၂၀၁၀ မှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့သလဲ

Saturday, March 31, 2012


၂၀၁၀ မှာ ကြံ့ခိုင်ရေး ဘယ်လို နိုင်ခဲ့သလဲ ဆိုတာကို မဲပေးခဲ့သူတဦးက အခုလို ရေးထားပါတယ်

ကျနော် တယောက်တည်း ၄ မဲ ပေးခဲ့ဖူးတယ်
ကြယ်ဖြူ
မတ် ၃၁၊ ၂၀၁၂


“---ငါ့ကို ဘဝပျက်တာမြင်ချင်နေတာလား မင်းက---”

ဟိုတနေ့ကနေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “ဧပြီလ ၁-ရက်နေ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိစေရမယ်” လို့ ပြောကြားခဲ့တဲ့အပေါ် ကြိုဆိုသံတွေလည်း ထွက်လာသလို၊ ဝေဖန်သံတချို့လည်း ကြားခဲ့ရပါတယ်။

လေ့လာစောင့်ကြည့်သူတွေနဲ့ သတင်းထောက်တွေကို မဲရုံထဲ ဝင်ခွင့်မပေးပဲ မဲရုံပတ်ဝန်းကျင် ကိုက် ၅၀၀-အပြင်မှာ နေရမယ်ဆိုလို့ ဒီလိုသာဆိုရင် မဲရုံစဖွင့်တဲ့အချိန်၊ မဲထည့်နေတဲ့အချိန်၊ မဲရေတွက်တဲ့ အချိန်တွေမှာမဲပုံးထဲမှာ ကြိုတင်မဲတွရှိနေသလား၊ မဲလာထည့်သူတွေကို ဖိအားပေးမှုတွေ ရှိသလား၊ မဲခိုးရေတွက်တာတွေရှိသလား ဆိုတာကို စောင့်ကြည့်လို့ မရနိုင်တဲ့အတွက် ဒီအပေါ်မှာ စိုးရိမ်တယ်လို့ တချို့က ဆိုပါတယ်။

တချို့ကတော့မဲလိမ်၊ မဲခိုးတွေ မရှိစေရဘူး ဆိုပေမယ့်၊ ပြည်သူတွေက ကိုယ်ကြိုက်တဲ့မဲကို လွတ်လွတ်လပ်လပ် တကယ်ကော ရွေးချယ်ပေးပိုင်ခွင့် ရှိပါ့မလား ဆိုတာကလည်း အရေးကြီးတယ်လို့ ထောက်ပြကြပါတယ်။ ဒီထောက်ပြချက်ကို ကျနော် ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တွေ့ကြုံဖူးလို့ပါ။

ကော်မရှင်ဥက္ကဋ္ဌကြီး ကတော့ “၂၀၁၀ ကဲ့သို့ ကြိုတင်မဲဆန္ဒများဖြင့် အနိုင်ရရှိသွားခြင်းကို မိမိလက်ထက်မှာ လုံးဝ မဖြစ်စေရဘူး” လို့ ပြောသွားတဲ့အတွက် ကြံကြံဖန်ဖန် အတွေး ဝင်လိုက်တာတခုက အရင်တုန်းကတော့မဲမသမာမှုတွေက တကယ်လုပ်ခဲ့တာပါလို့ ဝန်ခံလိုက်တာပဲ ဆိုတာကိုပါ။ ဒီလိုပြောလိုက်လို့ မင်း မကျေနပ်တိုင်း အချက်ရရင် စွပ်တွယ်တော့တာပဲလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ ကျနော်ကိုယ်တိုင်က ၂၀၁၀ ရွေးကောက်ပွဲမှာအဝေးရောက်နေလို့ မဲမပေးလိုက်ရပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံဆန္ဒခံယူပွဲတုန်းက ကျနော် တယောက်တည်း၎-မဲ ပေးခဲ့ရဖူးလို့ပါပဲ။

အဲလိုပြောလိုက်လို့တချို့ကလည်း အံ့သြချင်သြမယ်၊ တချို့ကတော့ အံ့သြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဝန်ထမ်းတွေကတော့ အံ့သြကြမှာ မဟုတ်ဘူး ထင်ပါတယ်။ မြန်မာပြည်မှာနေတုန်ုးက ကျနော်လည်း လခစား အစိုးရဝန်ထမ်းလေးတစ်ဦးပါ။ နယ်ကနေလာပြီး မြို့ကြီးပြကြီးမှာ လာအလုပ်လုပ်နေရတာ ဆိုတော့ နယ်အိမ်ထောင်စုစာရင်းပဲရှိလို့ မြို့ကြီးမှာ ဧည့်စာရင်းနဲ့ပဲ နေရပါတယ်။ အဲဒီတော့ နယ်က အိမ်ထောင်စု စာရင်းမှာ ကျနော့်နာမည်တခု၊ဒီက ဧည့်စာရင်းမှာက ကျနော့်နာမည်တခု အဲဒီမှာတင် ဆန္ဒခံယူပွဲအတွင်း မဲသွားမပေးစရာမလိုဘဲနဲ့ သူတို့ဟာသူတို့ ကြိုတင်မဲဆိုပြီးလုပ်သွားတာ နှစ်ကြိုတင်တောင် မဲသွားရော။ မဲစာရွက်တောင် မမြင်လိုက်ရတော့ နှစ်မဲလုံးလည်း ထောက်ခံမဲသလား၊ မထောက်မခံမဲသလားတောင် မသိလိုက်ပါဘူး။

နောက်တချက်က ဆန္ဒခံယူပွဲနီးခါမှ ကျနော်တို့ကို အစိုးရဝန်ထမ်းတွေဖြစ်တဲ့အတွက် အစိုးရက ဖွဲ့ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ဝင်ကို ဝင်ရမယ်တဲ့ဗျ။ မဝင်လို့လည်း မရဘူးတဲ့ဗျ။ ကျနော်တို့က ဝန်ထမ်း စလုပ်တော့ မည်သည့်နိုင်ငံရေးအဖွဲ့အစည်းနဲ့မှ မပတ်သက်ရဆိုတာ လက်မှတ်ထိုးထားတယ်၊ဝင်လို့ မရဘူးလို့ပြန်ပြောတာတောင်မှ ရတယ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးဆိုတာ နိုင်ငံရေးအဖွဲ့မဟုတ်ဘူးတဲ့လေ။ ကြံ့ဖွံ့ ဥက္ကဋ္ဌကြီး ကိုယ်တိုင်လာပြီး ကဒ်တွေမှာ လက်မှတ်ထိုးခိုင်းပြီး ပြန်ယူသွားတာပါခင်ဗျာ။ ကျနော်တို့က မဝင်မနေရ ဆိုလည်း ရှိစေတော့ ကိုယ့်အသင်းဝင်ကဒ်တော့ ကိုယ်ယူမှာပေါ့ပြန်ပေးခဲ့ပါဆိုတော့ ဆန္ဒခံယူပွဲပြီးရင် ပေးပါမယ်တဲ့။ အမ် .. ကျနော် သိတယ်။ အဲဒီမှာတင် ကျနော့် ကြံ့ခိုင်ဖွံ့ဖြိုးရေးကဒ်လေးက ကြိုတင်မဲ တမဲ ဖြစ်သွားပြီ ဆိုတာကို။ ဒါတောင် ကျနော်တို့ကျောင်းသား ဘဝတုန်းက မဝင်မနေရ အတင်း ဝင်ခိုင်းထားတဲ့ ကြံ့ဖွံ့စာရင်းလေးပါ ကြိုတင်မဲ သွားသေးလား သေချာမသိလို့။

ဒါနဲ့ ကဲ… မဲပစေတော့ကွာ မတတ်နိုင်ဘူး။ မဲရုံမသွားရတော့လည်း အေးတာပဲလို့ တွေးနေတုန်း ဌာနကညွှန်ချုပ်ကြီးက ဝန်ထမ်းတွေ အားလုံး မဲ လာထည့်ကြပါတဲ့ ဆန္ဒခံယူပွဲနေ့မနက်မှာ ထပ်ခေါ်တယ်။ ဒါနဲ့ ဆရာရယ် ကျနော် နယ်မှာလည်း တမဲ၊ ရပ်ကွက်ရုံးမှာလည်း တမဲ၊ ကြံ့ခိုင်ရေးမဲပါ ပေါင်းလိုက်ရင်သုံးမဲရှိနေပါပြီ။ မပေးတော့ပါဘူးလို့ သွားပြောတာ။ ညွှန်ချုပ်ကြီးက မရဘူးကွ။ ငါ့ကို ဒီမှာရှိတဲ့ဝန်ထမ်းတွေအားလုံး အယောက်စေ့ မဲပြန်ပို့ပေးရမယ်လို့ နေပြည်တော်က ညွှန်ကြားထားတယ်လို့ ပြောတယ်။ ဒါနဲ့ ဝန်ထမ်းတွေ ထုံးစံအတိုင်း အထက်လူကြီး မျက်နှာမညိုခင် ဟုတ်ကဲ့၊ ဟုတ်ကဲ့ဆရာ .. လို့ပြောပြီး ပြတင်းပေါက်လိုက်ကာလေးနဲ့ ကာထားတဲ့ စာရေးမမဲရုံထဲ ပြေးဝင်လိုက်ရတယ်။

မဲရုံထဲရောက်တော့စောင့်နေတဲ့ စာရေးမက ဘာပြောတယ်မှတ်လဲ - “ကဲ .. ဆရာ၊ ဆရာစိတ်ထဲရှိတဲ့အတိုင်းပဲ လွတ်လွတ်လပ်လပ်ပေးပါ၊ သိတယ်မလား” တဲ့။ ကျနော် ကြက်သီးထသွားတယ်။ အရှေ့က စကားကချိုချိုလေးပြောပေမယ့် နောက်က သိတယ်မလားက အံကြိတ်သံကြီးနဲ့ဗျ။ ဒါနဲ့ .. ကျနော်လည်း ကြက်ခြေခတ်မယ့် လက်က ခဏတွန့်သွားပြီး“မှန်မှန်၊ မှားမှား ရသလားဗျ” ဆိုတော့ “အို..လွတ်လွတ်လပ်လပ်ပါပဲ၊ သိတယ်မလား” တဲ့။ လာပြန်ပြီ အဲဒီ သိတယ်မလား။ ဒါနဲ့ ကျနော်လည်း “ကျနော်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို မဖတ်ဖူးသေးတော့ ကောင်းတယ်၊ မကောင်းဘူး ဝေခွဲရ ခက်တယ်ဗျာ။ ဒီတော့ ကျနော် နံကြား ထောက်လိုက်မယ်” ဆိုပြီးနံကြားထောက်လိုက်တယ်။ “ဟာ .. အမှားကျတယ်ဗျာ။ မတတ်နိုင်ဘူး။ ကျနော် အမှားပဲ ခြစ်ရတော့မှာပေါ့” ဆိုပြီး အမှားပဲ ခြစ်ပြီး ထည့်ခဲ့တာပါ။

ဘာပဲပြောပြော ဟိုကြိုတင် သုံးမဲလုံးက ထောက်ခံမဲ ဆိုရင်တောင် ကိုယ့်ဆန္ဒနဲ့ ကိုယ်တိုင် ပေးရတဲ့ မဲတော့အမှားခြစ်ခဲ့နိုင်သားပဲ ဆိုပြီး ကိုယ်ဟာကိုယ်ပြုံးနေတုန်း စာရေးမက လာပြောတယ်။ “ဆရာ.. ညွှန်ချုပ်ခေါ်တယ်” တဲ့။ သွားတွေ့တော့ ညွှန်ချုပ်က “နေပြည်တော်က ဝန်ထမ်းဦးရေအတိုင်း မဲတွေ ပို့ပေးရမယ် ဆိုတာက အမှန်ခြစ်ပြီးသားမဲတွေပြောတာကွ။ ကျန်တဲ့သူတွေ အားလုံးက အမှန်ခြစ်ပြီးနေပြီ။ မင်းတယောက်တည်း မှားနေရင် မင်းလည်း အန္တရာယ်ရှိတယ်၊ နားလည်လား” တဲ့။ “ငါ့ကို ဘဝပျက်တာမြင်ချင်နေတာလား မင်းက” လို့ဆူပြီး စာရေးမကို “ဟဲ့ .. မဲစာရွက်အသစ်မှာ သူ့နာမည်နဲ့အမှန်ခြစ်ပြီး ထည့်လိုက်စမ်း” တဲ့။ ဒါနဲ့ ယောင်ပြီးစာရေးမကို လှည့်ကြည့်မိတော့ စာရေးမစားပွဲပေါ်မှာ ဆန္ဒမဲစာရွက်အသစ်တွေက တထပ်ကြီးပါကလား။

ညွှန်း - မိုးမခ - http://moemaka.blogspot.com/

1 comments :

  1. Anonymous said... :

    All are done .Start with freshly ,the democratic period is near and near.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved