ရန်ကုန်တိုင်း ၀န်ကြီးချုပ် အဓိကရုဏ်းကိစ္စ သတင်း မီဒီယာများကို သတိပေး

Sunday, June 10, 2012

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ ( ဓာတ်ပုံ- Popular Myanmar News Journal's facebook)


သတင်း - The Voice Weekly ဂျာနယ် Facebook စာမျက်နှာ


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အဓိကရုဏ်း ကိစ္စရပ်များအပေါ် သတင်းမီဒီယာများ သတိထားရေးသားရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ပြည်တွင်း သတင်းမီဒီယာများကို ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်း တွင် သတိပေးပြောကြားကြောင်း သတင်းရရှိသည်။

“မီဒီယာတွေ နိုင်ငံတော်နဲ့ ပူးပေါင်းလုပ်ဆောင်သင့်တယ်။ အခုကိစ္စကနေ မမျှော်မှန်းနိုင်တဲ့ ဆုံးရှုံးမှုတွေ ဖြစ် သွားနိုင်တယ်”ဟု ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေက ဆိုသည်။

ရခိုင်ပြည်နယ်တွင်းက အဓိကရုဏ်းကိစ္စရပ်များကို ဖော်ပြရာတွင် ပြန်ကြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထား သည့် မူဝါဒများကို ချိုးဖောက်ပါက ၀န်ကြီးဌာနမှ အရေးယူမည့် အပိုင်းရှိသကဲ့သို့ အုပ်ချုပ်ရေးပိုင်းကလည်း တည်ဆဲ ဥပဒေ ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ (ည) တို့ဖြင့် ဥပဒေပါအတိုင်း ထောင်ဒဏ် ငွေဒဏ်များ ချမှတ် အရေးယူသွားရန် ရှိကြောင်း မီဒီယာအဖွဲ့အစည်းများက ကိုယ်စားလှယ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ဦးမြင့်ဆွေက ခေါ်ယူသတိပေးပြောကြားခြင်းဖြစ်သည်။

ယင်းအပြင် မီဒီယာများအနေနှင့် သတင်းနှင့် စာနယ်ဇင်းကျင့်ဝတ်များကို လိုက်နာကြရန်လည်း ထည့်သွင်းပြော ဆိုခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှုးချုပ် ဦးတင့်ဆွေကလည်း ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြရာတွင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကို မပျက်မကွက် တင်ပြရ မည် ဖြစ်ပြီး ၄င်းတို့၏ စိစစ်ဖြတ်တောက်မှု အတိုင်းသာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ယင်းသို့ မလုပ်ဆောင်ပါက ဥပဒေနှင့် အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ခေါ်ယူအသိပေးပြောကြားခံရသည့် မီဒီယာများအကြားတွင် သဘောထား အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိပြီး အချို့သတင်းမီဒီယာသမားများမှာ ၀န်ကြီးချုပ်၏ ပြုမှုပြောဆိုသည့် အသုံး အနှုန်း အချို့ပေါ်တွင် စိတ်ပျက်ရကြောင်း၊ ပြောကြားလိုသည့် သဘောထားကို လက်ခံနိုင်သော်လည်း ယခင် အုပ်ချုပ်မှု မှ အကျင့်ဟောင်းများအတိုင်း ပြုမူဆက်ဆံသည့် အပေါ်တွင်မူ လက်ခံနိုင်ရန်ခက်ခဲကြောင်း မှတ်ချက်ပေးပြော ကြားသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved