ဧရာဝတီ ၀က်ဆိုက် အဟက် ခံရ

Tuesday, April 17, 2012

ဧရာဝတီ မြန်မာပိုင်း နဲ့ အင်္ဂလိပ်ပိုင်း စာမျက်နှာ သင်္ကြန်ကာလအတွင်း အဟက် ခံရပါတယ်။

မနေ့ နေ့လယ်ပိုင်းက အဟက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

ဟက်ကာ (တွေ) က သတင်း ၆ ပုဒ် တင်သွားတာပါ။ ၆ ပုဒ်လုံးမှာ

ပြည်ပရောက် အဆိုတော်တဦး ယောက်ျားနဲ့ကွဲ၊ ၈၈၈၈ ကျောင်းသားများ ရန်ဖြစ်၊ တဦး ခေါင်းကွဲ စသဖြင့်
ယုံကြည်ဖို့ ခက်ခဲတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

ဝက်ဆိုက် ၂ ခု အဟက်ခံရပြီး နာရီပိုင်းအတွင်းမှာ ဧရာဝတီ နည်းပညာအဖွဲ့က မူလအနေအထားရောက်အောင် ပြင်လည် ပြင်ဆင်ခဲ့ပါတယ်။

ပြင်ဆင်နေချိန်မှာပဲ တင်အောင် မျိုးဇော် ဆိုတဲ့ စာဖတ်သူတဦးက ဧရာဝတီ Facebook မှာ
ဧရာဝတီ ပင်မ ၀ဘ်ဆိုက် အဟက်ခံထားရပြီဟုထင်သည်။အမေစုရဲ. မဟုတ်မဟက် လံကြုတ်ဇာတ်လမ်း တွေ တင်ထားတာတွေ.ရတယ်။ ကိုယ်.ဆရာ Admin တို. သင်္ကြန်မှာ နှပ်မနေပဲ ကိုယ်.၀ဘ်ဆိုက် ကိုယ်ပြန် ကြည်.ကြပါအုန်း လို့ မှတ်ချက်ရေးထားတာ တွေ့လိုက်ရပါတယ်။

သင်္ကြန်ကာလ ပိတ်ထားတဲ့ ချင်းမိုင်မြို့ဧရာဝတီရုံးက မနက်ဖြန်မှ ပြန်ဖွင့်မှာပါ။ သို့သော်လည်း အထက်မှာ ဆိုထားသလိုပဲ ဧရာဝတီ အိုင်တီသမားတွေက ၀က်ဆိုက်ကို ပြုပြင် ထိန်းသိမ်းနေပါတယ်။

ဧရာဝတီဝက်ဆိုက် အဟက်ခံရတာ ဒီတကြိမ်ဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

မနှစ်က အဟက်ခံရတဲ့အကြောင်းကို ဧရာဝတီသတင်းတပုဒ်မှာ အခုလို ရေးခဲ့ပါတယ် -

ဧရာဝတီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက် ဖောက်ထွင်းခံရ
Monday, 14 March 2011 20:15

စနေနေ့ မနက်ပိုင်းက ဧရာဝတီ သတင်းဌာန၏ အင်္ဂလိပ်ပိုင်း ၀က်ဘ်ဆိုက်သို့ ဖောက်ထွင်း ၀င်ရောက်ကာ တင်သွားသည့် သတင်းအတု ၂ ပုဒ်သည် နားလည်မှု လွဲမှားစေရန် အသေးစိတ်ရည်ရွယ် တိုက်ခိုက်မှုဖြစ်သည်ဟု ဧရာဝတီ သတင်းဌာနမှ တာဝန်ရှိသူများက ပြောဆိုလိုက်သည်။

irrawaddy-eng-siteမြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် ပြည်ပအခြေစိုက် မီဒီယာများ ပြဿနာ ပေါ်နေကြောင်း သတင်းနှင့် နာမည်ကြီး အဆိုတော်မေဆွိ သေဆုံးပြီဟူ၍ ဖန်တီးထားသည့် သတင်း ၂ ပုဒ်ကို ဧရာဝတီ အင်တာနက် စာမျက်နှာ အင်္ဂလိပ်ပိုင်း၏ လုံခြုံရေးကို ချိုးဖောက်ဝင်ရောက်ကာ တင်ခဲ့ခြင်းဖြစ်သည်။

ပထမ သတင်းတွင် မြန်မာ့ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြီးခဲ့သည့် နှစ်အတွင်းက ဧရာဝတီ သတင်းဌာနနှင့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနတို့ကို အလှူရှင်များ ထောက်ပံ့နေသည့် ငွေကြေး ၃ ပုံ ၁ ပုံ ခန့် ဆုံးရှုံးရသည်ဟု ရေးသား ဖော်ပြထားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်က ယခု တိုက်ခိုက်ခံရမှုသည် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ယူဆပြီး ပထမ သတင်းပါ အချက်အလက်များကို ကြည့်ပါက အဖွဲ့အစည်းနှင့် သတင်းပါ ပုဂ္ဂိုလ်များ အကြား ရှုပ်ထွေးသွားစေရန်၊ နားလည်မှုလွဲစေရန်၊ ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ချက် ပါရှိသည်ဟု ပြောသည်။

“ဧရာဝတီကနေ လွန်ခဲ့တဲ့ ၂ လ၊ ၃ လက ဗိုလ်ချုပ်မှူးကြီးနဲ့ တခြား စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်တွေ အဂတိလိုက်စားတဲ့ အတွင်းရေး သတင်းတွေကို မင်းတြားကြီး သန်းရွှေနှင့် နေပြည်တော် ခိုးသားများ ဆိုပြီး နေပြည်တော် ထိပ်တန်း ခေါင်းဆောင်တွေ အကြောင်းရယ်၊ ရွေးကောက်ပွဲကာလတုန်းက တောက်လျှောက် သတင်းတွေ တင်ခဲ့တာတွေရယ် ရှိတယ်။ ပါလီမန် အကြောင်း၊ ရွေးကောက်ပွဲ အကြောင်းတွေကို သေသေချာချာ ထောက်ပြဝေဖန်ပြီး ရေးသားခဲ့တယ်။ ဒီဟာတွေကို တုံ့ပြန်တဲ့ အနေနဲ့ စစ်အစိုးရနဲ့ သူတို့ကို လိုလားတဲ့ သူတွေက စိတ်ဓာတ် စစ်ဆင်ရေးသဘော၊ ဒါမှမဟုတ် Cyber warfare ပုံစံနဲ့ တုံ့ပြန်တယ်လို့ ယူဆရပါတယ်။ ဒီလို တိုက်ခိုက်ဖို့ကို အသေအချာ တာဝန်ပေးပြီး သူတို့ဘက်က တိုက်ခိုက်တယ်လို့ ယူဆရပါတယ်” ဟု ကိုအောင်ဇော်က ဆိုသည်။

ဧရာဝတီ သတင်းဌာန၏ မန်နေဂျာ ကိုဝင်းသူက “ကျနော်တို့ ၀က်ဘ်ဆိုက်ရဲ့ System မှာ အားနည်းချက်တွေ ရှိသလို အခု ခေတ်မှာက ဧရာဝတီမှ မဟုတ်ပါဘူး၊ CIA လို အဖွဲ့အစည်းတွေမှာတောင် အတိုက်ခံရတာမျိုးတွေ ရှိတယ်ဆိုတော့ သိပ် အဆန်းကြီးတော့ မဟုတ်ဘူးထင်တယ်။ ကျနော်တို့အနေနဲ့ အဓိက လုပ်သင့်တာ ဘယ်လိုထပ်ပြီး ကာကွယ်ရမယ် ဆိုတာနဲ့ ဘယ်သူတွေ လုပ်တာလဲ ဆိုတာကိုဖော်ထုတ်ဖို့ကိုပဲ အဓိက ထားသင့်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်သူသည် အင်္ဂလိပ်ပိုင်း ၀က်ဘ်ဆိုက်၏ Content Management Syetem (CMS) ထဲသို့ ၀င်ရောက်ကာ သတင်း ၂ ပုဒ် တင်သွားသောကြောင့် ယခင်ကဲ့သို့ DDoS (Distributed Denial of Service) ဖြင့်တိုက်ခိုက်ခြင်း မဟုတ်ဟု ကိုဝင်းသူက ပြောသည်။

ဧရာဝတီ သတင်းဌာန၏ အင်္ဂလိပ်ပိုင်းနှင့် မြန်မာပိုင်း ၀က်ဘ်ဆိုက် ၂ ခု စလုံးကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၆ ရက်နေ့က DDoS နည်းစနစ်ဖြင့် 4Gb ပမာဏအထိ ပြင်းပြင်းထန်ထန် တိုက်ခိုက် ခံခဲ့ရသည်။

“သူ ၀င်တင်သွားတဲ့ သတင်းအရေးအသားကို ကြည့်ရင် ဧရာဝတီအကြောင်းကို သိတဲ့သူ ဖြစ်သလို၊ ပုံမှန် ၀င်ဖတ်နေတဲ့ သူတယောက်လည်း ဖြစ်မယ်။ ဒီအတွက်လည်း ကျနော်တို့ ဘက်က သိရအောင် ဖော်ထုတ်ဖို့ ကြိုးစားနေတယ်” ဟု ကိုဝင်းသူက ပြောသည်။

“ရိုးရိုးလေးပဲ အရင်အကြိမ်တွေတုန်းက ဆိုက်ရဲ့ တည်ဆောက်ထားတဲ့ အခြေခံပိုင်းကို တိုက်ခိုက်တာ။ DDoS နည်းပညာနဲ့ပါ။ အခု တကြိမ်ကတော့ ဆိုက်ကို Host လုပ်ထားတဲ့ ဆာဗာမှာ ဗိုင်းရပ်စ် ကူးအောင် ပစ်မှတ်ထား လုပ်ဆောင်တာထက် ပိုပြီး ဧရာဝတီရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ကျစေချင်တာ ဖြစ်နိုင်တယ်” ဟု ပြည်ပအခြေစိုက် အိုင်တီ ကျွမ်းကျင်သူ တဦးက ဆိုသည်။

ဖန်တီးထားသည့် ဒုတိယမြောက် သတင်းမှာ ဧရာဝတီ သတင်းထောက်ဟောင်း Violet Choအမည်တပ်ရေး သားထားသော အဆိုတော် မေဆွိ သေဆုံးသွားသည့် သတင်းဖြစ်သည်။ ယင်း သတင်းထောက်မှာ ၂၀၀၉ ခုနှစ် ကတည်းက ဧရာဝတီမှ ထွက်ခွာခဲ့ပြီး ဖြစ်၍ သြစတြေးလျတွင် ပညာသင်ကြားနေပြီ ဖြစ်သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ဒေါသဖြစ်ရခြင်း၊ စိတ် အနှောင့်အယှက်ဖြစ်ခြင်း၊ မကျေနပ်ခြင်း စသည်ဖြင့် သူ၏ အခွင့်အရေးကို ကျူးလွန်သည်ဟု ခံစားရကြောင်း မေဆွိက ၎င်း၏ facebook အကောင့်တွင် ရေးသားခဲ့သည်။

“ဘာကြောင့် ဒီဝက်ဘ်ဆိုက်ပေါ်မှာ တက်ကြည့်ပြီး အချိန်ကုန်ခံမလဲ။ သူတို့တွေက သေချာသုံးသပ် စိစစ်ပြီး တောင်းပန်ဖို့ သတ္တိမရှိဘူး။ ဒါကြောင့်မို့လို့ ဒီဝက်ဘ်ဆိုက်ရဲ့ ကျင့်ဝတ်နဲ့မညီတဲ့ ခေါင်းဆောင်တွေက ကြော်ငြာတွေနဲ့ လူကြည့်များပြီး ပိုက်ဆံ များများရအောင် ကျမတို့ရဲ့ အချိန်ကို ဖျက်ဆီးတာ” ဟု မေဆွိက ရေးသားထားသည်။

သို့ရာတွင် ပရိသတ် တချို့က အမေရိကန် နိုင်ငံကဲ့သို့ နည်းပညာဖွံ့ဖြိုးသော နိုင်ငံတွင် နေထိုင်နေသော အဆိုတော် မေဆွိက နာမည်ကြီး အင်တာနက် တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး မသိရှိခြင်းက ပြဿနာ ကြီးထွားလာစေခြင်းဖြစ်သလောဟု မေးခွန်း ထုတ်ထားသည်ကို အဆိုတော် မေဆွိ၏ facebook စာမျက်မှာတွင် ရေးတင်ထားသည်။

ဧရာဝတီ သတင်းဌာန၏ မန်နေဂျာ ကိုဝင်းသူက “ဒီသတင်းတွေဟာ ကျနော်တို့ တင်တာမဟုတ်ဘဲ ကျနော်တို့ Hack လုပ်ခံရ တာ ဖြစ်ပါတယ်။ မေဆွိ သတင်းအတွက်ရော၊ တခြားသတင်းမှာပါတဲ့ လူတွေအားလုံးအတွက် စိတ်မကောင်းပါဘူး” ဟု ပြော သည်။

ဧရာဝတီ၏ စာဖတ်ပရိသတ် နားလည်မှုလွဲကာ ဧရာဝတီ၏ နာမည်ကို ထိခိုက်စေသည့် တိုက်ခိုက်သူတို့၏ ရည်ရွယ်ချက် ပြည့်ကောင်း ပြည့်သွားနိုင်လိမ့်မည်ဟု ကိုအောင်ဇော်က ပြောသည်။

“ကျနော်တို့က သူတို့ရဲ့ ကစားကွက်ထဲကိုလိုက်ပြီး မကစားစေချင်ပါဘူး။ သူတို့က ဒီလို နားလည်မှု လွဲအောင်၊ အထင်အမြင် လွဲအောင် လုပ်တာဖြစ်တဲ့အတွက် သူတို့ ဖြစ်စေချင်တာကို လိုက်လုပ်လို့ မဖြစ်ပါဘူး။ အဓိက လုပ်ရမှာက နောက်ထပ် တိုက်ခိုက်လာတာတွေကို ကာကွယ်သွားမှာဖြစ်သလို၊ တိုက်ခိုက်မှုတွေကို စုံစမ်းပြီး Hacker ဘယ်သူလဲဆိုတာကို ဖော်ထုတ်သွားဖို့ပဲ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

5 comments :

  1. Anonymous said... :

    မေးလ်တွေနဲ့ ဒီ ပုဂ္ဂိုလ်ရေး မဟုတ်မကတွေရေးထားတာ တွေ screen catch လုပ်ပြီး လိုက်ဖြန့်နေကြတယ်.

  1. Anonymous said... :

    အဟက်ခံရပလားဆိုရင် ဧရာဝတီ ၀က်ဆိုက် ချည့်.. တခြားဆိုက်တွေက ဒီလောက်မဟုတ်ဘူး.. ဘာဖြစ်လို့လဲ.. ပေါ်ပြူလာဖြစ်လွန်းလို့လား.. သို့တည်းမဟုတ် ခတ်ညံ့ညံ့ အိုင်တီသမားတွေခန့်ထားမိလို့လား.. သုံးသပ်သင့်ပြီနော်

  1. Anonymous said... :

    KIA တွေအလင်းဝင်တဲ့သတင်းတင်ပေးပါဗျို့ ဘယ်သတင်းဌာနကမှမတွေ့လို့ ပါ မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ လုပ်နေကြတာပဲ တင်ပေးသင့်ပါတယ် :)

  1. Anonymous said... :

    အများပြည်သူတွေ အာရုံစိုက်ခြင်းခံရတဲ. သတင်းဆိုက်တခု အနေနဲ. ပိုမိုကောင်းမွန်တဲ. လုံခြုံရေး ရှိရင်ပိုမိုသင်.လျော်ပါတယ်။ အခုကိစ္စမှာပင် မဟုတ်မှန်းသိသော်လည်း လူအများစုက ဒီအကြောင်းတွေကို တွေးတောဝေဖန်ကြမှာမလွဲဘူး...။

  1. ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လူထုထောက်ခံမှု ပျက်ပြားအောင် ဂုဏ်သိက္ခာချ ပုတ်ခတ်ဖို့ မသမာသူတွေက ဗျူဟာကျကျ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ နိုင်ငံရေး အတွေးအခေါ်နဲ့ ဗျူဟာပိုင်းမှာ အလွန်ပဲ နုံချာလှလို့ မအောင်မြင်ခဲ့ပါဘူး။ အရင်ကတည်းက သူတို့လုပ်လေ့လုပ်ထ ရှိတာကတော့ သတင်းစာရှင်းလင်းပွဲတွေကနေ လုပ်ကြံဇာတ်လမ်း ဖန်တီးရေးသာ ဖြစ်ပါတယ်။ အဲဒီလို လုပ်လို့ မဖြစ်နိုင်မှန်း သိလာတဲ့အခါ အင်တာနက်ကတဆင့် ခိုးဝင်ပြီး လုပ်လာတဲ့သဘောပါပဲ။ ယုန်ထင်ကြောင်ထင် ဖြစ်ရတာကို အမြန်ဆုံး ရှင်းလင်းနိုင်လို့ သိပ်ကောင်းပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved