စင်ကာပူမှာ သရဲကားသွားပြမယ့် မောင်မျိုးမင်း နဲ့ တခြား သတင်းများ

Saturday, June 23, 2012



ဖတ်ဖြစ်တဲ့ဂျာနယ် ၃ စောင်ထဲက တချို့ကို ထပ်ပြီးတော့ ညွှန်းလိုက်ပါတယ်။ မော်ဒန်၊ အလင်းတန်း နဲ့ မက်ဆင်ဂျာထဲကပါ။


မော်ဒန်ဂျာနယ် (ဇွန် ၁)

အန်းဒရွိုက်စ်ဂိမ်းတွေ ကွန်ပျူတာဝင်းဒိုးမှာသုံးချင်ရင်
အင်တာနက်ကနေ အခမဲ့ ဒေါင်းလုတ် လုပ်နိုင်တယ်၊ စခရင် သေးလွန်းတဲ့အတွက် ကြာကြာကစားရင် မျက်စိ ဒုက္ခရောက်နိုင်တယ် အပါအ၀င် သိသင့်တာတချို့ကို စုံစမ်း ရေးသားထားတဲ့သတင်းပါ။

အင်တာနက်နှေးနေရင် ဖစ်စ်ဘီးဆော့ဖ်ဝဲသုံး
ဒီသတင်းမှာပါတဲ့ နည်းလမ်းက အင်တာနှေးပြဿနာကြုံနေရသူတွေအတွက် သေချာပေါက် အထောက်အကူ ဖြစ်ကောင်းပါရဲ့။

ဖေ့စ်ဘုတ်ခ်ကလည်း အက်ပ်စတိုးဖွင့်မည်
Facebook ရဲ့ မိုဘိုင်း ခြေလှမ်းသစ် ဖြစ်ပါတယ်။ အခု ဖွင့်နေပါပြီ။ အသေးစိတ်ကို သတင်းမှာ ဖတ်ပါလေ။
အက်ပ်စတိုး မဖွင့်ခင် ရေးထားတဲ့သတင်း ဖြစ်ပါတယ်။

ထုတ်ကုန်နဲ့လိုက်ဖက်အောင် ဒီဇိုင်းထွင်ပေးရတယ်
ဒီဇိုင်နာ ဒေါ်သက်သက်ခိုင်နှင့် တွေ့ဆုံခြင်း
အင်တာဗျူးတွေ အများကြီး ဖတ်ဖူးကြတယ်ဟုတ်။ ဒီဇိုင်နာတယောက်နဲ့ အင်တာဗျူးကလည်း တမျိုး စိတ်ဝင်စားစရာ ကောင်းမယ် မဟုတ်လား။ ဒီ တာတိုအင်တာဗျူးမှာ မေးတာတွေ ကောင်းသလို ဖြေထားတာတွေကလည်း အင်မတန် လန်းတာကို တွေ့ရမှာပါ။

ဂါဝန်တိုနဲ့ မေပျို
ပေါင်တ၀က်ဂါဝန်များကို ပျိုပျိုမေတို့ အပါအ၀င် အရွယ်စုံ အမျိုးသမီးတွေ ဘယ်လို ၀တ်ကြသလဲ ဆိုတာကို ဒီ ဖက်ရှင်သတင်းလေးမှာ ရေးထားပါတယ်။ ဘာအရောင် ဘာအဆင်တွေ အ၀တ်များသလဲ ဆိုတာလည်း ရေးထားပါတယ်။

စင်ကာပူနိုင်ငံမှာ သရဲကားသွားပြမယ့် ဒါရိုက်တာမောင်မျိုးမင်းနှင့်တွေ့ဆုံခြင်း
ဒါရိုက်တာ မောင်မျိုးမင်းက သူရိုက်ထားတဲ့ သရဲကားကို စင်ကာပူ တစ္တေပွဲမှာ သွားပြမယ် တဲ့။ သရဲကားကြိုက်တဲ့မင်းသမီး ခွန်းဆင့်နေခြည်ကို သရဲချောချောတယ်လို့ ကြည်စယ်ထားပါတယ်။ ရင်တွင်းဖြစ်ကြီးရဲ့ အဖြေတွေကလည်း ကောင်းပါတယ်။ အာရှကနေ နိုင်ငံတကာကို ပေါက်တာ သရဲကားတွေ များတယ် တဲ့။ ကုန်ကျစရိတ် နည်းနည်းနဲ့ ခြောက်လို့ရတယ်လို့ ဆိုတယ်။ သူရိုက်ထားတဲ့သရဲကားက ကြောက်စရာကောင်းမယ် မထင်ပါဘူး။ အင်္ဂလိပ်စာတန်းထိုး ဆိုတော့ ပရိသတ်က စာဖတ်နေရတာနဲ့ ကြောက်ဖို့ အချိန် ရပါ့မလားလို့ ထင်မိပါတယ်။

ဦးလဆီးဘောက်နော်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်ရတာ အခုမှ ပိုပြီး လွယ်ကူလာတယ်လို့ ဆိုသူနဲ့ ဗျူးထားတာပါ။ သူက ဒီအကြောင်းအရာကို လေ့လာထားသူ၊ စာအုပ်တွေလည်း ရေးနေသူပါ။ YMCA မှာ ဥက္ကဋ္ဌ အကြာကြီး လုပ်ခဲ့တယ်၊ ၁၉၉၄ KIA အပစ်ရပ် စာချုပ်ချုပ်ရာမှာလည်း သူ ပါဝင်ခဲ့တယ် တဲ့။
အင်တာဗျူးကို အဆုံးသတ်ထားတာကတော့ ရယ်စရာ ဖြစ်ရပ်မှန်လို့ ယူဆရပါတယ်။

စိတ်ကျန်းမာရေးပညာပေးမှု အားနည်းနေဆဲ
စိတ်ကျန်းမာရေးဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးနှင့်တွေ့ဆုံခြင်း

ဒါလည်း အင်တာဗျူးပါပဲ။ ရွာသာကြီးဆေးရုံအုပ်နဲ့ပါ။ နိဂုံးချုပ် ဖြေကြားထားတာက ဟိုအင်တာဗျူးတွေလိုပဲ ကောင်းနေပါတယ်။ စာဖတ်သူများ မသိသေး၊ အစိုးရမင်းများ သတိမထားမိကြ သို့မဟုတ် မေ့ထားကြတဲ့ အချက်တွေ ပါဝင်နေတာကို တွေ့ရမှာပါ။

တောင်ကိုရီးယားမုဒိမ်းကောင် ဓာတုနည်းနဲ့ သင်းကွပ်ခံရမည်
ဒီသတင်းက မြန်မာသတင်းတော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာလည်း ဒီဖြစ်ရပ်မျိုး ရှိနိုင်တာမို့ ဖတ်ဖြစ်အောင် ဖတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆမ်ဆောင်းဂလက်စီ အသက်စ်သရီးဖုန်းမှာ ပါဝင်တဲ့အချက်တချို့
စမတ်ဖုန်း လောကသားတွေ အတွက် S III အကြောင်း မိတ်ဆက်ပေးထားတာပါ။ စမတ်ဖုန်း ဆိုတာ ဘာလဲ မသိသူများ ကျော်ဖတ်သွားသင့်တဲ့ သတင်းပါပဲ။


သင့်မိုဘိုင်းဖုန်း ဖန်းဝဲလ်မပျက်အောင် ဒါတွေရှောင်ဖို့လိုအပ်တယ်

ဒါလည်း စမတ်ဖုန်း လောကသားတွေ အတွက်ပါ။
စမတ်ဖုန်း သုံးမယ် ဆိုရင်၊ သုံးနေတယ် ဆိုရင် ဖတ်သင့်ပါတယ်။

ဟန်းဆက်ဗားရှင်းထက် အပလီကေးရှင်းဗားရှင်းမြင့်နေရင် ဟန်းဆက်အယ်ရာဖြစ်နိုင်
သတင်းစုံတဲ့ မော်ဒန်သတင်းဂျာနယ်က တကယ့်ကို မော်ဒန်ပါပဲ၊ အိုင်တီခေတ်မှာ အိုင်တီအကြောင်းတွေ အတော်များများ ထည့်ထားပါတယ်။ ဒါလည်း စမတ်ဖုန်းဆိုင်ရာ အချက်အလက်တွေ ပေးတဲ့ ရေးသားချက်တွေပါပဲ။

အခုတော့ ကျွန်မ အိုင်ကျွန်းအကောင့် ဖွင့်တတ်သွားပြီ
iTune အကောင့်တခု ဘယ်လိုဖွင့်ရတယ် ဆိုတာကို ရှင်းပြထားပါတယ်။ လိုက်မလုပ်နိုင်ဘူး ဆိုရင်တောင်မှာ ဒီလို အဆင့်ဆင့်လုပ်ရတာပါလား ဆိုတာ နားလည်သွားနိုင်တဲ့ ဆောင်းပါးတိုလေးပါ။

အလင်းတန်းဂျာနယ် (ဇွန် ၁၁)


မြန်မာစာကို အရိုအသေ မတန်ကြရန် တဲ့လား
စာမျက်နှာ ၁

စာမျက်နှာ ၂

စာရေးဆရာမြင့်သန်းရဲ့ သရော်ချက်အပြည့်နဲ့ ရေးထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ အပြောင်းအလဲကို သူ ဘယ်လို မြင်သလဲ ဆိုတာ တွေ့ရပါမယ်။ ရန်ကုန်လေဆိပ် လ၀က မမတို့ သဘောကျမယ် ထင်ပါတယ်။ သူတို့ကို ချီးကျူးထားလို့ပါ။ လေယာဉ်ကွင်းမှာ မပြောင်းလဲတဲ့ အစဉ်အလာတခုကိုလည်း ရေးထားပါတယ်။ သမ္မအကြံပေးဆရာအကြောင်းလည်း အများအပြား တို့ထိထားပါတယ်။

အော်တစ်ဇင်များကို စာနာတဲ့ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ
စာမျက်နှာ = ၁

စာမျက်နှာ = ၂
အနုပညာသည်များရဲ့ ချီးကျူးစရာ လူမှုရေး လုပ်ငန်းများပါ။
ဒီထဲမှာ ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီး ပါ မပါ ကြည့်လိုက်ကြပါနော်။

Messenger ဂျာနယ် (မေ ၁၄)

ဝေဖန်ရေးဆိုသည်မှာ ပြုပြင်စေချင်လို့ ထောက်ပြခြင်း

စာမျက်နှာ = ၁
စာမျက်နှာ = ၂

မောင်ဝံသရဲ့ လက်ရာပါ။
သူ့ရဲ့ အရေးအသားတွေနဲ့ ပတ်သက်ပြီး စာဖတ်သူများဆီက အသံ ၃ ခုလောက်ကို စုစည်း ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။
စာနယ်ဇင်းသမားများ ကြုံတတ် ဖြစ်တတ်တဲ့သဘာဝကို ရေးထားပါတယ်။
ဖတ်သင့်တဲ့ဆောင်းပါးထဲမှာ ဒီတပုဒ်လည်း ပါပါတယ်လို့ ညွှန်းလိုပါတယ်။


အခု အညွှန်းတွေကို ဖတ်ဖို့အတွက် ခေါင်းစဉ်များကိုသာ ကလစ်ပါခင်ဗျာ။

ညွှန်း - မိုးမခ http://moemaka.com/

2 comments :

  1. Anonymous said... :

    ကိုမျိုးမင်းက သူ့ကိုယ်သူ သိပ်တတ်နေတယ်လို့ ထင်ပါတယ်။ သူ့ရဲ့ကားတွေထဲမှာ နှင်းဆီဝိုင်က လွဲလို့ ကောင်းတဲ့ကားမရှိပါဘူး။ ဒါကလည်း ခေတ်တစ်ခုမှာဖြစ်လာတဲ့ idea လေးတစ်ခုပါ။ မြန်မာ ဒါရိုက်တာတွေက အမြဲပြောပါတယ်။ လုပ်ခွင့်လေးသာ ပေးပါ။ သူတို့ ရိုက်ပြပါ့မယ်ဆိုတာ။ အခုလုပ်ခွင့်ရတဲ့အချိန်မှာလည်း သူတို့ရိုက်ချက်၊ ဇာတ်လမ်း၊ အရာရာအားလုံးဟာ အရင်က အတိုင်းပါပဲ။ ငွေကြေးကြောင့်လို့မပြောပဲ ရိုက်လို့ရတဲ့အတိုင်းအတာလေးတစ်ခုမှာ သဘာဝ နည်းနည်းကျအောင်တော့ ရိုက်သင့်ပါတယ်။ မဲပြာပုဆိုးပဲ မဖြစ်သင့်ပါဘူး။ အားလုံးလဲ သိမှာပါ အသေးစိတ်ပြောရန်မလိုပါ။ အခုထိ မင်းသားက ဂီတာတီးသီချင်းဆိုရင် သံစဉ်တွေစုံအောင်ပါမြဲ။ ဆေးရုံပေါ်မှာ နေမကောင်းတဲ့ မင်းသမီးက မိတ်ကတ်တွေလိမ်းဆဲပါ။ ဇာတ်လမ်းကျောရိုးတွေကလည်း မခိုင်မြဲ။ ရိုက်ချက်ကလည်း မကောင်းပါဘူး။ ဟောလီးဝုတ် မပြောနဲ့ ဘောလီးဝုတ်နဲ့ ကိုရီးယားအဆင့်တောင်မ၀င်ပါဘူး။ ဒါပေမယ့် စင်ကာပူကလည်း ရုပ်ရှင်မှာ အဲဒီလောက်မတိုးတက်တော့ သူ့ပြတဲ့ကားကို အိပ်ပြီး ကြည့်ရင် ကြည့်ပါလိမ့်မယ်။

  1. အေတူကန် said... :

    ဖိုက်တင်ပလေးတာတို့ ၊ သရဲကားတို့ ဆိုလည်း အရှေ့ တောင်အာရှအဆင့်တောင် မမီတော့ဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved