ဒေါ်အောင်ဆန်းစုကြည်ကို မဟန့်တားဖို့ NDF ပြော

Wednesday, February 29, 2012

NDF ခေါင်းဆောင်များ
(ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်ခံရမှုကို သဘောမတူကြောင်း ထုတ်ပြန်ချက် ဖြစ်ပါတယ်။ သူတို့ထုတ်ပြန်ပြီး နောက်တနေ့မှာ ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ခွင့်ရှိတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာလိုက်ပါတယ်။ NDF ရဲ့ ထုတ်ပြန်ချက်က အချိန်ကိုက်ဖြစ်သွားတယ်လို့ ဆိုရပါမယ်)

အမျိုးသားဒီမိုကရေစီအင်အားစု
NATIONAL DEMOCRATIC FORCE
အမှတ် (၁၀၃)၊ တိုက်(၃)၊ ဒဂုံလွင်လမ်း၊ သီရိလမ်းနှင့်စပယ်လမ်းကြား၊
မေတ္တာညွှန့်ရပ်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
No-103,bulding 3, Dagon Lwin street, Myitta Nyunt Quarter, Tarmew
township,Yangon, Myanmar
Ph-01- 551654 ; emailး info@ndfmyanmar.com

ကြေညာချက်အမှတ် ( ၃/၂၀၁၂ )

ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ( ၂၇ )ရက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍
ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်တွင် ကန့်ကွက်နေခြင်းကို
အမျိုးသားဒီမိုကရေစီအင်အားစုပါတီက လက်မခံကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း၏ ကန့်ကွက်ချက်သည်
နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်အပေါ် ဟန့်တားရာရောက်ပါသည်။ ဒီမိုကရေစီသို့
သွားရန် တာစူနေသည့် ဤကာလမျိုးတွင် ပြည်သူလူထု၏မျှော်လင့်ချက်ကိုလည်း
ထိပါးရာရောက်နေပါသည်။ ထို့ကြောင့် မလိုလားအပ်သောလုပ်ရပ်ဟု ရှုမြင်ပါသည်။

ဒီမိုကရေစီသို့သွားရာတွင် ရွေးကောက်ပွဲကိုဖြတ်သန်းရမည်မှာ
နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။

ထိုသို့ဖြတ်သန်းရာတွင် နိုင်ငံရေးကြိုးပမ်းမှု၌ ပါဝင်ခဲ့သူအားလုံးပါဝင်ရေး (All Inclusive) သည်
လွန်စွာအရေးကြီးလှပေသည်။ ဤသို့သော အားလုံးပါဝင်ခွင့်ရှိရေး ဒီမိုကရေစီဖြစ်စဉ်ကို အဟန့်အတားပြုခြင်း၊ မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေးကို အဟန့်အတားပြုခြင်းသည်
မြန်မာ့နိုင်ငံရေးတိုးတက်မှုဖြစ်စဉ်ကို ဟန့်တားရာရောက်နေသည်ဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ယုံကြည်သည်။

သို့ပါ၍ ဤသို့သောကန့်ကွက်မှုမှာ တစ်ပါတီ၊ တစ်ဦးတစ်ယောက်၏ သဘောဆန္ဒသာ
ဖြစ်ပါသည်။ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
သဘောထားမဟုတ်သလို ဒီမိုကရေစီမိတ်ဆွေ(၁၀)ပါတီ ၏ သဘောထားလည်း မဟုတ်ပါ။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဆောင်ရွက်သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်၍
လာမည့်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း
ထုတ်ပြန်ကြေညာမှုအပေါ် ဒီမိုကရေစီမိတ်ဆွေ (၁၀)ပါတီက
ဝမ်းမြောက်ဝမ်းသာလက်ကမ်းကြိုဆိုကြောင်း ၂၀၁၁ခုနှစ် နိုဝင်္ဘာလ(၂၂)
ရက်နေ့တွင် ကြေညာချက်ထုတ်၍ သဘောထားထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။

သို့ပါ၍ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်
ဝင်ရောက်ယှဉ်ပြိုင်ရေးကို ကြိုဆိုပါကြောင်း နှင့် ဒီမိုကရေစီမိတ်ဆွေ(၁၀) ပါတီမှ ကြေညာထားသည့် ကြေညာချက်ပါသဘောထားအတိုင်း ဆက်လက် ကိုင်စွဲထားကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီက အလေးအနက် ထုတ်ပြန်ကြေညာအပ်ပါသည်။

မူဝါဒရေးရာကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစု

2 comments :

  1. မျိုးမြန်မာ said... :

    NDF ၏ ထုတ်ပြန်ချက်အား အပြည့်အ၀ ထောက်ခံပါသည်
    အမှန်တော့ NLD နှင့် NDF သည် မောင်နှမ ပါတီများသာ ဖြစ်သည်
    သမိုင်းအလှည့်အပြောင်း တစ်ခုကြောင့်သာ NDF ပေါ်လာရခြင်းဖြစ်သည်

    ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်စု လွတ်လာပါက

    NDF ဆိုသည်မှာ ပေါ်လာစရာ အကြောင်းရှိမည် မဟုတ်ပေ
    NDF ခေါင်းဆောင်များသည် ဒေါ်စုနှင့် NLD ကို

    သစ္စာဖေါက်ခဲ့ခြင်း မဟုတ်ကြောင်း အကြွင်းမဲ့ ယုံကြည်ပါသည်၊

    မှတ်ချက် ကျနော် သည် ၀န်ထမ်းတစ်ဦး ဖြစ်ပါသည် ထို့အပြင် NLD ကို မဲပေးမည့်သူ တစ်ဦးဖြစ်ပါသည်
    မှန်သည်ထင်တာ ကို ပြောခြင်းသာ ဖြစ်ပါသည်

  1. Anonymous said... :

    why NDF needed to issue this statement?. NDF needs to be independent and consistent with et their position.

    feel very much disappointed indeed (: (:

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved