ဒစ်ဂျစ်တယ် ထောက်လှမ်းရေး

Sunday, July 8, 2012

ဒီငြိမ်းလင်း Facebook မှာ ဖော်ပြထားတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။

သူ့ကို ပြန်ပို့တဲ့ ထောက်လှမ်းရေးဆရာများက ဒစ်ဂျစ်တယ်ကင်မရာတွေနဲ့ပါ။ (နည်းပညာခေတ်မှာ ဒီပစ္စည်းတွေ သုံးပြီး လုပ်ငန်းကိုင်ငန်း ဆောင်ရွက်ကြတာ အင်မတန် သင့်တော်ပါတယ်)

ကျောင်းသားတွေ နိုင်ငံရေးသမားတွေကို ဖမ်းစေ ဆီးစေဆိုရင် ဒီဆရာတွေ အားကြိုးမာန်တက် လုပ်ကြပါရဲ့။

ဟိုနားဒီနား ဗုံးကွဲလူသေကိစ္စတွေများကိုတော့ ဒီဆရာတွေ ဘာမှလည်း မသိကြ၊ ဘာသတင်းမှလည်း မရကြတော့ ဘာမှလည်း အသုံးကျကြပုံ မပေါ်ပါဘူး လို့ အထင်မှားခံရနိုင်ပါတယ်။

ဗုံးကွဲပြီးမှ နိုင်ငံရေးသမား တယောက်ယောက်ကို ဆွဲစေ့၊ တရားခံအဖြစ် သတ်မှတ်ပြီး အထက်ကို အစီရင်ခံလိုက်ကြတာ များပါတယ်။

ဒီတော့လည်း အထက်က ၀န်ကြီးဆိုသူတွေ၊ အတွင်းရေးမှူး ၁၊ ၂၊ ၃၊ ၄ ဆိုသူ တွေကလည်း ဗုံးတရားခံဖော်ထုတ်နိုင်ပြီ ဆိုပြီး ခပ်တည်တည်နဲ့ သတင်းစာရှင်းလင်းပွဲတွေလုပ်၊ တရားသူကြီးများကလည်း ထောင်ဒဏ်တွေ ဖောဖောသီသီပေးကြပါတယ်။ သေဒဏ်တို့ တသက်တကျွန်းတို့တောင် ပါလိုက်သေး။

(ဗိုလ်သန်းရွှေခေတ်က
ဝန်ကြီး နဲ့ အတွင်းရေးမှူး ဆိုသူတွေကို ပြောပါတယ်။ ဦးသိန်းစိန်ခေတ် ၀န်ကြီးများကတော့ ယူနီဖောင်း ပြောင်းဝတ်ကြ၊ ဒီမိုကရေစီ ဆိုင်းဘုတ် တပ်ထားကြလို့ ထင်ပါရဲ့ ထောက်လှမ်းရေးဇာတ်ညွှန်းဖတ်ပြတာမျိုးတွေ မရှိသေးပါဘူး)

သန်လျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုနဲ့ အစွပ်စွဲခံရတဲ့နိုင်ငံရေးသမားတွေ ထောင်ထဲ အနှစ် ၂၀ ကျော် နေခဲ့ရပြီးမှ မကြာခင်က ပြန်လွတ်လာကြပါတယ်။

မှားပြီးဖမ်းမိပါတယ် ဆိုပြီး ပြန်လွှတ်ပေးတာ မဟုတ်ဘူး၊ ဦးသိန်းစိန်အစိုးရက သဘောထားကြီးစွာနဲ့ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးတာ ဆိုပဲ။ ကျေးဇူးကြီးလှပါပေရဲ့ ဆိုပြီး ထိုင်ကန်တော့ရမလိုဖြစ်နေပြီ။


ဖမ်းသူများ နဲ့ အဖမ်းခံရသူများဘက်က ပြုံးပြုံးရွှင်ရွှင် မြင်ကွင်းမျိုး ကြည့်လို့ မကောင်းဘူးလား။ ဒီလို အမြဲပြုံးနိုင်ရင် ကောင်းမှာပဲ။

အစိုးရကလည်း ပြောင်းလဲဖို့ကြိုးစားနေချိန်မှာ ထောက်လှမ်းရေးဆရာများလည်း (ပုံထဲမှာ ပြုံးနေကြတယ် ဆိုတော့) ပြောင်းလဲဖို့ ကြိုးစားနေကြပြီ ထင်ပါရဲ့။

ထောက်လှမ်းရေးနည်းပညာလည်း တိုးတက်အောင်ကြိုးစားသင့်ပါတယ်။ လူတွေကို ဖမ်းနှိပ်စက်၊ တရားခံ ဘယ်သူမှန်း မသိရင် ကိုယ်ကြည့်မရသူ တယောက်ယောက်ကို ဆွဲစေ့တာမျိုးတွေပဲ ဆက်လုပ်နေရင်တော့ ရှက်စရာပါ။

ဒစ်ဂျစ်တယ်၊ အိုင်တီ၊ အင်တာနက် စတဲ့ လုပ်ငန်းအထောက်အကူဖြစ်မယ့်ဟာတွေကို လေ့လာထားတဲ့ ထောက်လှမ်းရေးတွေ လိုအပ်ပါတယ်။

နိုင်ငံရေးသမားတွေကို ပစ်မှတ်ထား အာရုံစိုက်နေကြတဲ့ မူဝါဒကိုလည်း ပြောင်းသင့်ပါပြီ။ အချိန်ကုန် လူကုန် ဘတ်ဂျက်ကုန်ပါတယ်။

နိုင်ငံရေးသမား အများစုက ပြည်သူတွေကို ဒုက္ခပေးကြမယ့်သူတွေ မဟုတ်ပါ။

ရာဇ၀တ်မှုကျူးလွန်သူများ၊ ကျူးလွန်မယ့်သူများနောက်ကို ပိုပြီး အားသွန်ခွန်စိုက် လိုက်ကြပါ လို့ တိုက်တွန်းလိုက်ပါတယ်။

(စာကြွင်း - NLD ဦးမြင့်အေးကို အကြမ်းဖက်သမားဆိုပြီး ထောင်ထဲ ထည့်လိုက်မိကြောင်း၊ အမြန်လွှတ်ပေးသင့်ကြောင်း ဦးသိန်းစိန်ဆီကို အစီရင်ခံစာ တင်လိုက်ကြပါအုံး)


~

1 comments :

  1. Anonymous said... :

    တကိုယ်တော် ဦးအုံးသန်းလဲ မမေ့နဲ့အုံး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved