iPhone, iPad ရဖို့ ကျောက်ကပ်တခြမ်း ထုတ်ရောင်းသူ

Sunday, April 8, 2012

iPhone, iPad ၀ယ်ရန် တရုတ်ဆယ်ကျော်သက် ကျောက်ကပ် ထုတ်ရောင်းမှု နောက်ဆက်တွဲသတင်း

တရုတ်ဆယ်ကျော်သက်ကောင်လေးတစ်ဦးက iPhone နှင့် iPad ၀ယ်ရန် သူ၏ ကျောက်ကပ်တစ်ဖက်ကို ထုတ်ရောင်းပြီးနောက် ထိုဖြစ်ရပ်တွင် ပါဝင်သူ တရုတ်နိုင်ငံ အလယ်ပိုင်းမှ ၅ ဦးကို အာဏာပိုင်များက တရားစွဲလိုက်သည်။

Chenzhou မြို့ အာဏာပိုင်တို့က ထို ၅ ဦးအား ဆယ်ကျော်သက်ထံမှ ကျောက်ကပ်ထုတ်ယူရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီး ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှုဖြင့် တရားစွဲထားခြင်းဖြစ်ကြောင်း၊ Wang အမည်ရှိ ထိုဆယ်ကျော်သက် အထက်တန်းကျောင်းသားမှာ အသက် ၁၇ နှစ်အရွယ် ရှိကြောင်း အစိုးရဆင်ဟွာသတင်းဌာနက သောကြာနေ့နှောင်းပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဟူနန်ပြည်နယ် Chenzhou Beihu ဒေသ တရားရေးဌာန၏ စနေနေ့တာဝန်ကျ အမျိုးသမီးတဦး၏အဆိုရ တရားရေးအရာရှိများက ထိုအမှုကို ကိုင်တွယ်နေပြီး ထို ၅ ဦးသည် ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှုဖြင့် တရားစွဲခံနေရသည်ဟု ဆိုသည်။

ထို ၅ ဦးမှာ ဆရာဝန်တဦး၊ ဆေးရုံ ကန်ထရိုက်တာ တဦး၊ ကျောက်ကပ်အလှူရှင်အား အင်တာနက်တွင် ရှာဖွေပြီး ခွဲစိတ်ခန်းစီစဉ်ပေးသည့် ပွဲစားများ ဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနက ဆိုသည်။

တရုတ်နိုင်ငံတွင် ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုး ခွဲစိတ် ကုသမှု ခံယူရန် လိုအပ်နေသူပေါင်း တသန်းခွဲခန့်ရှိကြောင်း၊ နှစ်စဉ် ခွဲစိတ်ကုသမှု ခံယူနိုင်သူ တသောင်းခန့်သာ ရှိကြောင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်း ကုန်သွယ် ရောင်းဝယ်မှုများ တရားမ၀င် လုပ်ကိုင်မှု ပိုမိုများပြားလာနေကြောင်း သတင်းတွင် ရေးထားသည်။

တရားစွဲခံနေရသူများထဲမှ He Wei ဆိုသူက လောင်းကစားအကြွေးများကြောင့် ကျောက်ကပ်ပွဲစားလုပ်ခဲ့သည်ဟု ဆိုသည်။ သူက ပြီးခဲ့သည့်နှစ် ဧပြီလတွင် အင်တာနက် chat room များမှတဆင့် ကျောက်ကပ်အလှူရှင် ရှာဖွေရန် တခြားတဦးကို ညွှန်ကြားခဲ့ပြီး နောက်တဦးကိုလည်း ခွဲစိတ်ခန်း စီစဉ်ရန် ညွှန်ကြားခဲ့သည်။

အစားထိုး ခွဲစိတ် ကုသမှုအတွက် ဒေါ်လာ သုံးသောင်းခွဲ ရခဲ့ပြီး ဆယ်ကျော်သက် ကျောင်းသားအား ဒေါ်လာ ၃၅၀၀ ပေးခဲ့ကြောင်း၊ ကျန်ငွေများကို အမှုတွင် ပါဝင်နေသူများနှင့် ခွဲဝေယူခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ရေးထားသည်။ ခွဲစိတ်ရာတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်း အများအပြားကိုလည်း ငွေကြေး ခွဲဝေပေးခဲ့သည်ဟု ဆိုသည်။

ဆယ်ကျော်သက် အိမ်ပြန်သည့်အခါ iPhone နှင့် iPad မည်သို့ ၀ယ်ယူခဲ့ကြောင်း မိခင်ဖြစ်သူက မေးမြန်းရာ သူက ကျောက်ကပ်တဖက်ရောင်းခဲ့ရပုံကို ပြန်ပြောပြလိုက်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်လအတွင်း ကျောက်ကပ်ရောင်းခဲ့သူ၊ ရောင်းချရန် စိတ်ကူးခဲ့သူများ ရှိသည်ဟု The Southern Daily သတင်းစာက ဆိုသည်။ အကြွေးဆပ်ရန်၊ စမတ်ဖုန်းဝယ်ရန်၊ ချစ်သူရည်းစားတွင် ရှိနေသော ကိုယ်ဝန် ဖျက်ချရန် စသည့် ရည်ရွယ်ချက်များဖြင့် ထိုသို့ ရောင်းချခြင်း၊ ရောင်းရန် စိတ်ကူးခြင်းဖြစ်သည်ဟု သိရသည်။

ညွှန်း - မိုးမခ http://moemaka.blogspot.com/

1 comments :

  1. Anonymous said... :

    I phone 4 ထွက်ရင်ကျန်တဲ့တစ်ခြမ်းပါရောင်းလိုက်ပါလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved