သမဂ္ဂအဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှု တရားခံများ

Sunday, July 1, 2012




ဒီနှစ်ရဲ့ 7 July နှစ်ပတ်လည်နေ့ နီးလာချိန်မှာ ဘိုးသိမ်းရဲ့ ''ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖောက်ခွဲ ဖျက်ဆီးမှု တရားခံ ဘယ်သူလဲ'' ဆိုတဲ့ စာတမ်း အင်တာနက်မှာ စတင် ဖြန့်ဝေနေကြပါပြီ။

"ကျွန်တော်ဟာ ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကိုဖောက်ခွဲ ဖျက်ဆီးဖြိုချခံခဲ့ရတဲ့ အချိန်မှာ အသက် (၂၅) နှစ်အရွယ် ဆေးသိပ္ပံနောက်ဆုံးနှစ်အတန်းမှာ စာသင်နေတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အခုကျွန်တော်ဟာ အသက် (၇၅) နှစ်အရွယ် ဆရာဝန်ကြီးဖြစ်နေပါပြီ"
လို့ သူ့ကိုယ်သူ မိတ်ဆက်ထားပါတယ်။

"အဲဒီမှာ ဖောင်တိန်ပင် (Fountain Pen) ကိုသာ ကိုင်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဦးနေဝင်းဟာ ရန်သူစခန်းကြီးတစ်ခုကို တိုက်ခိုက် သိမ်းပိုက်သလို ဘာကြောင့် တိုက်ခိုက် သတ်ဖြတ်သလဲ ဆိုတဲ့ မေးခွန်းကို မေးစရာ ဖြစ်လာပါတယ်။ ကျွန်တော့်အနေနဲ့ အချက် (၂) ချက်ကို တွေ့ရပါတယ်" ဆိုပြီး သူ့ရဲ့ သုံးသပ်ချက်တွေကို ရေးထားတာ ဖတ်ရမှာပါ။

ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်က သမဂ္ဂ အဆောက်အအုံဓာတ်ပုံ ကိုင်ဆောင်ထားသူတဦး

"အေးချမ်းသာယာနေတဲ့ တက္ကသိုလ်နယ်မြေထဲကို ရန်သူစစ်စခန်းကြီးလို ထိုးစစ်ဆင်ပြီးတက္ကသိုလ် ကျောင်းသားအများအပြားကို ရက်ရက်စက်စက်သေနတ်နဲ့ ပစ်သတ်မှု၊ တကသအဆောက်အဦးကို မိုင်းခွဲဖြိုချ ဖျက်ဆီးမှု၊ ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့လူမှုပတ်ဝန်းကျင် (Social environment) ကြီးတခုလုံးကို အစိတ်စိတ် အမွှာမွှာ ကြေမွပျက်စီးသွားအောင် ဖျက်ဆီး မှု၊ အဲဒီပြစ်မှုတွေ အားလုံး ရဲ့ တရားခံဟာ တကသစစ်ဆင်ရေးကြီးကို စီမံကိန်းချပြီး ရေးဆွဲ အကောင်အထည်ဖော်ခဲ့တဲ့ တော်လှန်ရေးကောင်စီတခုလုံး ဖြစ်ပါတယ်။

ဒါပေမယ့် ဦးနေဝင်းကတော့ တော်လှန်ရေးကောင်စီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် တော်လှန်ရေးကောင်စီ လုပ်သမျှကို တာဝန်ယူရမည့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ နံပါတ်(၁) တရားခံဟာ ဦးနေဝင်းဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီမှာ ဒုဥက္ကဋ္ဌ ဆိုတဲ့ ရာထူး မရှိပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ကြီးဟာ တပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။ တပ်မတော်မှာ ဦးနေ၀င်းပြီးရင် ဒုတိယ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဦးအောင်ကြီးဟာလည်း တကသ အဆောက်အဦး မိုင်းခွဲဖျက်ဆီးမှု အပါအဝင် တကသ ထိုးစစ်ကြီးမှာ ဒုတိယ တရားခံ ဖြစ်ပါတယ်။


ဦးနေ၀င်း၊ ဦးအောင်ကြီး၊ ဦးစိန်လွင်

ဗမာ့အသံမှာ ရုံးခန်းဖွင့်ပြီး နောက်တန်းစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှာ တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီးသန်းစိန် (ပခုက္ကူ)၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးတန်ယုဆိုင် အပါအဝင် တော်လှန်ရေးကောင်စီဝင် အားလုံးဟာ တကသစစ်ဆင်ရေးကြီးရဲ့ စစ်ရေးစီမံချက်ရေးဆွဲရာမှာ အတူပါဝင် သဘောတူခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် အားလုံးဟာ တတိယတရားခံတွေ ဖြစ်ကြပါတယ်။

ကမာရွတ်ရဲစခန်းမှာ ရှေ့တန်း စစ်ဆင်ရေး ဌာနချုပ် ဖွင့်လှစ်ပြီး တက္ကသိုလ်နယ်မြေ ထိုးစစ်ကြီးကို အနီးကပ် လမ်းညွှန်နေတဲ့ ဒုဗိုလ်မှူးကြီးစိန်လွင် (၈.၈.၈၈ နေ့က သမ္မတအဖြစ်နဲ့ ပြည်သူတွေကို သေနတ်နဲ့ပစ်မိန့် ပေးသူ) ဟာလည်း တရားခံစာရင်းမှာ မထည့်ဘဲချန်ထားလို့မရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

ဦးနေဝင်းနဲ့ ဦးအောင်ကြီးတို့ တစ်ယောက်ကိုတစ်ယောက် အပြန်ပြန်အလှန်လှန် လက်ညှိုးထိုးပြီး စွပ်စွဲနေကြတာဟာ ပြန် စဉ်းစားကြည့်လိုက်တော့ အလွန်ရယ်စရာကောင်းနေပါတယ်။
ကလေးတွေ ကစားကြရင်း အရုပ်ကလေးတစ်ခု ပျက်စီးသွားတဲ့အခါမှာ ''တားတားလုပ်တာ မဟုတ်ဘူး၊ တူလုပ်တာ၊ တူလုပ်တာ'' ဆိုပြီး လက်ညှိုးထိုးတရားခံ လွဲချတာမျိုးနဲ့ တူပါတယ်။ အင်မတန်ကြီးမားတဲ့ ''သမိုင်း အမဲကွက်ကြီး'' တခကို ဖန်တီး ပြုလုပ်ခဲ့ကြသူတွေ အနေနဲ့ အဲဒီလို လွယ်လွယ် ကူကူ လက်ညှိုးလေးထိုးပြီး ''ငါမပါဘူး သူလုပ်တာ'' ဆိုရုံနဲ့ သမိုင်းတရားခံတွေ စာရင်းထဲက လွယ်လွယ်ကူကူ ပျောက်ကွယ်မသွားနိုင်ပါဘူး" တဲ့။

သူနဲ့ တခြားကျောင်းသားခေါင်းဆောင်တွေ အဖမ်းခံရပုံ၊ သမဂ္ဂအဆောက်အအုံ ၂ ကြိမ် အဖျက်ခံရပုံတွေနဲ့ အဲဒီခေတ် နိုင်ငံရေးအခြေအနေတွေကိုလည်း သမဂ္ဂအဆောက်အအုံ ဖောက်ခွဲ ဖျက်ဆီးမှု တရားခံ ဘယ်သူလဲ စာတမ်းမှာ ဖတ်ရှုရမှာပါ။



3 comments :

  1. Anonymous said... :

    what Burmese font ( Myanmar font ) used for that article ?

    It is not Zaw Gyi one.

    Can someone tell me ' what font ' is in that Myanmar article written by Bo Thein ?

  1. Anonymous said... :

    နောက်ကြောင်းပြန်လှည့်မနေနဲ့ဟေ
    သမဂ္ဂအဆောက်အဦးဖျက်တာ ဦးသိန်းစိန်
    မဟုတ်ဘူး အလုပ်မရှိအလုပ်ရှာ

  1. Unknown said... :

    its called history. don't u ever learn history subject?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved