေ ၂၂ ရက်စွဲဖြင့် အစည်းအရုံးဝင်ဦးရေ ၉၀ ( ဗဟိုနှင့် တိုင်း/ပြည်နယ်/ မြို့နယ် အလုပ်အမှုဆောင်အချို့ ပါဝင်) ၏ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်သို့ လိပ်မူတင်ပြချက်။ ပူးတွဲ (က)
၂။ ၁၉၉၇ ဇူလိုင်လ ရက်စွဲဖြင့် အစည်းရုံးဝင် ၄၅ ဦးမှ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးသို့ လိပ်မူ တင်ပြချက်။ (မြေကွက်ချထားခြင်း၊ ပုဂံဘုရားပန်းချီကားရေးဆွဲခြင်းတို့ကို မသမာမှုနှင့် ငွေစာရင်းရှင်းတမ်းများ ထုတ်ပြန်၍ အဖွဲ့သစ်ရွှေးချယ်ပေးရန်)
၃။ ၂၀၀၀ ပြည့် ဖေဖော်ဝါရီ ၉ ရက်စွဲဖြင့် တွဲဘက်ဘဏ္ဍာရးမှူး ဦးတင်ဝမ်းမှ အစည်းအရုံး ဗဟိုဥက္ကဋ္ဌသို့ လိပ်မူပေးပို့သော တိုင်ကြားတင်ပြချက် အဆိုပြုလွှာ(တိုင်ကြားစာ အမှတ်စဉ် ၅ နှင့် အကြောင်းအရာအများစု တူညီသည်။)
၎။ ၂၀၀၀ ပြည့် ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် တွဲဘက်ဘဏ္ဍာရးမှူး ဦးတင်ဝင်းမှ အစည်းအရုံး ဗဟိုဥက္ကဋ္ဌသို့ လိပ်မူပေးပို့သော အဆိုပြုလွှာ အမှတ်(၃)(အစည်းအရုံးဝန်ထမ်းကတိုင်စာကို နာယက/အမှုဆောင်အများသို့ မပို့ခြင်းကိစ္စနှင့် လုပ်ငန်းကော်မတီအစည်းအဝေးခေါ်ပေးရန် တောင်းဆိုခြင်း)
၅၊ ၂၀၀၀ ပြည့် မတ်လ ၉ ရက်စွဲဖြင့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ၁၅ဦးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ တင်ပြသည့် အစီရင်ခံလွှာ အမှတ် (၄)၊ ပူးတွဲ (ခ)
၇။ အထက်ပါ တင်ပြတိုင်ကြားချက်များတွင် အောက်ပါ အချက်များကိုတွေ့ရှိနိုင်ပါသည်။
(က) ညီလာခံခေါ် ယူပေးရန်နှင့် နှစ်အလိုက် ငွေစာရင်းရှင်းတမ်းများ ထုတ်ပြန်ရန် အစည်းအရုံးဝင် အများအပြားက ကာလကြာမြင့်စွာကပင် တောင်းဆိုခဲ့ကြခြင်း
(ခ) ဗဟိုအမှုဆောင်အဖွဲ့ အဆက်ဆက်ရွှေးချယ်တာဝန်ပေးခြင်း၊ ရပ်စဲခြင်းတို့တွင် လည်းကောင်းရရှိသော ပြင်ပလုပ်ငန်းများ ခွဲဝေလုပ်ကိုခြင်းတွင် လည်းကောင်း၊ အခြားစီမံခန့်ခွဲရေးရာများတွင် လည်းကောင်း အားနည်းချက်များ ချွတ်ယွင်းချက်၊ မမျှတမှုများရှိနေခြင်း (အထူးသဖြင့် အထက်အပိုဒ် ၉ အမှတ်စဉ် ၅
ပါ တင်ပြတိုင်ကြားချက်သူများမှာ ဝါရင့်ပညာရှင် ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းကော်မတီဝင်ကြီးများဖြစ်သောကြောင့် အစည်းအရုံးတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း လူနည်းစုမှ ကြီးစိုးချယ်လှယ်နေသည်ဟူသော မကျေလည်မှုများသည် ဗဟိုကော်မတီ အတွင်းမှာပင် နက်ရှိုင်းစွာဖြစ်ပေါ်လျှက်ရှိခဲ့ကြောင်း သုံးသပ်နိုင်ပါသည်။)

၈။ ဖော်ပြပါတင်ပြတိုင်ကြားချက်များနှင့် စပ်လျဉ်း၍ အမှတ်စဉ် (၁) အတွက်တိုင်ကြားသူများနှင့် တွေ့ဆုံခဲ့ခြင်းရှိသော်လည်း ပြေလည်ပြီးပြတ်အောင် မဖြေရှင်းနိုင်ပဲ ပြီးဆုံးခဲ့ပါသည်။ ကျန်စာများနှင့် စပ်လျဉ်း၍ မည်သို့ဖြေရှင်းဆောင်ရွက်ခဲ့သည်ကို အစည်းအရုံးဝင်များ မသိရှိရပါ။

၉။ အထက်ပါ တင်ပြတိုင်ကြားချက်များကို ထောက်ရှုခြင်းဖြင့် အစည်းအရုံး၏ နှစ်အလိုက်ငွေကြေးနှင့် လုပ်ငန်းဆိုင်ရာစာရင်းရှင်းတမ်းများ စစ်ဆေးထုတ်ပြန်ပြီး အစည်းအရုံးကို အသစ်ပြန်လည်ဖွဲ့စည်းရန်ဆောလျင်စွာ ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း သုံးသပ်ရပါသည်။ ထိုသို့ ဖွဲ့စည်းရာတွင်
၁။ လက်ရှိကျင့်သုံးလျက်ရှိသော ဒီမိုကရေစီကျင့်စဉ်များနှင့် အညီလွတ်လပ်၍ အနှောင်အဖွဲ့ကင်းသော မည်သည့်သြဇာလွှမ်းမိုးမှုမှ မရှိသော၊ ပညာရှင်များကို အမှန်တကယ် ကိုယ်စားပြုသော အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရန်၎င်း။
၂။ ဆောင်ရွက်ခဲ့သော ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်းနှင့် ငွေကြေးကိစ္စများကို စနစ်တကျ စစ်ဆေး၍ ပွင့်လင်းမြင်သာစွာ အစည်းအရုံးဝင်များသို့ အသိပေးရန် အဖွဲ့သစ်သို့လွှဲပြောင်းပေးနိုင်ရန်၎င်း။
လွတ်လပ်၍ မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ သြဇာသက်ရောက်မှုမျှ မရှိသော ကြားဖြတ်အဖွဲ့အစည်း တစ်ရပ် ဖွဲ့စည်းပြီး စစ်ဆေးအရေးယူ ဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

တင်ပြတိုင်ကြားသူများ(ပူးတွဲ)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved