အလုပ်သမားတွေရဲ့နေ့

Tuesday, May 1, 2012



ပြည်တော်မြင့် ရိုက်ကူး ရေးသား ပေးပို့သည်)

ဒီနေ့မှာကျရောက်တဲ့ ၁၂၂ ကြိမ်မြောက် မေဒေးနေ့လို့ခေါ်တဲ့ ကမ္ဘာ့ အလုပ်သမားနေ့ကို ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့လယ်မှာ ကျင်းပတဲ့ပွဲကို မြန်မာပြည်သား အလုပ်သမား ၁,၀၀၀ ခန့် တက်ရောက် ဆင်နွဲခဲ့ကြပါ တယ်။

တာ့ခ်ခရိုင် အလုပ်သမားဌာနနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းကပြုလုပ်တဲ့ဒီပွဲမှာ မြန်မာအလုပ်သမားတွေအတွက် အားကစားပြိုင်ပွဲနဲ့ အခြား ပျော်ပွဲရွှင်ပွဲတွေကို ဒီနေ့ တနေကုန် ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။

ဒီပွဲကို တာ့ခ်ခရိုင်ဝန်နဲ့ ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူတွေ တက်ရောက်အားပေးခဲ့ကြပါတယ်။

မဲဆောက်မှာတရားဝင်အလုပ်ရုံစက်ရုံ ၂၈၀ ခန့်ရှိပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သိန်း နီးပါးရှိတဲ့ အနက် ဒီနေ့ပွဲကို အလုပ်သမား ၁၀၀၀ လောက်ဘဲ လာရောက်ကြပါတယ်။

မြန်မာအလုပ်သမားအချို့ ပြောတာက ဒီပွဲလာဖို့ အလုပ်ရှင်တွေက ဘာမှ မစီစဉ်ပေးတဲ့အပြင် တချို့အလုပ်ရုံ တွေ စက်ရုံတွေ မပိတ်တဲ့အတွက် အလုပ် ဆင်းနေရတဲ့လူတွေလည်း ရှိတယ် လို့ ပြောပါတယ်။

မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် ၉ မြို့နယ်အတွင်းမှာ ထိုင်း အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ တနေ့တာလုပ်အားခက ၂၂၆ ဘတ် ဖြစ်ပါတယ်။

ဒါပေမယ့် အများဆုံး ပေးကြတာကတော့ ၁၆၂ ဘတ် ဖြစ်ပါတယ်။ အဲဒီ ၁၆၂ ဘတ်ပေးတဲ့ အထည်ချုပ်စက်ရုံတောင် ၅ ရုံပဲ ရှိတယ်၊ ကျန်တဲ့ အလုပ်ရုံစက်ရုံတွေက ဘတ် ၁၀၀ အောက်ဘဲ ပေးကြတယ် လို့ မြန်မာ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

မေဒေးနေ့ကို နိုင်ငံတကာမှာ နှစ်စဉ်ပြုလုပ်ခဲ့တာ ၁၂၂ နှစ် ရှိခဲ့ပါပြီ။

မြန်မာနိုင်ငံမှာတော့ ပထမဆုံး မေဒေးနေ့ကို ၁၉၃၈ ခုနှစ်မေလ ၁ ရက်နေ့က ရေနံချောင်းမြို့၊ လည်ပေါ်တန်ဆောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ရေနံမြေအလုပ်သမားတွေအပြင် ရန်ကုန်နဲ့သံလျင်က အလုပ်သမား ၅,၀၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။











































0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved