ကိုအေးအောင်ရဲ့ ဓာတ်ပုံကိုပြသနေတဲ့ ဖခင် ဦးသောင်းစိန် (ဓာတ်ပုံ - AFP)
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်လိုင်းမှာ တွေ့ရတာက ထောင်ကျနေသူကိုအေးအောင် ရဲ့ မိဘနှစ်ပါး ဓာတ်ပုံတွေပါ။ သူတို့က သတင်းထောက်ကို ကိုအေးအောင်ရဲ့ ဓာတ်ပုံ ပြသနေတဲ့ ပုံတွေ ဖြစ်ပါတယ်။
ကိုအေးအောင် ဆိုတာ နိုင်ငံရေးသမား လူငယ်လေးတဦးပါ။ အစိုးရက သူ့ကို ထောင်ထဲထည့်ထားတာ ၁၀ နှစ် မကတော့ပါဘူး။
လောလောဆယ်မှာတော့ မြန်မာအစိုးရကို အပြောင်းအလဲတွေ လုပ်တယ် ဆိုပြီး နိုင်ငံတကာက ချီးကျူးနေကြပါတယ်၊ ကိုအေးအောင်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ချီးကျူးပြောဆိုစရာဆိုလို့ ကိုအေးအောင်ဟာ အသက်ရှင်လျက် ရှိနေသေးတယ် ဆိုတာပါပဲ။
သူနဲ့အတူ ကလေးမြို့အကျဉ်းထောင်ကို အတူရောက်သွားခဲ့တဲ့၊ သူ့လိုပဲ ထောင်ဒဏ် နှစ် ၆၀ ၀န်းကျင် ချမှတ်ခံခဲ့ရတဲ့ ကိုသက်ဝင်းအောင်ကတော့ ထောင်ထဲမှာ သေဆုံးသွားခဲ့ပါပြီ။ ကိုသက်ဝင်းအောင်လို အဖြစ်မျိုး သူ မကြုံရတဲ့အတွက် ကျေးဇူးတင်တယ်လို့ ကြံဖန် ပြောရမလိုပါပဲ။
ကိုအေးအောင်တို့ကို မလွှတ်ပေးသေးတာနဲ့ ပတ်သက်ပြီး ပေးလာတဲ့ ဆင်ခြေက အကြမ်းဖက်လုပ်ငန်းတွေနဲ့ ဆက်စပ်နေလို့ပါ တဲ့။ ထောက်လှမ်းရေးစစ်ကြောချက်၊ တရားရုံးစီရင်ချက်တွေကို ကြည့်ပြီး ပြောတာ ဖြစ်ပါလိမ့်မယ်။ အဲဒါတွေ ကြည့်ပြီး ပြောရင်တော့ ဘာမဆိုဖြစ်နိုင်ပါတယ်။
ထောက်လှမ်းရေးအဖွဲ့တွေက အနိုင်ကျင့် နှိပ်စက်ပြီး မဟုတ်တာတွေ ဖြောင့်ချက်ပေးခိုင်း၊ ဒီဖြောင့်ချက် ဆိုတာတွေကို ဖတ်ပြီး တရားရုံးတွေက စီရင်ချက်ချတာတွေက ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ဖြစ်ပျက်ခဲ့ပါတယ်။
တရားစီရင်ရေးအခြေအနေက စည်းကမ်းရှိတဲ့ ဒီမိုကရေစီခေတ်မှာရော ဘယ်လိုလဲ။
လတ်တလောမှာ ကိုဖြိုးဝေအောင် ဆိုတဲ့ အင်ဂျင်နီယာတယောက်ကို သင်္ကြန်မဏ္ဍပ်ဗုံးခွဲမှုနဲ့ တရားရုံးက သေဒဏ် စီရင်ချက် ချလိုက်ပါတယ်။
ကြားနေရတဲ့ သတင်းတွေအရ ဆိုရင် စစ်ဆေးပုံ၊ တရားစီရင်ပုံတွေဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေနဲ့ တထေရာတည်းပါပဲ။
ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း အာဏာပိုင်တို့က နိုင်ငံရေးသမားတွေကို ပုဒ်မမျိုးစုံနဲ့ ထောင်ထဲ ထည့်ပါတယ်။
အနောက်အုပ်စုက ကွန်မြူနစ်ကို ရန်သူလို့ သတ်မှတ်ချိန်မှာ မြန်မာပြည်က နိုင်ငံရေးသမားတွေဟာ ကွန်မြူနစ်တံဆိပ် အကပ်ခံရပြီး ထောင်ထဲရောက်သွားကြတယ်။
9/11 နောက်ပိုင်း အနောက်အုပ်စုက အကြမ်းဖက်သမားတွေကို ပစ်မှတ်ထားချေမှုန်းတော့ မြန်မာအစိုးရက ကွန်မြူနစ်တံဆိပ်ကို မသုံးတော့ဘူး။ စွန့်လွှတ်လိုက်တယ်။
ရလဒ်ကတော့ နိုင်ငံရေးသမား အများအပြားဟာ အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်တယ်၊ ဗုံးထောင်တယ် လို့ စွပ်စွဲခံရ၊ ထောင်ဒဏ်တွေ ဖောဖောသီသီ အပေးခံရတာပါပဲ။
နိုင်ငံတကာက ပေးလာတဲ့ ဖိအားတွေ လျော့ပါးသွားအောင် တခါတလေ သူတို့ကို အလွှတ်ပြပါတယ်။ ဒီတော့ နိုင်ငံရေးအကျဉ်းသားတွေက ဓားစာခံတွေလို ဖြစ်နေကြပါပြီ။
ဓားစားခံချင်းအတူတူ ဆိုမာလီပင်လယ်ဓားပြတွေ ဖမ်းထားတဲ့ သင်္ဘောသားတွေကမှ အသက်ရှူချောင်ပါလိမ့်မယ်။
ဆိုမာလီပင်လယ်ဓားပြတွေက
ဖမ်းရင် ဖမ်းတယ်လို့ ပြောတယ်၊
ဓားစာခံကိုနှိပ်စက်တဲ့နည်းဗျူဟာ မကျင့်သုံးဘူး၊
ကတိတည်တယ်၊ ပိုက်ဆံရရင် ပြန်လွှတ်တယ်။
မြန်မာအစိုးရက အဲဒါတွေနဲ့ ပြောင်းပြန် ဖြစ်နေတယ်။ လောလောဆယ် ဓားစာခံတွေ ရာနဲ့ချီ ကျန်နေသေးတယ်လို့ အဖွဲ့အစည်းတွေက ထောက်ပြနေကြပါတယ်။
ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ စိစစ်တဲ့အခါ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ တွေ့ရှိချက်၊ တရားရုံးများရဲ့ စီရင်ချက် ဆိုတာတွေကို အားမကိုးပါနဲ့လို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
လူတယောက်ကို နိုင်ငံရေးအရဖမ်းချင်ရင် အကြမ်းဖက်မှု၊ဖေါက်ခွဲမှုနဲ့ဖြစ်စေ
အခြားပြစ်မှုတခုခုနဲ့ဖြစ်စေ လုပ်ကြံဖန်တီး ဖမ်းဆီးနှိပ်စက်ညှင်းဆဲ အတင်းဝန်ခံခိုင်းပြီး
(မ)တရားရုံးမှာ နှစ်ရှည်ထောင်ဒဏ်ချတယ်။ ဒါက အားလုံးသိကြတဲ့အတိုင်း စစ်အစိုးရရဲ့လုပ်ရိုးလုပ်စဉ်တခုပါ။
ဒီနည်းလမ်းကို ယခုထိကျင့်သုံးနေဆဲဆိုတာ ကိုဖြိုးဝေအောင်အမှုက ထင်ရှားပြလိုက်ပါပြီ။
ဒါကိုကြည့်ရင် မြန်မာပြည်မှာ ယခင်ကလိုပဲ တရားဥပဒေစိုးမိုးမှုလုံးဝမရှိပါဘူး။
လက်တဆုပ်စာ အာဏာရှင်တွေနဲ့ သူတို့ရဲ့မိသားစုများမှတပါး သာမာန်ပြည်သူတွေဟာ
အခုလိုတရားဥပဒေစိုးမိုးမှုမရှိခြင်းရဲ့သားကောင်ဘဝကို အချိန်မရွေး ရောက်နိုင်ပါတယ်။
မြန်မာပြည်သူများဟာ အာဏာရှင်စနစ်အမှောင်ထုထဲမှာပဲ ရပ်တည်နေထိုင်နေရဆဲပါ။