ကြွေပန်းကန်ရွေးကောက်ပွဲနှင့်တစ်သီးပုဂ္ဂလ

Saturday, February 18, 2012



ဦးခြံသူကြီး(Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)

"--- သို့ဖြင့် တစညက‘ကော်ကောင်’အဖြစ်ဖြင့်၊ အချောင် နိုင်သွားပါရော---"

ဖေဖေါ်ဝါရီ(၆)ရက်နေ့ထုတ်၊ ဒီလှိုင်းစာစောင်အတွဲ(၁) အမှတ်(၄) စာမျက်နှာ(၁၄)၏ ယာဘက်ထိပ်ဆုံးတွင် နေရာ ယူထားသည်က၊ ရဲရဲတောက်အနီရောင်..။
ထိုအနီရောင်က ကျနော့်ကို ညှို့ယူဖမ်းစားလိုက်၏။ သို့ဖြင့် အနီရောင်အောက်ခံပေါ်က သတင်းတိုလေးကို ဖျတ်ခနဲ ဖတ်လိုက်မိသည်..။
မိတ္ထီလာNLDခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးက၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်၊ ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည်..တဲ့.။
ကျနော့်စိတ်ထဲ ဒိတ်ခနဲနင့်သွား၏။ ကျနော့်အာရုံက ပြည်မြို့က ဒေါက်တာခင်မောင်ဝင်းဆီ၊ ဗြုံးစားကြီး ရောက်သွားသည်။ ထိုမှတဖန် ယခင်က ပြည်မြို့မှာနေခဲ့ပြီး၊ ယခု လန်ဒန်ရောက်နေသည့် ဒေါက်တာဝင်းနိုင်ဆီ၊ ဗြုံးဗြုံးဒိုင်းဒိုင်း ခုန်သွားပြန်သည်။

ဒေါက်တာဝင်းနိုင်ပြောသွားသည့် စကားလုံးတွေက၊ ကျနော့်နားဝမှာ ပလူပျံလာလေပြီ။
“ကျနော်နဲ့ခင်မောင်ဝင်းက ငွေကိုဂရုမစိုက်ဘူး။ လူနာကိုသာ ဂရုစိုက်တာ။ ဒီတော့ ငွေကြေးမချမ်းသာဘူး။ ဒါပေမယ့်..ဟဲ..ဟဲ..

ဒေါက်တာဝင်းနိုင်သည်ကား၊ တစ်ယောက်နှင့်ဆုံမိလျှင်၊ ငယ်စဉ်က လည်ပင်းဖက်ခဲ့သော ငယ်သူငယ်ချင်းပမာ၊ ရုတ်ချည်း ခင်မင်လုံးထွေးသွားတော့၏။ သည်လိုလူစားမျိုးဖြစ်လေတော့၊ ရယ်မောစရာများနှင့် ထွေးလုံးရစ်ပတ် စကားပြောတတ်သည်။

“ဟဲ..ဟဲ..လူနာဟောင်းတွေကိုတွေ့ရရင်၊ ပီတိတွေအများကြီး ချမ်းသာလာတယ်။ ပီတိကိုစား၊ အားရှိပါ၏လို့ ဆိုလေတော့..ဟဲ..ဟဲ...ကျနော်နဲ့ ခင်မောင်ဝင်းက၊ အဲဒီပီတိတွေကို တ၀တပြဲစားတာပေါ့ဗျာ။ နှစ်ယောက်စလုံး လူကောင်တွေကြီးလာလိုက်တာ..ဟဲ..ဟဲ..

ဒေါက်တာဝင်းနိုင်က ပျော်ပျော်ပါးပါးနေတတ်သူဖြစ်၍၊ ပျော်ပျော်ပါးပါး ဆက်ပြောသည်။
“ရှစ်ဆယ့်ရှစ်သပိတ်ပေါ်လာတော့၊ ကျနော်ရော, ခင်မောင်ဝင်းရော, လူထုဆီက စားထားတဲ့ပီတိအကြွေးတွေကို..ဟဲ..ဟဲ..ပြန်ဆပ်ရတော့တာပေါ့..

ဒေါက်တာဝင်းနိုင်ကပြုံးလျက်နှင့်ပင် စကားဆက်သည်။
“လူထုကလည်း လိုလိုလားလားပွဲတောင်းလာ။ ဟဲ.ဟဲ..ကျနော်တို့ သူငယ်ချင်းနှစ်ယောက်၊ မရှောင်နိုင်မရှားနိုင်ပဲ နိုင်ငံရေးဒီလှိုင်းထဲ ၀င်နွှဲရတော့တာပဲ။
နိုင်ငံရေးကိုစမိတာဟာ..ဟဲ..ဟဲ..တကယ်တော့ ကျားမြီးကို ဆွဲသလိုပါပဲဗျာ။ ဟဲ..ဟဲ..တကတည်း၊ လွှတ်လို့ကို မရတော့ဘူးဗျို့..ဟဲ..ဟဲ..”

လွှတ်လို့မရသဖြင့် နောက်ဆုံးတွင် ဒေါက်တာခင်မောင်ဝင်းမှာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်၊ ဒီ/ချုပ်ရုံးသို့ လျှောက်လွှာ တင်ရတော့သည်။

ထိုစဉ်ကဒီ/ချုပ်ရုံးကို ဦးစီးနေခဲ့ကြသည်မှာ၊ မျိုးချစ်ကြီးများဖြစ်သည်။
မျိုးချစ်ကြီးများသည် အမှန်တကယ်ပင် အမျိုးကို ချစ်ကြပါ၏။ ပြည်တကြော လူတောထဲက ထွက်လာသည့် ဒေါက်တာ ခင်မောင်ဝင်းကို၊ ပယ်လိုက်သည်။ သူတို့မျိုးတူစုထဲက တစ်ဦးကို၊ မိုးပေါ်ကနေပြီး“မိုးကျရွှေကိုယ်”အဖြစ် ချပေးလိုက်သည်။
ကားလုံးပြည့် စီးကာ ဆင်းလာကြသော၊ တက်ကြွလှုပ်ရှားသူဘ၀မှ နိုင်ငံရေးသမားဘ၀သို့ တက်လှမ်းလာကြသည့် ပြည်သားတစ်စုက၊ မျိုးချစ်ကြီးများနှင့် ညှိကြသည်။ ရင်ကြားစေ့၍ မရသည်ကြောင့်၊ ပြည်သားတစ်စုရင်ကွဲကာမျက်ရည်ပေါက်ကြီးငယ်ပင် ကျခဲ့ရသည်..တဲ့။ ထိုမှတဖန် ပေါက်ကွဲကြပြန်ပြီ။

“ရလာဒ်ကတော့ဗျာ..အဲ, အများက၀ိုင်းပြီး တွန်းလိုက်လို့၊ ခင်မောင်ဝင်းခမျာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဖြစ်သွားပါရော..”

ပြည်လူထု တင်လိုက်သည့် ဒေါက်တာခင်မောင်ဝင်းက၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်..။ မိုးပေါ်ကကျလာသည့်“မိုးကျရွှေကိုယ်”က၊ NLDကိုယ်စားလှယ်..။
ဒီမိုကရေစီလိုချင်သည့် မဲဆန္ဒရှင်များခမျာ၊ အသဲကြားက မဲတစ်ပြားကို၊ ဘယ်သူ့အားပေးရပါ့။ေ၀၀ါးကုန်ပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစားသော ပြည်သား အချို့က၊ စိတ်ရှုပ်ပြီး မဲမပေးတော့။
အချို့ကမူ၊ မဲပေးပါ၏။ သို့သော် ပေးလှာသည့်ဆန္ဒမဲက၊ နှစ်ချမ်းကွဲသွားပြီ။ သို့ဖြင့် တစညက ‘ကော်ကောင်’အဖြစ်ဖြင့်၊ အချောင် နိုင်သွားပါရော။ သည်အဖြစ်ကို ဒေါက်တာဝင်းနိုင်က ဤသို့ နိဂုံးချုပ်လိုက်သည်။

“ပြည်သားတစ်စု တက်တက်ကြွကြွအားခဲသမျှ၊ အစောပိုင်းမှာ မျက်ရည်ပေါက်ကြီးငယ် ကျခဲ့ရတယ်။ မဲအရှုံးမှာတော့၊ ချုံးပွဲချပြီးငိုကြရပါရော..ဗျာ..”

ဒေါက်တာဝင်းနိုင်၏ဖြစ်ကြောင်းရယ်ကုန်စင် နောက်ကြောင်းပြန် စကားလုံးတွေက၊ ကုန်သွားပြီ။ ကျနော့်သောတအာရုံ အနားရသွားပြီ။

သို့သော်, ပေါ့ပေါ့ပါးပါး, ရွှင်ရွှင်ပြပြ, နေတတ်သည့်ဒေါက်တာဝင်းနိုင်..။ ထိုထိုဒေါက်တာဝင်းနိုင်၏ရွှေမျက်နှာတော်မှာ၊ ကျနော်၏ စက္ခုအာရုံတွင်၊ ပြိုမရောင်မိုးရိပ်ပမာ, မဲ့မဲ့မှောင်မှောင်ဖြစ်လာသည်။ ထိုမှတဖန်, မှိန်ကာ..၊ မှိန်သည်ထက်, ပို၍, ပို၍, မှိန်, မှိန်သွားကာ၊ ဒေါ်မြင့်မြင့်အေး၏ ပုံသွင်က ပေါ်ထင်လာတော့သည်။
ဒေါ်မြင့်မြင့်အေး၏အသံကို လေလှိုင်းမှတဆင့်ကြားဖူးသည်။ ပြောပေါက်ဆိုပေါက်၊ လေယူလေသိမ်း၊ စကားလုံးအသုံးအနှုန်းတို့က စမတ် ကျလှသည်။

နောင်တွင်နော်ဝေးDVBရုပ်သံတွင် ဒေါ်မြင့်မြင့်အေးကို မြင်လာရသည်..။ ဥပဓိရုပ်သွင်ဟန်ပန်ကလည်း စမတ်ကျနေပြန်သည်။ ထို့ကြောင့်ဒေါ်မြင့်မြင့်အေးအား နံမည်ပေးလိုက်သည်။ Ms.Smart ဟူ၏။
Ms. Smart နေရာတွင်၊ ကျနော်နေကြည့်လိုက်သည်.။ ပြည်သားတို့လို မျက်ရည်ပေါက်ကြီးငယ် မကျမိသော်လည်း၊ မျက်ရည်တော့ ၀ဲမိသည်။ ရွေးကောက်ပွဲရလဒ် ထွက်အလာမှာ၊ ပြည်သားတို့ချုံးပွဲချငိုခဲ့ရသည့် အဖြစ်ဆိုးမျိုးသို့မူ မရောက်ချင်။
ဟိုယခင်မျိုးချစ်ကြီးတွေက၊ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင်၊ ကိုယ့်အမျိုးတူကိုသာ၊ ကိုယ်ချစ်ခဲ့သည်။ ယခုမူ ထိုထိုဘိုးတော်ကြီးများ၊ မရှိတော့ပြီ။

ယခုရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင်၊ NLDထိပ်သီးကြီး ကိုယ်တိုင်က၊ ကမကထ ပြုခဲ့ပေလိမ့်မည်။ ထိုထိပ်သီးကြီးသည်၊ မျိုးချစ်ကြီးများကဲ့သို့ မျိုးတူကိုသာ ကွက်ပြီး ချစ်တတ်သူမဟုတ်။ တိုင်းရင်းသားပြည်သူ အားလုံးကို၊ ခွဲခြားမချစ်, တူတူချစ်သည်။ လူပုဂ္ဂိုလ်ကို မကြည့်။ မူ အလုပ်ကိုသာ ကြည့်သည်။
ထိပ်သီးကြီးသည်တောင်ထိပ်ကိုရောက်နေ၍၊ အပေါ်စီးမြင်ကွင်းဖြင့် ပတ်ချာလည်ကို၊ ၀ိုင်းပတ်ပြီး ကြည့်နိုင်စွမ်းသည်။ ထို့ကြောင့်, အမြင်ကျယ်သည်။ အမြင်ကြည်သည်။
ကျွန်တော်တို့Ms.Smartတို့မှာမူ၊ တောင်ထိပ်ကို မရောက်၍ တောင်ခြေကနေ ခြေဖျားထောက်လို့သာ ကြည့်နိုင်စွမ်းသည်။ ထို့ကြောင့်, အမြင်ကျဉ်းသည်။ အမြင်ဝါးသည်။
ထိုထိုဤဤ ကြောင်းရာထွေထွေကို၊ ဘက်ပေါင်းစုံကနေ လွှမ်းခြုံကာကြည့်ရာမြင်ရာ ဆုံးဖြတ်ရာတွင်၊ ထိပ်သီးကြီးထက် ဘယ်သူကများ ပိုလို့စွမ်းနိုင်မည်နည်း။
ထိုအတွေးများဆုံးသွားသည်နှင့်၊ လွတ်လပ်ရေးမရမီက တိုင်းပြုပြည်ပြုလွှတ်တော်ဆီသို့၊ ကျွန်တော့်အာရုံမနောက ရွေ့မျောသွားလေသည်။

တိုက်ကြီးမြို့လယ်ခေါင်ပြည်လမ်းမ၏လမ်းလေးခွဆုံရာနံဘေးတွင်၊ ဂျစ်ကားတစ်စီး ရပ်ထားသည်။ ထိုဂျစ်ကားကိုလူတွေတပြုံတမကြီးက၀ိုင်းကာအုံနေကြသည်။ ဂျစ်ကား၏ခေါင်းပိုင်းရှိ အင်ဂျင်စက်အဖုံးပေါ်တွင် လူတစ်ယောက်က မတ်တတ်တက်ရပ်လိုက်သည်။
ထိုသူသည်ကား..ဗိုလ်ချုပ်အောင်ဆန်း..။
ဗိုလ်ချုပ်အောင်ဆန်းက လူထုအား အရေးတကြီးစကားပြောစရာရှိသည်။ ပြောစရာက တိုက်ကြီးမြို့သား နိုင်ငံရေးလှုပ်ရှားသူ ဗိုလ်တင်မောင်ကြီးနှင့် ပတ်သက်သည်..။ ဤသည်ကို ရှေးမီနောက်မီကျောင်းဆရာအိုကြီးက ပြောပြသည်။
“ဆရာတင်မောင်ရောဂါထလို့ဖြစ်ရတာ..”
ဆရာတင်မောင်ဟူသည်၊ ဗိုလ်တင်မောင်ကြီး၏ မူလနံမည်ဖြစ်သည်။ ကျောင်းဆရာဘ၀တွင် ကျင်လည်ခဲ့ဖူးသည်။
ဆရာတင်မောင်၏ အစ်ကိုအရင်းဖြစ်သူ ဆရာဦးချစ်တင်မှာ.၊ တသက်လုံး ကျောင်းဆရာ လုပ်သွားသည်။ ကျောင်းဆရာ ပြီပြီသသ စစ်စစ်ကြီးအဖြစ်.၊ တိုက်ကြီးတကြောတွင် ကျော်စောသည်။ ဒါတွေကို ရှေ့မီ, နောက်မီကျောင်းဆရာအိုကြီးက ပြောပြ၍ သိရသည်။
ထိုကျောင်းဆရာအိုကြီးက၊ ဇာတ်ကြောင်းစုံလင်အောင်ဆက်၍ပြောသည်။
“ဆရာတင်မောင်ရဲ့ရောဂါက၊ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲဝင်ချင်တဲ့ရောဂါ…။ ဖဆပလအဖွဲ့ချုပ်ရဲ့ တိုက်ကြီးအနောက်ခြမ်း အမတ် လုပ်ချင်တဲ့ရောဂါ..။ ဆရာတင်မောင့်အပြင် ရောဂါထတဲ့ နောက်တစ်ယောက် ရှိသေးတယ်..ရှေ့နေဦးလှဖေ..။ ဦးလှဖေက တိုက်ကြီး အရှေ့ချမ်း မဲဆန္ဒနယ်မြေကို ချိန်တယ်..”
ဆရာအိုကြီးကခေတ်လူများအားသင်ခန်းစားယူစေလိုသောဇောစိတ်ဖြင့်..၊ မမောမပမ်း ဆက်၍ပြောသည်။
“ဗိုလ်ချုပ်ကအမတ်ရောဂါသည်နှစ်ယောက်လုံးကို ဖြောင်းဖြောင်းဖျဖျနည်းနဲ့ ဆေးကုပေးတယ်။ ဦးလှဖေက နောက်ဆုတ်သွားတယ်။ ဆရာတင်မောင်ကတော့ နားမထောင်ချင်ဘူး။ ဗိုလ်ချုပ်က ဆရာတင်မောင်ကိုနားချတယ်။ နောက်ရွေးကောက်ပွဲကျမှဝင်..။ ဒီအကြိမ်မှာသခင်ကျော်ဒွန်းဝင်ပါစေ..”
ဆရာအိုကြီးကဆက်ပြောသည်မှာ၊ ဆရာတင်မောင့်အမတ်ရောဂါက၊ ငန်းငန်းတက်သဖြင့် ကျွမ်းနေပြီ။ ဗိုလ်ချုပ်၏ဖြောင်းဖျနားချသည့်ငန်းဆေးသည်ပင်လျှင် မစွမ်းတော့ပြီ။
“ဆရာတင်မောင်က၊ ဗိုလ်ချုပ်တို့ဖဆပလအဖွဲ့ချုပ်ရဲ့အမတ်လောင်းမ လုပ်ရရင်၊ တစ်သီးပုဂ္ဂလအမတ်လောင်း လုပ်မဟဲ့..တဲ့၊ တစ်ကိုယ်တော် တစ်သီးပုဂ္ဂလအမတ်လောင်းစင်ကို သူ့သဘောနဲ့သူ ဆောက်ပါလေရော..”
သို့ဖြင့်ဆရာတင်မောင်တဖြစ်လဲဗိုလ်တင်မောင်ကြီးကိုဆေးခါးကြီး တိုက်ဖို့၊ ဗိုလ်ချုပ်ကိုယ်တိုင် တိုက်ကြီးမြို့သို့ လာခဲ့ခြင်းဖြစ်သည်..။ စီးလာသည့် ဂျစ်ကားအင်ဂျင်စက်ဖုံးပေါ် မတ်တတ်တက်ရပ်လိုက်ပြီ။ လူထုအား အတိုဆုံးမိန့်ခွန်းကို ပြောချလိုက်သည်။
“တင်မောင်ကြီး..။ သစ္စာဖေါက်..။ နံပါတ်တစ်ရန်သူ..”
ကျွန်တော်ဦးခြံသူကြီး မျက်လုံးပြူးသွား၏။ ဆရာအိုကြီးက နိဂုံးစကားကိုဆိုလေပြီ။
“ဗိုလ်ချုပ်ရဲ့ဆေးခါးကြီး အစွမ်း ထက်လိုက်ပုံများ..၊ အစက ဆရာတင်မောင်..၊ နောင်ခါတော့ ဗိုလ်တင်မောင်ကြီး..၊ အထိမခံကြွေပန်းကန်ရွေးကောက်ပွဲမှာ၊ ခွက်ခွက်လန် မဲရှုံးခဲ့ပါသော်ကော..”
ဆရာအိုကြီးက တန်ဘိုးကြီးလှသော နိုင်ငံရေးစကားကို.၊ တာဝန်သိစိတ်ဖြင့် ခေတ်လူများအား ဝေငှသွားလေပြီ။
ကျွန်တော်ဦးခြံသူကြီးကလည်း ဆရာအိုကြီးနည်းတူ၊ တန်ဘိုးကြီးလှသော သတိစကားကို ဝေငှလိုက်ပါသည်။
“မသိသူကျော်သွား သိသူဖေါ်စား..” ပါတဲ့ခင်ဗျား..။ ။ / ပြီးပါပြီ /

ဦးခြံသူကြီး(Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)
9:50PM;Feb 15, 2012-

6 comments :

  1. မောင်ဘုန်းမြတ် said... :

    ပါတီတစ်ခုခုကို ၀င်ထားရင် မိမိရဲ့ ဆန္ဒထက် ပါတီရဲ့ ဆန္ဒကို ဦးစားပေးရပါတယ်။ မိမိရဲ့ ဆုံးဖြတ်ချက်ထက် ပါတီရဲ့ ဆုံးဖြတ်ချက်ကို အလေးထားရပါတယ်။ ဒါကြောင့် ကျနော် ဘယ်ပါတီမှ မ၀င်ပါဘူး။ ဒါပေမဲ့ NLD ကိုတော့ အပြင်လူတစ်ယောက်အနေနဲ့ ထောက်ခံအားပေးပါတယ်။
    ကျနော်လိုလူမျိုးတွေချည်းဆိုရင် ပါတီအဖွဲ့ အစည်းတွေ မရှိနိုင်သလို ဒီမိုကရေစီဆိုတာကိုလဲ ဖော်ဆောင်နိုင်မှာ မဟုတ်လို့ ကျနော်လိုလူများ များများစားစား မရှိစေချင်ပါ။
    အခု ဒေါ်မြင့်မြင့်အေး တစ်ယောက် တစ်လျှောက်လုံး ပါတီအတွက် အနစ်နာခံ လုပ်ဆောင်လာခဲ့ပြီးကာမှ အခုနောက်ဆုံးမှာ ပါတီက ခွဲထွက်ပြီး တသီးပုဂ္ဂလအရွေးအချယ်ခံတာနဲ့ ပတ်သက်လို့ စိတ်မကောင်းပါဘူး။
    ပါတီရဲ့ ဆုံးဖြတ်ချက်ကို ကိုယ်လက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ်စေ၊ ဒေသခံလူထုက ကိုယ့်အပေါ်မှာ ဘယ်လောက်ပဲ ထောက်ခံအားပေးနေသည်ပဲ ဖြစ်ပါစေ ဟီလာရီကလင်တန်ကို နမူနာထားပြီး ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာနိုင်ရင် ဘယ်လောက်များ ကောင်းလေမလဲ။
    ဟီလာရီ ဟာ အိုဘားမာနဲ့ ပါတီတွင်း သူတင်ကိုယ်တင် အပြိုင်အဆိုင် ကြဲခဲ့ကြသော်လည်း နောက်ဆုံး ပါတီက အိုဘားမားကိုပဲ သမ္မတလောင်းအဖြစ် သတ်မှတ်ပေးလိုက်တဲ့အခါမှာတော့ အတိုက်အခံ မလုပ်တဲ့အပြင် အိုးဘားမားအတွက် မဲဆွဲစည်းရုံးရေးတောင် လုပ်ပေးပါတယ်။
    သူတို့တွေရဲ့ စိတ်နေစိတ်ထားကို အရမ်းလေးစားတယ်။ ဒါကြောင့်လဲ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေ ဖြစ်နေကြတာလို့ ယူဆမိပါတယ်။

  1. Anonymous said... :

    ဒေါ်မြင့်မြင့်အေးက ပါတီအတွက် အနစ်နာခံလုပ်ခဲ့ တယ် ဆိုရင် NLD ပါတီက ချပေးလိုက်တဲ့ အမတ်လောင်း ဦးဝင်းထိန်က၊ ပါတီအတွက်တင် မက၊ NLD ပါတီမပေါ်ခင်၊ ဒေါ်မြင့်မြင့်အေး နှပ်ချေး တွဲလောင်းနဲ့ ဘ၀ထဲက တိုင်းပြည်အတွက် သူ့ဘ၀ကို အနစ်နာခံခဲ့တယ်။ စစ်တက္ကသိုလ်ကနေ ကျောင်းဆင်းလာပြီး အောင်စစ်သည် ဆုကော၊ စာပေထူးခွန်ဆုကော ရခဲ့တဲ့ ဗိုလ်ကြီးဝင်းထိန် ဟာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်အတွက် ဗိုလ်ကြီးအုန်းကျော်မြင့်ကိစ္စမှာ အသက်စွန့်ပြီး၊ မပါခဲ့ဘူးဆိုရင်၊ သူဟာ ဒီကနေ့ သူ့လိုပဲ အောင်စစ်သည်ဆုတွေ ရခဲ့တဲ့ ၀န်ကြီးဟောင်း ဦးသောင်းတို့၊ လက်ရှိဝန်ကြီး ဦးစိုးသိန်းတို့ ဦးဝဏ္ဏမောင်လွင်တို့လို ကိုယ်ကျိုးအတွက် ၀န်ကြီးတက်လုပ်နေပြီ ဒါမှမဟုတ် ၀န်ကြီးဟောင်း အောင်စစ်သည် ဦးပြည့်စုံတို့လို ကျိကျိတက် သူဋ္ဌေးကြီး ဖြစ်နေပြီ။ ၁၉၈၈ မှာ အောင်မြင်နေတဲ့ နိုင်ငံခြားကုမ္ပဏီကိုယ်စားလှယ် အလုပ်ကို စွန့်လွတ်ပြီး တိုင်းပြည်အတွက် ဦးဝင်းထိန် လုပ်ခဲ့လို့၊ ဒေါ်မြင့်မြင့်အေး ဂျပနှ်မှာသွားပြီး ကိုယ်ကျိုးစီးပွားရှာနေချိန်၊ ၁၉၈၉ မှာ ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပထမအကြိမ် ထောင် (၆)နှစ် ကျနေခဲ့တာ၊ ၁၉၉၄ ဒေါ်မြင့်မြင့်အေး ဂျပန်က ပြန်ရောက်လာတဲ့ အထိ မလွတ်သေးဘူး။ ၁၉၉၅ မှာ လွတ်ပြီး ၁၉၉၆ မှာ (၁၄)နှစ် ထပ်ကျတာ၊ ဒေါ်မြင့်မြင့်အေး ရန်ကုန် NLD ပါတီဌာနချုပ်ကို လာပြီး ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် NLD ခေါင်းဆောင်တွေကို ဝေဖန် တိုက်ခိုက်နေတဲ့ ၂၀၀၀ ခုနှစ်တွေရဲ့ အစောပိုင်းတွေမှာလည်း၊ ဦးဝင်းထိန် ဒုတိယအကြိမ် ထောင်က မလွတ်သေးဘူး။ အခု ဒေသခံတွေက ထောက်ခံနေပါတယ်ဆိုပြီး ဒေသခံ အလံနီကွန်မြူနစ်ဟောင်းတွေရဲ့ အလံရှူးလုပ်ပြီး အော်ပေးနေတာကို အင်တာနက်ပရိဿတ်က မသိလို့ အဟုတ်မှတ်နေရင်လည်း၊ ရွေးကောက်ပွဲကျရင် အဖြေပေါ်မှာပါပဲ။ ပြည်သူက ဆုံးဖြတ်ပါလိမ့်မယ်။ ဘာမှ ရှေ့ကြောင်းနောက်ကြောင်း မသိပဲ၊ ပေါ်ပင်နိုင်ငံရေး ထလုပ်တဲ့သူတွေအတွက် ကြားကနေ အလံရှူးလုပ် ချင်တဲ့လူတွေကို ထပ်ပြောချင်တာက၊ ပြည်မြို့က ဒေါက်တာဝင်းနိုင် ပြည်သူကို ဘယ်လောက်စည်းရုံးနိုင် တယ်ဆိုတာ သူ့အပြောနဲ့ချည့်ပဲ ယုံတဲ့လူတွေ သိစေချင်တာက၊ သူ့သားကိုတောင် သူမစည်းရုံးနိုင်လို့ သူ့သားဟာ လန်ဒန်မှာ ဘာသာပြောင်းသွားပြီး အဲဒီဘာသာဝင်တွေရဲ့ ကမ္ဘာပေါ်က အကြမ်းဘက် လှုပ်ရှားမှုတွေကို ထောက်ခံနေတယ်ဆိုတာ၊ လန်ဒန်က ဗမာတွေ အားလုံးသိကြကြောင်း ဦးခြံသူကြီးကိုလည်း အသိပေးလိုက်ပါတယ်။ ပုဂ္ဂိုလ်ရေးတွေ ထည့်ပြောချင်တယ် ဆိုရင် နှစ်ဘက်လုံးကို ကြည့်ပြီးပြောဖို့ သင်ခန်းစာ ယူပါ။ ပုဂ္ဂိုလ်ရေးတွေကို သိထားတဲ့လူတွေတိုင်း အမှန်အတိုင်း ပြောတတ်ကြပါတယ်။ ကိုယ်ချည့် ပြောတတ် တယ် မထင်စေချင်ပါ။ မဲထည့်မယ့် ပြည်သူတွေကလည်း အမတ်လောင်းတွေအကြောင်း ဘယ်သူဟာ ဘယ်သူလဲ သိကြပါတယ်။ ကြားကနေ ဆရာလုပ် အလံရှူးလုပ်စရာ မလိုပါ။

    ပီတာကြည်သာ

  1. Anonymous said... :

    မောင်ဘုန်းမြတ်ရော ကိုပီတာကြည်သာ ကိုရော ကျေးဇူးတင်ပါတယ်။ ဒီစာကို ခြံခွသူကြီး အဲလေ ခြံသူကြီး အမည်ခံ ကန့်လန့်စာများ NLD နှိမ့်ချစာများရေးသူ ဖတ်မိမယ်ထင်ပါတယ်။ စာရေးသူက အရင်ကလဲ NLD ဖြစ်နိုင်ခြေကို သုံးသပ်ချက်လိုလို ဆောင်းပါးလိုလို ပုံစံမျိုးတွေနဲ့ နှိမ်ချရေးသားခဲ့ဖူးပါတယ်။ ဒီလိုစာမျိုး အရေးအသားမျိုးကို အရင်က ဒေါက်တာလွမ်းဆွေ ဘလောက်လ် မှာ ဖတ်ဖူးနေပါတယ်ဗျာ။

  1. Anonymous said... :

    ဦးခြံသူကြီး တုန့်ပြန် -

    ဒုတိယလူ နဲ့ တတိယလူ ခင်ဗျား-

    ခင်ဗျားတို့စာကိုဖတ်ရတာ..၊
    ကျနော်ညံ့လို့လား..။ခြာလပတ်ကို ရန်း နေတာပဲ..ဟဲ..ဟဲ..။

    အမျိုးသားပြန်လည်သင့်မြတ်ရေးခေတ်ကိုလျှောက်လှမ်းနေတဲ့ အချိန်ပါ။ ဒီဆောင်းပါးမှာ၊စစ်တပ်ကိုလည်းမဆော်၊ကြံ့
    ခိုင်ရေးကိုလည်းမဆော်၊စွမ်းအားရှင်ကိုလည်းမဆော်။
    ဘယ်သူကိုမှ ဘလိုင်း မဆော်ပါ။

    ဒေါ်မြင့်မြင့်အေးကိုသနားလို့သူ့ကိုကျနော်ကတိုက်ရိုက်ဆွေးနွေးဖြောင်းဖျဖို့ကြိုးစားပါသေးတယ်။မဖြစ်နိုင်တော့လို့ အများရော သူရော သိသင့်လို့ တကယ့်အဖြစ်တွေကို သံဝေဂယူစေချင်လို့ရေးတာပါ။

    ဒေါက်တာဝင်းနိုင်နဲ့ ပတ်သက်လို့ ကျနော်ပြောမယ်။
    သူပြန်လာတော့သူနဲ့အတူပြည်တကြောကိုလျှောက်
    လည်ပါ။အဲဒီအခါ ခင်ဗျား သူ့ကို နားလည်လာပါလိမ့်မယ်။
    သူ့သားကိစ္စ နဲ့ ပတ်သက်လို့၊နမူနာတခုကိုကျနော်ပြောမယ်။
    တလောကလေးကကျနော်ရေးခဲ့တယ်။“ထိုအမေ ဤသမီး= ပညာကြီးသူ + မြင့်မြတ်သူ”ဆောင်းပါးကိုဖတ်ကြည့်ပါ။
    ဒေါ်ခင်ကြည်ရဲ့ဘယ်လိုလူစားလဲဆိုတာခင်ဗျားတွေ့ပါလိမ့်မယ်။နောက်တပုဒ်က သရက်ချောင်းရွာသူကြီးနဲ့ပတ်သက်တဲ့အကြောင်း..။ဖတ်ကြည့်ဗျ။အဲဒီဒေါ်ခင်ကြည်ဟာ သားနဲ့သမီး နှစ်ယောက်ပဲရှိတယ်။အမေကြည့်သားက
    အမေကြည်ဖြစ်စေချင်သလိုဖြစ်လာရဲ့လား။
    ဧကန္တ ခင်ဗျားတို့ နှစ်ယောက် လား၊တယောက်တည်းကနှစ်ကိုခွဲတာလား။ဆောင်းပါးကိုပြန်ဖတ်ကြည့်တော့၊နောက်တကျော့ထပ်ပြီးဝေဖန်ဦး
    ဗျာ။ကျနော့်အဖို့ လူတွေအကြောင်းပိုသိလာရတာပေါ့။
    ခုလို ဝေဖန်တာ ကျေးဇူးတင်ပါတယ်။
    ကျနော် အတွေ့အကြုံဆိုတဲ့အမြတ်ကို ရလိုက်လို့ပါ။
    ကျနော်ဘတွေရေးတယ်ဆိုတာ၊ဧရာဝတီက ကိုခက်ထန် နဲ့ ကိုဇာနည်ဝင်းတိုကိုမေးပြီး ပြန်ဖတ်ပါ။
    အဲဒါတွေဖ်တပြီး ကျနော့်ကို ပယ်ပယ်နှယ်နှယ်ဝေဖန်ပေးစေချင်ပါတယ်။
    ကျေးဇူးတင်ပါတယ်။
    ကျန်းမာချမ်းသာကြပါစေ-
    Burma Media Wash<12:25AM;Feb 20,2012>

    တတိယလူကလည်းပြောနေသဗျ။ဒေါက်တာလွဏ်းဆွေ
    ရဲ့စင်ပေါ်တက်ပြီးNLDကိုကျနော်ကဆော်တယ်လို့ပြောတာ။ဟင်း..ခက်ကုန်ပြီ။ဧရာဝတီမှာပဲကျနော်ကရေးပါတယ်ဗျာ။

  1. မောင်မိုး said... :

    လူတကိုယ် မဲတစ်မဲ ၊
    အလွဲနဲ့အချော် ။
    မသူတော် ဖြတ်စား ။
    မှတ်သားပါ့ မဲရှင် ။
    ပုဂ္ဂိုလ်ကို သင်မင်လျှင်။
    မူ ရှင်ကို မြင်အောင်ကြည့်။
    ရွေး ထည့် ခွင့်လမ်း။

  1. Anonymous said... :

    ခြံသူကြီးပဲ ထားပါတော့ဗျာ။ ကျနော် တတိယ comment ရေးတဲ့သူပါ။ ခင်ဗျား ဒေါက်တာလွမ်းဆွေဘလော်ဂ်မှာ မရေးဘူးဆိုရင်လဲ ကျနော်မှားတယ်ပေါ့ဗျာ။ ကျနော်တောင်းပန်ပါတယ်။
    ကျနော် ဘာကြောင့်ဒီ comment ကိုပေးရတာ အကြောင်း ၂ ချက်ကြောင့်ပါ။ အဲ့ဒီ ၂ ချက်လုံးကို အပေါ်က မောင်ဖုန်းမြတ်နဲ့ ပီတာကြည်သာ တို့က တချက်စီပြောသွားတာပါ။ ပထမ တချက် NLD ဆွေငြိမ်း ခွဲထွက်သွားတုန်းကလို ထပ်ဖြစ်လာမှာ စိုးရိမ်လို့ပါ။ ပါတီနိုင်ငံရေးအကြောင်းကို ပါတီမဝင်ခင်နားလည်သင့်တယ်။ ကိုယ်ဒီပါတီကို ဝင်ပြီဆိုရင် ပါတီက ဆုံးဖြတ်တာကို လိုက်နာရပါလိမ့်မယ်။ တသီးပုဂ္ဂလ လုပ်ချင်မှတော့ အစတည်းက ပါတီမဝင်တာ ကောင်းပါတယ်။ ကိုဇာဂနာလိုပေါ့ဗျာ။ ပါတီဝင်ပြီးရင်တော့ ပါတီ စည်းကမ်း မူဝါဒတွေကို လိုက်နာသင့်တယ်။ အဲ့လို တယောက်ကခွဲတဲ့အခါ တနွယ်ငင်တစင်ပါ သူနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးသူတွေကလဲ ဘက်လိုက်မှုတွေဖြစ်လာပါတယ်။ ဒါကိုနားလည်တဲ့ မစ်စ ကရင်တန်က အိုဘာမားကို ပါတီတွင်းမှာ အလျှော့ပေးလိုက်တာပါ။ နောက်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို 88 မျိုးဆက်တွေ နောင်မျိုးဆက်တွေတောင် တတိုင်းပြည်လုံး NLD အောင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းနေချိန်မှာ NLD ကအားတွေကို ပြိုလဲစေမယ့် အခြေအနေမှန်သမျှ ဖုံးတန်ဖုံးဖိတန်ဖိ ခင်ဗျားမလုပ်သင့်ဘူးလား။ ထေ့သလိုလို ရိသလိုလို အမြင်တွေနဲ့ ပါတီတွင်းပုဂ္ဂိုလ်ရေးပြိုင်ဆိုင်မှုတွေကို ရေးပြီး ပွဲမဆူစေချင်လို့ပါ။ အခုအချိန်မှာ အမေစု နဲ့ NLD ကို ပြည်သူတွေ အထင်အမြင်လွဲအောင် အစိုးရက နည်းပေါင်းစုံ၊ ဘက်ပေါင်းစုံက ကြိုးပမ်းနေတာ အားလုံးအသိပဲ။ ခင်ဗျားရဲ့ ဆောင်းပါးက အဆင်းဘီးတပ်သလို မရည်ရွယ်ပဲ ဖြစ်သွားမှာစိုးလို့ပါ။ ဒါက မောင်ဘုန်းမြတ်ရေးတဲ့ ပထမ comment ကိုအခြေခံရေးတာပါ။
    အခု ပီတာကြည်သာ ရေးတဲ့ comment ကိုဘာကြောင့် ထောက်ခံသလဲဆိုတာ ရှင်းပြပါမယ်။ ဒုတိယ comment ဖြစ်တဲ့ ဦးဝင်းထိန်နဲ့ ပတ်သက်လို့ကတော့ သူထက် သင့်တော်တဲ့လူ ကျနော်ရှာမတွေ့ဘူးလို့ပဲပြောချင်ပါတယ်။ ၁။ သူ့ရဲ့တိုင်းပြည်နဲ့ ပါတီအတွက်ပေးဆပ်မှုမှာ ဘာများဒေါ်မြင့်မြင့်အေးထက် နိမ့်ကျတာရှိလဲ။ ခင်ဗျားဆောင်းပါးက ဒေါ်မြင့်မြင့်အေး အကြောင်း အညွှန်းတွေပဲရေးထားပါတယ်။ ဦးဝင်းထိန်အကြောင်း တလုံးတပါဒမှ မပါဘူး။ ၂။ သူထောင်ကထွက်ထွက်လာချင်းပဲ စပြောတာ NLD အောက်မှာ ကျရာနေရာကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံပြီး တိုင်းပြည်အတွက် အလုပ်ဆက်လုပ်မယ်တဲ့။ ဒီစကားဘယ်လောက်တာသွားလဲဆိုတာ ခင်ဗျားလို ဂျာနယ်လစ်တယောက်ကပိုနားလည်မှာပါ။ ၃။ ဦးဝင်းထိန်ဟာ ထူးချွန်တဲ့ တပ်မတော်သားဟောင်း၊ စွန့်လွှတ်အနစ်နာခံဝံ့သူ ဆိုတာ သမိုင်းမှာ အထပ်ထပ် မှတ်ကျောက်အတင်ခံပြီးသားပါ။ ဒီတော့သူရဲ့ပေးဆပ်မှုတွေအတွက် သူပြန်ထိုက်တန်တဲ့ချီးမြှောက်မှုမျိုး ပါတီက နေရာပေးတာမှားလား။ သူဟာ ထောင်ထဲမှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့အတွက် (ဒေါ်မြင့်မြင့်အေးလို အပြင်မှာနေတာမဟုတ်တဲ့အတွက်) အရည်အချင်းပိုင်းမှာမယှဉ်နိုင်ဘူးလို့ထင်ရင် ခင်ဗျားမှားမှာပေါ့။ ဦးဝင်းထိန်ဟာ အမေစု လုံခြုံရေးတာဝန်ခံလေ။ ထူးချွန်အောင်စစ်သည်လေ။ ဒေါ်မြင့်မြင့်အေးထက် ဘာများနိမ့်ကျတာ အားနည်းတာ ရှိလို့လဲ။ သူရဲ့လေ့လာနိုင်စွမ်း၊ အရည်အချင်း နဲ့ စွမ်းဆောင်ရည်တွေက ကျနော်ပြောခဲ့သလို သူ့ထက်ထိုက်တန်တဲ့လူရှာမတွေ့ပါဘူး ဆိုတာပဲ။ ၄။ အမေစု နယ်ခရီးစဉ်တိုင်းမှာ အမြဲပြောပါတယ်။ ဒီကိုယ်စားလှယ်ဟာ သူ့မြို့နယ်အတွက်အလုပ်မလုပ်နိုင်ရင် နောက်တကြိမ် ဒီကိုယ်စားလှယ်ကို မရွေးဘူးတဲ့။ ရှင်းနေတာပဲ။ ဦးဝင်းထိန် ညံ့ရင် ဒေါ်မြင့်မြင့်အေးကလဲ ဦးဝင်းထိန်ထက တိုင်းပြည်နဲ့လူမျိုး၊ ပါတီတိုးတက်ရေးမှာ ပိုအလုပ်လုပ်ပြနိုင်ရင် အလိုလိုရှေ့ရောက်လာမှာပဲ။ ဒါရှင်းနေတာပဲ။
    အခုဟာက ဒေါ်မြင့်မြင့်အေးက တသီးပုဂ္ဂလ လုပ်တာ၊ ထောက်ခံမဲတွေမကွဲစေချင်ရင် ခင်ဗျား ဒေါ်မြင့်မြင့်အေးကို မလုပ်ဖို့ပြောရ နားချမှာ၊ အခုအချိန်မှာ NLD နဲ့ အမေစု ရဲ့ခွန်အားကိုခြွှေမယ့် ဘယ်အရာမျိုးမဆို တတ်နိုင်သမျှ ကာကွယ်ရမှာပဲ။ ဒါဟာဝန်းရံတာပါ။ ခင်ဗျားစာက အဲ့လိုမရည်ရွယ်ဘူး၊ ခင်ဗျားအမြင်ကိုပြောချင်တာဆိုရင် NLD ကိုစာပို့အကြံပြုလို့ရပါတယ်။ NLD ကအကြံပြုစာတွေကို ကြိုဆိုပါတယ်ဆိုတာ ဦးဥာဏ်ဝင်းက ပြောပြီးသားပါ။
    စာအရေးအသားကတော့ဗျာ ဂျာနယ်လစ်မဟုတ်တော့ သိပ်ကောင်းမယ်မထင်ဘူး ကြိုးစားဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved