ကျောင်းအုပ်ကြီး လက်စွမ်းပြလို့ ကျောင်းသား ၃ ဦး ခေါင်းကွဲ

Wednesday, June 27, 2012


~

သန့်စင်ငြိမ်းချမ်း ရေးသားသည်)


Google မြေပုံမှာ တွေ့ရတဲ့ ရေဖြူမြို့တနေရာ

စာမရတဲ့ ၁၀ တန်းကျောင်းသား ၃ ဦးကို ကျောင်းအုပ်ကြီးက အပြစ်ပေး ရိုက်နှက်လိုက်တာ ခေါင်းကွဲသွားတဲ့ဖြစ်ရပ်တခု တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ ဒီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ကံပေါက်ကျေးရွာ အထက ဒဿမတန်း (ခ) မှာ ပညာသင်နေတဲ့ ၁၀ တန်း ကျောင်းသား မောင်မျိုးထွဋ်ဦး အပါအ၀င် ကျောင်းသား ၄ ဦးကို ကျောင်းအုပ်ကြီး ဦးတင်ရှိန်က စာမေးရာမှာ မရတဲ့အတွက် ရိုက်နှက်တာဖြစ်တယ်လို့ မောင်မျိုးထွဋ်ဦးရဲ့ ဖခင် ဦးလှရှိန်က ဧရာဝတီကို ပြောပါတယ်။

“ကျောင်းဆရာကြီးက စာမေးတော့ ကျောင်းသားတွေက စာမရဘူး။ စာမရလို့ သူထောက်တဲ့ တောင်ဝှေးနဲ့ ရိုက်လိုက်တာ ၄ ယောက် ရိုက်တာ ၃ ယောက် ခေါင်းကွဲသွားတယ်”လို့ သူက ပြောပါတယ်။

သွေးတွေနဲ့ အိမ်ပြန်ရောက်လာတဲ့ မောင်မျိုးထွဋ်ဦးကို မိသားစုဝင်တွေက ကံပေါက်တိုက်နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့ရာမှာ ဒဏ်ရာကို ၁ ချက် ချုပ်ခဲ့ရပါတယ်။

သားဖြစ်သူကို ခေါင်းပေါက်တဲ့အထိ ရိုက်နှက်အပစ်ပေးခဲ့တဲ့ ကျောင်းအုပ်ကြီးကို အရေးယူပေးဖို့ ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရေဖြူမြို့နယ် ပညာရေးမှူးတို့ကို တိုင်တန်းထားတယ်လို့ ဦးလှရှိန်က ပြောပါတယ်။

အဲ့လို တိုင်တန်းခဲ့တဲ့အတွက် ဒီလ ၂၄ ရက်နေ့က ရေဖြူမြို့နယ် ပညာရေးမှူးက ကံပေါက် အထကကျောင်းကို လာရောက်စစ်ဆေးသွားပြီး ဒီကိစ္စကို အောက်ခြေမှာတင် ပြေလည်အောင် ဖြေရှင်းပေးမှာဖြစ်ပြီး အထက်ကို မတိုင်တန်းဖို့ကို ဦးလှရှိန်နဲ့ ကျောင်းသား မောင်မျိုးထွဋ်ဦး တို့ကို ပြောဆိုသွားတယ်လို့ သိရပါတယ်။

“ကလေးက ခုထက်ထိ ကျောင်းမတက်နိုင်သေးဘူး။ အိမ်မှာပဲ နားနေတယ်။ အနာကတော့ သက်သာသွားပါပြီ။ ၂၈ ရက်နေ့မှ ကျောင်းပြန်တက်ဖြစ်လိမ့်မယ်”လို့ ဦးလှရှိန်က ပြောပါတယ်။

ကျောင်းအုပ်ကြီး ဦးတင်ရှိန်ဟာ ဒီကံပေါက်ကျောင်းမှာ တာဝန်ထမ်းဆောင်နေတာ ၃ နှစ်ရှိပြီ ဖြစ်ပြီး ကျောင်းသားတွေကို အရိုက်ကြမ်းလို့ မိဘတွေနဲ့ ယခင်ကလည်း ပြဿနာတချို့ ဖြစ်ပွားခဲ့တာရှိတယ်လို့ သိရပါတယ်။

“ကျနော့်သားလိုမျိုး ကျန်တဲ့ကလေးတွေပါ ထပ်ဖြစ်လာမှာ စိုးရိမ်ပါတယ်။ ဒါကြောင့် ကျနော့်သဘောကတော့ သူ့ကို ဒီကျောင်းကနေ တခြားကျောင်းကို ရွှေ့ပေးစေချင်တာပါပဲ” လို့ ကျောင်းသားမိဘ ဦးလှရှိန်က ပြောဆိုကြောင်းပါ ခင်ဗျာ….

~

3 comments :

  1. waioo said... :

    အဲသလို ဆရာမျိုးက ရှိကိုမရှိသင့်တာ
    သားသမီးချင်းကိုယ်ချင်းမစာနာတဲ့အပြင်၊ သူ့ကိုယ်သူ စိတ်ရူးပေါက်နေမှန်းမသိတဲ့အဖြစ်
    ကလေးတွေကို ကိုယ့်သားသမီးလို စောင့်ရှောက်သင်ပြ ဆက်ဆံရမှာလေ

  1. mya said... :

    ကျောင်းသားတွေစာတတ်စေချင်တာဟာ ကျောင်းဆရာတွေရဲ့စေတနာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဆရာမျှော်မှန်းသလောက်ကျောင်းသား မတတ်မြောက်ဘူးဆိုရင် ဘသူ့ကြောင့်လဲဘာကြောင့်လဲဆန်းစစ်ပြီး ပဲ့ပြင်လမ်းပြပေးစေလိုပါတယ်။
    ဆယ်တန်းကျောင်းသားအရွယ်ဟာရိုက်နှက်ဆုံးမရမယ့်အရွယ်မဟုတ်တော့ပါဘူး။ ရိုက်တဲ့ဆရာဟာလွန်ပါတယ်။ ငယ်ရွယ်သေးတဲ့ကျောင်းသားကလေးတွေကိုဆိုရင်လည်း ခေါင်းကိုလုံးဝရိုက်စေလိုပါ၊ ဦးနှောက်ထိခိုက်သွားနိုင်ပါတယ်။စာရေးရတဲ့လက်ကိုမရိုက်စေလိုပါ၊ တင်ပါး၊ ခြေသလုံး တို့ကိုသာ မပဲ့ရွဲ့အောင်မပွန်းပဲ့အောင၊် မရောင်ကိုင်းအောင် ချိန်ဆရိုက်ပါ။

  1. red ni ni said... :

    ဒီလိုကျောင်းဆရာမျိုးတွေအမြန်သာအလုပ်ထုတ်လိုက်
    သင့်တယ်။စေတနာကြောင့်လုပ်တာဆိုပေမဲ့။၁၀ တန်းဆိုတဲ့
    အရွယ်ဟာကလေးပါဘဲ။
    ခေါင်းကွဲအောင်ရိုက်ဆုံးမတာကလည်းနည်းလမ်းမကျပါ။
    ဦးနှောက်ထိခိုက်ရင်ကလေးဘ၀သွားပြီဘဲ။အံ့သြပါရဲ့။အမြန်ဆုံးသာအပြစ်ပေးသင့်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved