ယင်းအခြေအနေကြောင့် “လေလုံးကြီး၊ မိုက်လုံးကြီးသော စစ်ဗိုလ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့” က အရေးပေါ်အစည်းအဝေး ခေါ်ရလေသည်။
အရေးပေါ်အစည်းအဝေးကို ဒုက္ခသီရိမြို့တွင် တည်ရှိသော နိုင်ငံတော်သမ္မတရုံးတွင် ပြုလုပ်ရာ သတင်းထောက် ရန်လိုကျွဲ တက်ခွင့်ရလေ၏။
ရန်လိုကျွဲသည် ဒုက္ခသီရိ၏ အထင်ကရ မီဒီယာတစ်ခုဖြစ်သော “မိုးမခ ညနေခင်းသတင်းစာ”၏ အကြီးတန်းသတင်းထောက် ဖြစ်သည်။ ယင်းသတင်းစာက ၀ါဒဖြန့်ချိရေးဝန်ကြီးဌာနမှ အကောင်ကြီးကြီးများအား ရှယ်ယာခွဲပေးသဖြင့် ယခု အရေးပေါ်အစည်းအဝေးတက်ခြင်းကဲ့သို့သော အခွင့်အရေးမျိုးကို ရန်လိုကျွဲ ရရှိခြင်းပေတည်း။
အရေးပေါ်အစည်းအဝေး အစပြုလေပြီ။
သမ္မတ ။ ။ မင်္ဂလာ နံနက်ခင်းပါ ၀န်မင်းများ။ ၀န်မင်းတို့ကို အရေးပေါ်ခေါ်ယူရတဲ့အကြောင်းရင်းက မီးကိစ္စပဲကွဲ့။ ဒီ မီးကိစ္စကို ၀န်မင်းတို့လည်း Facebook ကနေ သိရှိပြီးသား ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။
လယ်ယာပြန်စားရေးဝန်ကြီး ။ ။ မီးကိစ္စ မသိပါဘူးခင်ဗျ။ Facebook လည်း မသုံးတော့ မီးအကြောင်း မသိပါဘူး။ သတင်းစာတော့ ဖတ်ပါတယ်။ သတင်းစာမှာလည်း အားလုံးကောင်းပါသည်ခင်ဗျား ဆိုပြီး ရေးထားတာပဲမဟုတ်လား သမ္မတကြီးရဲ့။
(၀န်ကြီးက ထိုသို့ တုန့်ပြန်ပြီးနောက် “မီးကိစ္စဆိုရင်တော့ အရမ်း စိတ်ဝင်စားပါတယ်။ မီးဆိုတာက ဘူလေးလဲဟင်။ အသက်က ဘယ်လောက်လဲ။ ဖြူသလား ညိုသလား။ ငါးရံ့ကိုယ်လုံးလေးနဲ့လား။ လုံးကြီးပေါက်လှလား” ဟု စိတ်ထဲမှ ပြောလိုက်လေသည်။)
သမ္မတ ။ ။ ဒီဝန်ကြီးနဲ့တော့ ခက်တော့တာပဲကွယ်။ Facebook ဆိုတာ မသုံးမဖြစ် သုံးရတယ် ကွဲ့။ အကောင့်တခု အမြန်ဖွင့်လိုက်။ ပြီးရင် ငါ့ကို သူငယ်ချင်းအဖြစ် invite လုပ်လိုက်။ ငါက accept လုပ်လိုက်ရင် မင်းနဲ့ငါ Facebookသူငယ်ချင်းဖြစ်ပြီ။ မင်းမှာ သူငယ်ချင်း များလာရင် သတင်းတွေကအစ ဟိုပုံတွေ ဒီပုံတွေ အဆုံး အကုန်လုံး မင်း သိရပြီကွာ။ ခက်တော့တာပဲကွာ။ ၀န်ကြီးတိုင်း Facebook သုံးရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းရတော့မယ် ထင်တယ်။
လယ်ယာပြန်စားရေးဝန်ကြီး ။ ။ ဟုတ်ကဲ့ခင်ဗျ။ သမ္မတကြီးရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်တော် Facebook ၀ယ်ဖို့ နိုင်ငံခြားရောက်နေတဲ့ သားကို ခိုင်းလိုက်ပါ့မယ်။
သမ္မတ ။ ။ သေလိုက်ပါတော့ကွာ ...။ တော်တော့ … ဆက်မပြောနဲ့တော့ ...။ အိုင်တီအကြောင်းတော့ နောင် အစည်းအဝေးတွေမှာ ထည့်ပြောလို့ မဖြစ်တော့ဘူး။ အိုင်တီ ပါလာရင် လိုရင်းရောက်တော့မယ် မထင်ဘူးကွယ်။ ကဲ … ကဲ … ကဲ … အမှတ် ၃ လျှပ်စစ်ဝန်ကြီးကပဲ ဖြစ်နေတဲ့ ပြဿနာကို အတိုချုပ် ရှင်းလိုက်ပါကွယ်။
အမှတ် ၃ လျှပ်စစ်ဝန်ကြီး။ ။ အတိုချုပ် ပြောရရင် - မသိနားမလည်တဲ့ ပြည်သူအနည်းစုက အမြဲတမ်း ဆန္ဒပြချင်ကြပါတယ်။ သူတို့ ဒီမိုကရေစီ တောင်းခဲ့လို့ ကျွန်တော်တို့က “အိနြေ္ဒရှိတဲ့ ဒီမိုကရေစီ” ဆိုတာကို ဖော်ဆောင်လိုက်ပါပြီ။ ဒီမိုကရေစီ ရသွားပြီ ဆိုတော့ လျှပ်စစ်မီး ရချင်တယ်လို့ အော်နေပါတယ်။ တခုမဟုတ် တခု အော်နေရမှ ကျေနပ်တဲ့သဘော ရှိပါတယ်။ လူ့အလို နတ်မလိုက်နိုင်သလို ကျွန်တော်တို့ ၀န်ကြီးဌာနကလည်း မလိုက်နိုင်ပါဘူးခင်ဗျာ။ ဒါပါပဲ။
သမ္မတ ။ ။ ဟုတ်ပြီ။ ပြဿနာကို သိပြီ ဆိုတော့ ကဲ … ဘယ်လို ရှင်းမလဲ။ ကျုပ်ရဲ့ အကြံပေးလိုတော့ မလုပ်နဲ့နော်။ ဒီဆရာက ဖယောင်းတိုင်ထွန်းကြဖို့ ခပ်နောက်နောက် ပြောလိုက်တာ လူတွေက အတည်ယူပြီး သူ့ကို မေတ္တာပို့နေကြတယ်။ သူ့ကို အမှုန့်ကြိတ်ချင်တဲ့သူတွေတောင် ရှိသေးတယ်။ ထားပါတော့ ဒါကို။ ကဲ … မီးကိစ္စ ဘယ်လို ရှင်းမလဲ။
လယ်ယာပြန်စားရေးဝန်ကြီး ။ ။ ကျွန်တော့အတွေ့အကြုံအရ ဆိုရင် ကျွန်တော့်ရဲ့ မီးလေး ပြဿနာရှာတော့ ကားတစ်စီး နဲ့ တိုက်ခန်းတခန်း ၀ယ်ပေးလိုက်တာ အဆင်ပြေသွားပါတယ်။ နိုင်ငံတော်မှာ ဒီလိုဖြစ်လာတာတော့ ကျွန်တော်လည်း အကြံမပေးတတ်ဘူး။
ဝါဒဖြန့်ချိရေးဝန်ကြီး။ ။ သြော် … ခင်ဗျားနဲ့တော့ ခက်တော့တာပဲ။ မပေးတတ်ရင်လည်း ငြိမ်ငြိမ်နေလေကွာ။ (သမ္မတဘက် လှည့်၍) သမ္မတကြီးခင်ဗျာ … ကျွန်တော် အကြံမပေးခင် မေးစရာတစ်ခု ရှိပါတယ်။ အစည်းအဝေးက ဘာကြောင့် လေအေးစက် မဖွင့်ရတာလဲ။ ဒီ စားပွဲ နဲ့ ထိုင်ခုံတွေကရော ဘာကြောင့် သံစားပွဲ၊ သံထိုင်ခုံတွေ ဖြစ်နေရတာလဲ။
ထိုမေးခွန်းကြောင့် တခြားဝန်ကြီးများလည်း အိပ်ငိုက်ပြေသွားသည်။ သူတို့လည်း ဤအချက်ကို မေးလိုကြသည်။ သမ္မတ မည်သို့ ဖြေရှင်းမည်ကို စိတ်ဝင်တစား နားစွင့်နေကြလေသည်။
သမ္မတ။ ။ အခု လုပ်နေတာ လျှပ်စစ်မီး ပြဿနာ ဖြေရှင်းရေး အစည်းအဝေးလေကွာ။ လေအေးစက်တွေ ပိတ်ပြီး လုပ်တယ် ဆိုတာ မင်းရဲ့ သတင်းစာထဲမှာ မနက်ဖြန် ထည့်ရေးနိုင်ဖို့ပေါ့ကွ။ အအေးဓာတ်ပေးတဲ့ ဒီစားပွဲတွေ၊ ထိုင်ခုံတွေက မင်းတို့ ဖင်မပူ ကျောမပူအောင်လို့ အထူး စီစဉ်ထားပေးတာကွာ။ ကဲ … ၀ါဒဖြန့်ချိရေးဝန်ကြီးရေ … ဒါတွေ ထည့်ရေးပြီး ၀ါဒဖြန့်ကွာ။ ငါတို့ ဘယ်လိုချွေတာတယ် ဆိုတာကို မျက်နှာဖုံးမှာ တင်ကွာ။
ဝါဒဖြန့်ချိရေးဝန်ကြီး။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒါတွေကိုတော့ ကျွန်တော် ပိုင်ပါတယ်။ ဟဲဟဲ … လုပ်လာတာလည်း ကြာပြီလေ။ ဒါပေမယ့် သမ္မတကြီးခင်ဗျာ … ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သောက်သုံးမကျလို့ တက်ခဲ့တဲ့ ပြဿနာတွေ အများကြီးပါ။ ဒီလျှပ်စစ်မီးကိစ္စကိုလည်း ကျွန်တော်တို့ ဆက်ပြီး သတင်းအမှောင်ချထားရင် မကောင်းဘူးလားခင်ဗျာ။
သမ္မတ ။ ။ တော်တော့ …. မင်း တော်လိုက်တော့။
မင်း တော်လိုက်တော့ ဟူသော စကားကြောင့် ၀ါဒဖြန့်ချိရေးဝန်ကြီး လန့်သွားသည်။ မနှစ်ကပဲ ဓာတ်ရှင်မင်းသမီးတဦးက သတင်းထောက်တစ်ဦးအား ထိုနည်းနှင်နှင် ပြောဆိုပြီး ရိုက်နှက်ခဲ့သည်မဟုတ်လား။ အင်း .. တို့သမ္မတကြီးကတော့ ငါ့ကို ဆံပင်ဆွဲ ပါးရိုက်မယ် မထင်ပါဘူးဟု တွေးလိုက်မိသည်။
သမ္မတ ။ ။ ဒီမယ် ၀န်ကြီးရဲ့ .. Facebook ခေတ် ရောက်နေပြီဗျ။ ခင်ဗျားရဲ့ သတင်းစာက သိပ် အလုပ်မဖြစ်တော့ဘူး။ လူတွေက သတင်းစာမဖတ်ရင်သာ နေမယ်၊ Facebook ကိုတော့ နေ့တိုင်း အကြိမ်ကြိမ် တစိမ့်စိမ့် ကြည့်နေကြသဗျ။ ကျုပ်တို့ သတင်းအမှောင်ချတာက ဆေးမြီးတို ဖြစ်သွားပြီ။ ကဲ … ဘယ်သူတွေ ဘာအကြံပေးချင်ကြသေးလဲ။
အမှတ် ၃ လျှပ်စစ်ဝန်ကြီး။ ။ အခက်အခဲတခုကို ဌာနဆိုင်ရာတွေ ညီညီညာညာ ၀ိုင်းပြီး ဖြေရှင်းရင် ရပါတယ်။ ဒါကြောင့် အင်အားကောင်းဖို့အတွက် လျှပ်စစ်ဝန်ကြီးဌာနကို အမှတ် ၄ နဲ့ ၅ အထိ တိုးချဲ့လိုက်ဖို့ ကျွန်တော် အကြံပြုပါတယ်။
သမ္မတ ။ ။ အင်း … ဟုတ်ပြီလေ။ ဒါလည်း နည်းလမ်းတစ်ခုပဲ။ ကဲ … ဘာရှိသေးလဲ။
မွေးမြူရေးဝန်ကြီး။ ။ ပိုးစုန်းကြူးတွေက အလင်းရောင် ထုတ်ပေးပါတယ်။ ပိုးစုန်းကြူးတွေကို အများကြီးမွေးမြူမယ်၊ မျိုးဆက်ပြန့်ပွားပညာပေး အစီအစဉ် အကြီးအကျယ် လုပ်မယ်ဆိုရင် ကောင်ရေ တိုးပွားလာတာနဲ့အမျှ အလင်းရောင်လည်း တိုးလာမှာပါ။ ဒီအလင်းရောင်က ဆန္ဒပြသူတွေရဲ့ ဖယောင်းတိုင်အလင်းရောင်ထက် သာမယ် ဆိုရင် ဆန္ဒပြတာတွေလည်း အလိုလို ချုပ်ငြိမ်းသွားနိုင်ပါတယ်။
သမ္မတကြီး အနည်းငယ် တွေဝေသွားသည်။ ထို့နောက် ဘယ်သူတွေ ဘာအကြံပေးချင်ကြသေးလဲဟု မေးလိုက်ပြန်သည်။
ပြည်တွင်းလုံခြုံရေးရာဝန်ကြီးကမူ မည်သည့် အကြံမျှ ပေးစရာ မရှိပေ။ သို့သော်လည်း သမ္မတကြီး ပြောပြောနေသည့် Facebook ဆိုသည်ကို တစ်ခုလောက်တော့ ၀ယ်ထားသင့်သည်ဟု တွေးနေလေသည်။ Facebook သုံးသည်မှာ အန္တရာယ် ရှိမည်မဟုတ်၊ သူက ၀န်ကြီးဖြစ်နေသောကြောင့် နာမည်ကျော် အီလက်ထနစ်ဥပဒေ ဆိုတာနှင့်တော့ ထောင်ထဲ ရောက်မည် မဟုတ်ဟုလည်း တွေးမိလေသည်။
ပြည်တွင်းလုံခြုံရေးရာဝန်ကြီးကမူ မည်သည့် အကြံမျှ ပေးစရာ မရှိပေ။ သို့သော်လည်း သမ္မတကြီး ပြောပြောနေသည့် Facebook ဆိုသည်ကို တစ်ခုလောက်တော့ ၀ယ်ထားသင့်သည်ဟု တွေးနေလေသည်။ Facebook သုံးသည်မှာ အန္တရာယ် ရှိမည်မဟုတ်၊ သူက ၀န်ကြီးဖြစ်နေသောကြောင့် နာမည်ကျော် အီလက်ထနစ်ဥပဒေ ဆိုတာနှင့်တော့ ထောင်ထဲ ရောက်မည် မဟုတ်ဟုလည်း တွေးမိလေသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး။ ။ နေ့ဘက်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အလင်းရောင်တွေကို နည်းပညာတမျိုးမျိုးနဲ့ သိုလှောင်ပြီး ညဘက်မှာ ထုတ်သုံးခြင်းအားဖြင့် ညဘက်မှာ လင်းနေပါလိမ့်မယ်။ ဘယ်လို သိုလှောင်မယ် ဆိုတာကိုတော့ နည်းပညာဝန်ကြီး သိပါလိမ့်မယ်။
နည်းပညာဝန်ကြီး။ ။ ဒါကတော့ ကျုပ်ကို တမင်သက်သက် ချောက်တွန်းတာပဲ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဆိုပြီး သစ်ကုမ္ပဏီတွေနဲ့ ပေါင်းစားနေတာ ကျုပ် မသိဘူးထင်နေသလား။ ကျုပ်က သန့်သန့်ရှင်းရှင်း နေတာ။ အားလုံးကို ဖွင့်ချလိုက်မယ်၊ ဘာမှတ်သလဲ။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ထိုသို့ အပြောခံရသဖြင့် ဆတ်ဆတ်ခါ နာသွားပြီး ရှေ့တွင် ရှိသော ရေပုလင်းဖြင့် ကောက်ပေါက်လိုက်သည်။
ရေပုလင်းက နည်းပညာဝန်ကြီး၏ နဖူးကို အရှိန်ပြင်းစွာ ထိမှန်လေသည်။ တခြားသော ၀န်ကြီးများကလည်း ကျုပ်က သန့်သန့်ရှင်းရှင်း နေတာ။ အားလုံးကို ဖွင့်ချလိုက်မယ် ဟူသော စကားကြောင့် မကျေမနပ်ဖြစ်ပြီး နည်းပညာဝန်ကြီးကို ရေပုလင်းများဖြင့် လှမ်းပေါက်ကြလေသည်။ ပုလင်းထဲမှ ရေများဖိတ်လျှံပြီး သံစားပွဲ၊ သံထိုင်ခုံတို့လည်း စိုရွှဲကုန်၏။
အထိနာသွားသော နည်းပညာဝန်ကြီးက အလွန် စိတ်ဆိုး ဒေါသထွက်ပြီး ပုဆိုး ပင့် မ ကာ ရှေ့တွင် ရှိသော ကွန်ပျူတာကို ၀ုန်းခနဲ ဆောင့်ကန်လိုက်လေသည်။ ၀ါယာကြိုးများ ပြတ်တောက်သွားသည်အထိ ကန်အား ပြင်းလေသည်။
ဝါယာကြိုးတချို့ ပြတ်တောက်ခြင်း နှင့် သံစားပွဲ၊ သံထိုင်ခုံတို့ စိုရွှဲခြင်းတို့ပေါင်းမိပြီးသကာလ အကြီးအကျယ် ဓာတ်လိုက်ခြင်း ဖြစ်ပေါ်လေ၏။ သံစားပွဲ သံထိုင်ခုံတို့နှင့် ထိတွေ့နေသူမှန်သမျှ ဓာတ်လိုက်ကြလေ၏။
အခင်းဖြစ်ပွားမှုကို ဓာတ်ပုံရိုက်ယူနေသော သတင်းထောက် ရန်လိုကျွဲသာ ဓာတ်လိုက်ခြင်းမှ ကင်းလွတ်လေ၏။
ယင်းနေ့နှောင်းပိုင်းတွင် ထွက်ရှိလာသော မိုးမခ ညနေခင်းသတင်းစာတွင် ဤ အရေးပေါ် အစည်းအဝေး အရေးပေါ် အဆုံးသတ်လိုက်ရပုံအကြောင်း မျက်နှာဖုံးသတင်းအဖြစ် ပါလာလေသည်။ ထိုသတင်းကို
လျှပ်စစ်ဓာတ်အားပြဿနာအတွက် အစိုးရအဖွဲ့ အရေးပေါ် ဆွေးနွေး
သမ္မတနှင့်ဝန်ကြီးအားလုံး ဓာတ်လိုက်ပြီး ဆေးရုံတင်လိုက်ရ
ဟု ခေါင်းစည်းတပ်ထားလေသတည်း။သမ္မတနှင့်ဝန်ကြီးအားလုံး ဓာတ်လိုက်ပြီး ဆေးရုံတင်လိုက်ရ
ရန်လိုကျွဲ
ညွှန်း - မိုးမခ http://moemaka.com
-
0 comments :
Post a Comment