ဘန်ကောက်ဗုံးနဲ့ ကာတွန်း

Thursday, February 16, 2012


မွေထိုင်း လို့ ခေါ်တဲ့ ထိုင်းလက်ဝှေ့မှာ ၀င်ထိုးနေသူတွေက အီရန် နဲ့ အစ္စရေးတို့ ဖြစ်နေပါတယ်။
လက်ဝှေ့စင်ပေါ်က ကြိုးဘားတန်းတခု ပြုတ်ထွက်သွားအောင်ကို ဆော်ပလော်တီးနေကြလို့ အိမ်ရှင်က မောင်းထုတ်နေသလိုမျိုး ကာတွန်းဆရာက သရုပ်ဖော်ထားပါတယ်။

သူတို့ဆီက အခြေအနေ ဘယ်လို ရှိတယ် ဆိုတာကို ကာတွန်းဆရာက ပြောချင်တော့ သူတို့

၂ယောက်လုံးရဲ့ လက်ထဲ ပစ္စည်းတခုစီ ထည့်ပေးလိုက်ပါတယ်။

၁၄ ရက်နေ့ ဒီဘလော့မှာ ဖော်ပြခဲ့တဲ့ ဘန်ကောက် ဗုံးကွဲ၊ နိုင်ငံခြားသားတဦး ဒဏ်ရာရ သတင်းနဲ့ ဒီကာတွန်း ဆက်စပ်နေတာပါ။

အဲဒီပေါက်ကွဲမှုမှာ ဗုံးပိုင်ရှင် လို့ ဆိုတဲ့ အီရန်နိုင်ငံသား ခြေပြတ်သွားပါတယ်။ ကာတွန်းဆရာက ဒီအချက်ကိုလည်း အမိအရ ဆွဲထားပါတယ်။

ကာတွန်းထဲက ၂ ယောက် ဘာကြောင့် အသေအကြေ သတ်ပုတ်နေကြတာလဲ။

အီရန် နဲ့ အစ္စရေးတို့က ဒီပေါက်ကွဲမှုအပြီး ပြောဆိုချက်တွေကြောင့် ကာတွန်းဆရာက အဲဒီလို ပုံဖော်လိုက်ဟန် ရှိပါတယ်။


ဒါကလည်း ဘန်ကောက်ပေါက်ကွဲမှုဆိုင်ရာ ကာတွန်းပါပဲ။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတို့က တမျိုးစီ အသံထွက်နေတာကို ကာတွန်းဆရာက သူ့စတိုင်အတိုင်း ဘာသာပြန်ထားပါတယ်။

၁၄ ရက်နေ့ ဘန်ကောက်မြို့ ပေါက်ကွဲမှုတွေဟာ အိန္ဒိယ၊ ဂျော်ဂျီယာ တို့မှာ အစ္စရေးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေနဲ့ တူတဲ့အချက်တွေ ရှိတယ်လို့ အစ္စရေးက သုံးသပ်ပါတယ်။
ပြီးတော့ ဘန်ကောက်မှာရှိတဲ့ အစ္စရေး သံအမတ်က
"တခြားဖြစ်ရပ်တွေကို ကြည့်ရင် ဒီဖောက်ခွဲမှုက ကျုပ်တို့ကို ရည်ရွယ်တယ်ဆိုတာ ကျုပ်တို့ ပြောနိုင်တယ်" လို့ ဆိုပါတယ်။
အမေရိကန်ကလည်း ဘန်ကောက်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ မကြာသေးခင် တပ်လှန့်ခဲ့ပါသေးတယ်။
ထိုင်းအစိုးရကတော့ ဘန်ကောက်ပေါက်ကွဲမှုဟာ (အမေရိကန်တွေ သတိပေးခဲ့သလိုမျိုး၊ ပြီးတော့ အစ္စရေးတို့ ကောက်ချက်ချသလိုမျိုး) အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ပါဘူး လို့ ကနဦးမှာ သုံးသပ်ခဲ့တာပါ။

ပေါက်ကွဲမှုနဲ့ ဆက်စပ်နေသူ နဲ့ သံသယဖြစ်စရာကောင်းသူ တချို့ကို ထိုင်းရဲက စစ်နေတုန်းပါပဲ။

ဒီအခြေအနေကို ကာတွန်းဆရာက ကောင်းကောင်း သရော်ထားတာပါ။

The Nation ဆိုတဲ့ သတင်းစာပုံနဲ့ လူ ၂ ယောက်၊ သတင်းခေါင်းစည်းတွေကို ကာတွန်းမှာ သရုပ်ဖော်ထားတာပါ။

ဆူကွန်ဗစ်လမ်းပေါ်က အငှားယာဉ်တစီးကို
အီရန်အမျိုးသားက ဗုံးနဲ့ ထုတယ်၊

အစ္စရေးက "အီရန်အစိုးရကို နှိပ်ကွပ်ဖို့ အခွင့်အရေးပဲ" ဟု ကြေညာ

၃ ရက်ကြာ ငြိမ်သက်ပြီး ၀မ်းနည်းကြောင်း ပြသရန်
အီရန်သံရုံး သတ်မှတ်


"ဒီလိုဖြစ်လာမယ်ဆိုတာ တို့ပြောပြီးသားပါကွယ်" ဟု ဘန်ကောက် အမေရိကန်သံရုံးပြော

အစ္စရေးတို့ လက်ချက် ဖြစ်ကြောင်း
ဟစ်ဘိုလာတပ်ဖွဲ့ ပြောခွင့်ရသူက တုံ့ပြန်


တကွက်ကာတွန်းတွေပဲ။ ဆော်ထားတာတော့ တချက် မကဘူး။
ပေါက်ကရ ပြောနိုင်၊ ပက်ပက်စက်စက် သရော်နိုင်၊ အစိုးရတွေကို ကလိနိုင်တာဟာ ကာတွန်းဆရာတို့ရဲ့ မဟာမူပိုင်ခွင့်ပေပဲ။

ဦးသိန်းစိန်တို့ တဖွဖွ ပြောပြောနေတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ပေါ်ပေါက်လာချိန်မှာ ဒီလိုမျိုး သရော်နိုင် ကလိနိုင် ရိနိုင်ပါ့မလား။

ငါတို့ကို လိုက်မပို့တဲ့ တက္ကစီတိုင်းကို ဗုံးနဲ့ထုရမယ် ဆိုရင် ဘန်ကောက်ဟာ ၇၀ ၈၀ ကာလ ဘေရွတ်နဲ့ တူတော့မှာပဲ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved