ကသည်း သူပုန်နဲ့ ပတ်သက်လို့ ပေးစာ

Thursday, July 19, 2012

တမူး၊ မိုးရေး ဒေသမြင်ကွင်း။ ဓာတ်ပုံ- မိုးမခ


ကျွန်မ မကျိန်ငိုက်မန် ( ၅/ကလထ(နိုင်) ၁၇၉၉၃၀ ) မှ အသနားခံတင်ပြအပ်ပါသည်။ ကျွန်မသည် ခလရ (၂၂၈) ကလေးမြို့မှအငြိမ်းစားပင်စင်ယူ ပြီးသည့် ဒုအရာခံဗိုလ် ခွာလ်ကမ်း (ရုံးအုပ်)၏ သားသမီး (၇)ယောက် အနက်မှ အလတ်(တတိယမြောက်) သမီးဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်၊မတ်လတွင် ကလေးတက္ကသိုလ်မှ B.A (Hons) English ဘွဲ့ရရှိပြီး ယခုလက်ရှိတွင်( KVBA UNICEF) NGO တွင် Local Trainer ရာထူးဖြင့် ကျွန်မ၀ါသနာပါသည့်အလုပ်ကို ရိုးသားစွာလုပ်ကိုင်ရင်း အချိန် အားလပ်သည့် အချိန်တွင်စက်ချုပ်ပညာကို ဆည်းပူးသင်ယူလျှက် ရှိပါတယ်။

သို့ရာတွင် မိဘကိုကျွေးမွေးပြုစုချင်တာတောင် ကျေးဇူးဆပ်ခွင့်မရဘဲ ကျွန်မဘ၀ကိုလိမ်လည်ဖြားယောင်းပြီး အတင်းအဓမ္မ ပေါင်းသင်းခြိမ်းခြောက်ခံရသူ ကသည်းသူပုန်တစ်ဦးကြောင့် ကျွန်မမှာယနေ့ထိ တိုင် အသက် အန္တရာယ်စိုးရိမ်မှုဖြင့် ထိတ်လန့်မှု ဖြစ်နေရပါတယ်။

ဧပြီလ(၁၂)ရက်၊ ၂၀၁၂ခုနှစ်တွင် ကျွန်မအား တောင်ကြီးသင်္ကြန် အလည်သွားမည်၊ မလိုက်လျှင်မရဟုဆိုကာ ကားတစ်စီး(စိုးမိုးသူကားအသင်း)နှင့် အတင်းထည့်ပေးပါသည်။၎င်းမတိုင်ခင် အိမ်တွင်လည်း အကြိမ်ကြိမ် သေနတ်ဖြင့် ရင်ကိုထောက်ချိန်ပြီး သူ့အား မချစ်/ မပေါင်းရင် ဘာဖြစ်သွားမလဲ ဆိုတာ သတိထားဆိုပြီးခြိမ်းခြောက်ပါတယ်။

မည်သူနှင့်မှလည်း စကားမပြောခိုင်း၊ အဆက်အသွယ်မလုပ်ခိုင်းပါဘူး။ (၁၄)ရက်နေ့ တောင်ကြီးရောက်ပြီး တည်းခိုခန်းတွင်ကျွန်မအား အမြဲတမ်း ပိတ်ထားခဲ့ပါသည်။ (၁၉)ရက်နေ့တွင် လွိုင်ကော်ရောက်ပြီး
တည်းခိုခန်းတွင် ပြန်တည်းပါတယ်။

ကျွန်မမှာ တစ်နေကုန် တည်းခိုခန်းထဲတွင်အပြင်လုံးဝမထွက်ရ၊ မည်သူနှင့်မှ စကားမပြောရ အမိန့်ဖြင့် အကျဉ်းသမား တစ်ယောက်လို ဖြစ်ခဲ့ရပါတယ်။ ထမင်းတောင် အချိန်မှန် မစားရပါဘူး။ ညအိပ်ချိန်ကျမှ မခံမရပ်နိုင်အောင် အနိုင်ကျင့်စော်ကားပါတယ်။

သင်္ကြန်ပြီးကတည်းက ကျွန်မပြန်မယ်ပြောတာကို လုံးဝပြန်ခွင့်မပေးပါဘူး။မိဘတွေနဲ့ ဖုန်းတောင် ပြောခွင့်မပေးပါဘူး။ ကျွန်မ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကိုပါ ထွက်ခိုင်းပါတယ်။ အကြိမ်ကြိမ် ဆေးပြားရှုပြီး ကျွန်မကိုနှာခေါင်း၊ ခံတွင်းတွေပါ အမြဲတမ်း ဒဏ်ရာရခဲ့ပါတယ်။

ဌာနဆိုင်ရာကိုတိုင်ရဲရင်တိုင်ကြည့်ပါလား တဲ့။ နင်ရော၊ နင့်မိသားစုဝင်တွေရောငါတို့သေနတ်နဲ့ သေရမယ်၊ ငါ့မှာ တပည့်တွေအများကြီးရှိတယ် တဲ့။ ငါတို့ကိုမြန်မာနိုင်ငံအစိုးရနဲ့ ဥပဒေက ဘာမှလုပ်လို့မရဘူးတဲ့။ ငွေနဲ့
ကိုင်ပေါက်လို့ရတယ်တဲ့။

ကျွန်မကို လူမဆန်စွာနှိပ်စက်စော်ကားခဲ့တာတွေကတော့ (၃)လလုံးလုံးပါပဲ။ သူ့လက်ထဲက
လွတ်မြောက်ဖို့ အကြိမ်ကြိမ်ထွက်ပြေးခဲ့ပေမယ့် အားချင်းမမျှလို့ကျွန်မကိုပြန်မိပြီး ရက်ရက်စက်စက် မျက်စိတွေညိုမည်း၊ သွေးထွက်သွားအောင် အခါပေါင်းများစွာ ထိုးကြိတ်ပြီး နောက်တစ်ခါ ငါ့ဆီက ထွက်ပြေးရင်နင့်အလောင်းပဲ ကလေးမြို့ရောက်သွားမယ်လို့ ပြောပါတယ်။

တကယ့်ကိုကြောက်စရာကောင်းတဲ့လူပါ။ဒီလိုနဲ့ လွိုက်ကော်ကနေ မန္တလေးပြန်တဲ့အချိန်မှာ မသင်း(သေဆုံးသူ) လိုက်ပါလာပါတယ်။ သူက မုံရွာထိ ကားမောင်းပြီး မုံရွာရောက်မှ ကလေးမြို့ပြန်မယ်ဆိုပြီး ကျွန်မမှာလည်း မိဘတွေနဲ့ အတူပြန်တွေ့ရတော့မယ်ဆိုပြီး ပျော်နေတာပါ။

တကယ်ပြန်မယ်လို့ ကျွန်မထင်ခဲ့တာ။ မုံရွာအထွက် သမိုင်းဝင် အင်ကြင်းတော မရောက်ခင် တောလမ်းထဲကို ကွေ့မောင်းသွားလို့ ကျွန်မက ဘာဖြစ်လို့လဲ၊လမ်းမှားနေပြီလို့ ပြောတော့ ကျွန်မကို ( ဒါက ဂန့်ဂေါ သွားတဲ့ဖြတ်လမ်း) လို့ လိမ်ပြောပါတယ်။

အဲဒီကနေ တစ်မိုင်လောက်မှာ ကားရပ်ပြီးကလေးမြို့ပြန်မယ်ဆိုပြီး သူခေါ်လာတဲ့ အမျိုးသမီး(မသင်း)ကို ထိုးကြိတ်ပါတယ်။ ကျွန်မကိုယ်တိုင် ၀င်ရောက်ကယ်တင်ခဲ့သော်လည်း ကျွန်မကို ကားထိုင်ခုံနဲ့ ခေါက်ညှပ်ပြီး လည်ပင်းနဲ့ရင်ညွန့်ကို ကားဒစ်ဘုတ်နဲ့ဖိညှပ်ခဲ့ပြီး ( ငါ့လုပ်ငန်းကိစ္စ ငွေလိမ်လို့ ငါ အပြစ်ပေးတာ၊ နင်ဘာတစ်ခုမှ မသိဘဲနဲ့၊ မဆိုင်ဘဲနဲ့ ကယ်ဖို့မကြိုးစားနဲ့) လို့ပြောပါတယ်။

( ဘာပဲဖြစ်ဖြစ် တရားဥပဒေနဲ့ မျှတစွာ ဖြေရှင်းပါ) လို့ကျွန်မတောင်းပန်ပေမယ့် ( ငါတို့မှာ တရားဥပဒေဆိုတာ မရှိဘူး) တဲ့။ (ဒီမုံရွာခရိုင်နဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တစ်ခုလုံးပါ ငါဘာမဆိုလုပ်လို့ရတယ် ငါပိုင်တယ်) ဆိုပြီး ကျွန်မကို အရင်ဒဏ်ရာတွေပိုဆိုးလာအောင်လုပ်ပြီး အသက်ရှုကြပ်မှ မသင်းကိုသူသတ်လိုက်ပြီး အမှောင်တောထဲမှာ ပစ်ထားခဲ့ပါတယ်။

ကျွန်မတို့ကိုဘယ်အကူအညီမှ မရနိုင်တဲ့ (၁၈)ရက်နေ့ည (၁၀)နာရီလောက် ဒီတောလမ်းထဲမှာဖြားယောင်းေ ခ်ါသွားတာပါ။ အဲဒီကနေ မန္တလေးကို ပြန်မောင်းသွားပြီးပတ္တမြားတည်းခိုခန်းမှာ တည်းပါတယ်။ ငါ လူသတ်တဲ့ အကြောင်း နင်နဲ့မဆိုင်တာဝင်ပြောမယ်၊ တိုင်မယ်ဆိုရင် ငါ နင့်ကိုအချိန်မရွေးသတ်ရဲတယ်ဆိုတာ မှတ်ထား လို့ ခြိမ်းခြောက်ပါတယ်။

အဲဒီမှာ အခန်းထဲမှာ ပဲထမင်းစားရတယ်။ အပြင်ထွက်ခွင့်မရှိဘူး။ကျွန်မ(၃) ကြိမ်တိုင်တိုင် ပတ္တမြား တည်းခိုခန်းပိုင်ရှင်ကို (အခွင့်အရေးမရမက နေ့ညမအိပ်ဘဲကြိုးစားပြီး) စာနဲ့ရော၊ မျက်ရိပ်နဲ့ရော၊ ပါးစပ်နဲ့ကပါပြော/တိုင် ခဲ့ပေမယ့် အခြေအနေမထူးခဲ့ပါဘူး။

ကားမှန်အနက်တပ်တဲ့နေရာမှာလည်းစာရေးမကို ရဲကိုဖုန်းဆက်ပေးပါလို့ အကူအညီတောင်းခဲ့ပါတယ်။ ကျွန်မဒီမတရားလုပ်ကြံသတ်ဖြတ်မှုကို ချက်ချင်းအမြန်ဆုံးဖော်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်မကို လုံးဝ အလစ်မပေးတော့ပါဘူး။

(၂၇)ရက်နေ့မန္တလေးကနေ ပြန်လာတယ်။ ကလေးမြို့ကို ၂၈.၆.၂၀၁၂၊ မနက်(၆)နာရီမှာရောက်ပါတယ်။ အိမ်ပြန်မပို့ဘဲ ချင်းတောင်တန်းဟိုတယ်မှာ တည်းပါတယ်။ မိဘတွေကို အသိမပေးဘဲ သူ့အိမ်မှာ ပစ္စည်းထားပြီး ခရီးပြန်ထွက်မယ်။ ကျွန်မလိုက်ကိုလိုက်ရမယ်လို့ ပြောပါတယ်။

ကျွန်မ ဒီရောက်ပြီးမှတော့ မိဘ/မိဘရင်ခွင်ထဲ ငိုယိုပြီး ကျွန်မအဖြစ်ကို မိဘတွေသိရင် ဘယ်လောက်ထိ
ရင်နာလိုက်မလဲဆိုပြီး ၀မ်းနည်းလွန်းလို့ မိဘနဲ့တွေ့ခွင့်တောင်းတာ ခဏလေးပဲတွေ့ခိုင်းပါတယ်။အဲဒီအချိန်မှာ ညီမလေးအငယ်ဆုံးကို အိမ်သာဘက်ခေါ်ပြီး( အစ်မကြီးဆီကိုသွားပြောပါ၊ ချင်းတောင်တန်းဟိုတယ် အခန်းနံပါတ်(၃၀၄) မွေ့ယာ အောက်မှာ ကျွန်မစာမြန်မြန်ရေးပြီး ဖွက်ထားတာရှိတယ်၊ အမြန်သွားဖတ်ပါ ) လို့ သွားပြောခိုင်းလိုက်ပါတယ်။

ပြီးတော့ ရဲစခန်းကိုအမြန်သွားအကူအညီတောင်းပါလို့ ပြောလိုက်တယ်။ ပြီးတော့သူတို့အိမ်သွားပါတယ်။ ကျွန်မ အဲဒီမှာ အိမ်နံပါတ်တွေမှတ်ထားလိုက်တယ်။ကားထဲက စောင့်ခိုင်းတာပါ။ အဲဒါပြီးတော့ ကားရေဆေးခိုင်းတယ်။
ကျွန်မအစ်မလည်း တည်းခိုခန်းကိုသွားပြီးတော့ မန်နေဂျာကို အကူအညီတောင်းပြီး ကျွန်မတို့ တည်းတဲ့ အခန်းထဲက စာဖတ်ပြီးတာနဲ့ စာကိုယူပြီး ရဲစခန်းချက်ချင်းသွားပါတယ်။

အဲဒီမှာ ရဲစခန်းအရှေ့မှာတွေ့တဲ့ ရဲကိုချက်ချင်းတိုင်ပြီး အကျိုးအကြောင်းပြောပြပြီး ကျွန်မရေးထားတဲ့ စာကိုလည်းအဲဒီ ဒုရဲအုပ် စိုးနောင် (ခရိုင်အထူးမှုခင်းနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင်) က ယူထားလိုက်ပါတယ်။ ကျွန်မတို့ထင်တာတော့ တရားခံကို ချက်ချင်းဖမ်းဖို့ စီစဉ်မယ်။

ပြီးတော့ကျွန်မရဲ့အသက်ကတရားခံရဲ့လက်ထဲမှာရှိတယ်ဆိုတော့ ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ယုံကြည်အားကိုးခဲ့တာပါ။ ဒါပေမယ့်အဲဒီတရားခံက ဒုရဲအုပ်စိုးနောင်နဲ့ အရမ်းရင်းနှီးပြီး လူယုတ်မာ (မိုးသူ)
ကျွေးသမျှ စားထားမျိုထားတဲ့ ရဲသစ္စာဖောက်ဆိုတော လူယုတ်မာ မိုးသူကိုချက်ချင်းဖုန်းဆက်ပြီး ( မင်းကို လူသတ်မှုနဲ့တိုင်လာတဲ့ ကောင်မလေးက မင်းနဲ့အတူပါလာတဲ့မိန်းမ၊ မင်းဘေးနားကမိန်းမ၊ မင်းကို သူ့အစ်မနဲ့
စာရေးပြီး လာတိုင်ခိုင်းတယ်) လို့ ပြောတော့ ကျွန်မမှာ ရဲအားကိုးမိကာမှ ရဲက တရားခံဘက်ပါနေတော့ ကျွန်မ အရမ်းတုန်လှုပ်သွားတယ်။

ကျွန်မမတိုင်ပါဘူးလို့ ငြင်းတော့ ဗိုလ်လေးစိုးနောင်က အတိအကျပြောနေတာ၊မယုံရင် ရော့-ဖုန်းပြော ဆိုပြီး ကျွန်မနဲ့ပြောခိုင်းပါတယ်။ ကျွန်မကို (ဒီကိစ္စနင်ဖော်လိုက်ပြီဆိုတော့ နင့်ကို ငါသတ်ပစ်မယ်၊ ငါ့လက်က ဘယ်လိုမှမလွတ်ဘူး )ဆိုပြီး ကားကို ဟိုတယ်ဘက်အမြန်မောင်းပါတယ်။

ကျွန်မလမ်းမှာ ကားပေါ်ကနေ တံခါးဖွင့်ပြီး ခုန်ချမယ်လုပ်တော့ သူကကျွန်မကိုတံခါးဂျက်ချပြီး အတင်းပြန်ဆွဲထားတယ်။ ပြီးတော့ ( သေသွားတဲ့သူကနင့်အမျိုးလည်းမဟုတ်၊ သူ့အကြောင်း သူ့မိသားစုကိုတောင် မသိဘဲနဲ့အကျိုးမရှိတဲ့ဟာကို ဘာဖြစ်လို့ တိုင်ရတာလဲ၊ နင်ဘာအကျိုးမှ မရဘူး။ ငါလည်းဘာမှ မဖြစ်ဘူး ) လို့ပြောပါတယ်။

ဟိုတယ်ရောက်တာနဲ့ ကားတံခါးဖွင့်ပြီးကျွန်မ ကားတစ်စီးဝင်လာတာတောင် ဂရုမစိုက်နိုင်တော့ဘဲ ကားရှေ့တိုက်ခါနီးဇွတ်အတင်းဝင်တိုးပြီး ဟိုတယ်ထဲပြေးပုန်းပါတယ်။ နောက်ပြီး သူကမှတ်ပုံတင်တွေယူ၊ အခန်းခရှင်းနေတုန်းမှာ ကျွန်မဟိုတယ်နောက်ဖေးကနေထွက်ပြီး ခုန ကျွန်မကို တိုက်ခါနီးဖြစ်သွားတဲ့ ကားထဲကိုအတင်းဝင်ပုန်းပြီး ကားမောင်းတဲ့အစ်ကိုကို ကျွန်မ ဒုက္ခရောက်နေတယ်။

ကူညီပါ၊ရဲစခန်းကို အမြန်ပို့ပေးပါလို့ ပြောပါတယ်။ အဲဒါနဲ့ အန်ကယ်တစ်ယောက်ကားပေါ်ပြန်တက်လာပြီး ခုနက ကားရှေ့မှာ အလန့်တကြားနဲ့ အတင်းဖြတ်ပြေးသွားတဲ့ကလေးမဘဲ။ ကားတိုက်လို့ သေတော့မှာပဲ လို့တောင် ပြောလိုက်သေးတယ်။သမီးဘာဖြစ်တာလဲ လို့ပြောတော့ ကျွန်မက အကျိုးအကြောင်းပြောပြ ပါတယ်။

အမှန်တော့ ဒုရဲအုပ်စိုးနောင်က မိုးသူဆီက ငွေတွေစားထားတာ မနည်းတော့တရားခံကို ပြေးဖို့အခွင့်အရေး ပေးလိုက်ပြီး သူနဲ့ တွေ့ဖို့(နှစ်ယောက်တည်း) ချိန်းတွေ့ကြဖို့ ဖုန်းပြောနေပါတယ်။

တွေ့လည်းတွေ့ကြပါတယ်။ ကျွန်မမှာတော့ ရဲအားကိုးမိမှတော့ အသက်လုပြီးခွေးပြေးဝက်ပြေးပြေးလိုက်ရတာ အသက်ထွက်မတတ်ပါပဲ။ခရိုင်ရဲစခန်းအရင်သွားတော့ လူသတ်တရားခံမိုးသူ ဆိုတာကြားတော့
ကသည်း သူပုန်မှန်းသိတော့ သိပ်ပြီးထိထိရောက်ရောက်ဆောင်ရွက်ပေးတာမရှိခဲ့ပါဘူး။

ကျွန်မကို လိုက်ပို့တဲ့ ကားပိုင်ရှင်က (ညီမ သူတို့တွေက တရားခံဘက်မှာ အားလုံးပါနေပြီ။အရမ်းသိသာတယ်) လို့ပြောပါတယ်။ မြို့နယ်ရဲစခန်းမှာကျွန်မအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ သူက ကျွန်မနှင့် ဘာမှသွေးသား မတော်စပ်သူဆိုတော့ ဒီအမှုကို ရှေ့တိုးမှာလား၊ နောက်ဆုတ်မှာလား လို့ စခန်းမှူးက မေးပါတယ်။

ကျွန်မအနေဖြင့် ဒီအမှုကို တိုင်ရခြင်းကတော့ မတရားမင်းမဲ့စရိုက်နဲ့ ဥပဒေမရှိတဲ့နိုင်ငံလို လူတစ်ယောက်ရဲ့ အသက်တစ်ချောင်းကို မနှမြော တန်ဖိုးမထားတတ်တဲ့၊ အနိုင်ကျင့်စော်ကားတတ်တဲ့၊ဆေးစွဲပြီး စိတ်ဂနာမငြိမ် ဖြစ်နေတဲ့သူကို ဥပဒေနဲ့အညီ ထိန်းသိမ်းဆုံးမပေးပါ။

မြန်မာနိုင်ငံမှာခိုလှုံပြီး မြန်မာနိုင်ငံသားတွေကို ကိုယ်ထိလက်ရောက်အနိုင်ကျင့်၊ အထင်သေးစော်ကား၊ သတ်ဖြတ်နေတဲ့ တရားဥပဒေမရှိတဲ့၊ ရိုင်းစိုင်းနေတဲ့ သူတို့ကို လက်နက်ကိုင်ခွင့်ပေးထားတာအဆိုးဆုံးပါပဲ။ ကျွန်မမှာ လူမျိုး၊ ဘာသာ ခွဲခြားတဲ့စိတ်မရှိပါဘူး။

အဲဒါကြောင့် လူ့အသက်တစ်ချောင်းအတွက် ကျွန်မအသက်အန္တရာယ်ကိုတောင် ပဓာနမထားပဲ အမှန်တရားဘက်က ရပ်တည်စွန့်စားခဲ့တာပါ။ ဒီလိုသာ လုပ်ချင်တိုင်း လုပ်ခွင့်၊ ထင်ရာ စိုင်းခွင့်ပေးထားမယ် ဆိုရင် ဥပဒေ၊ လူမှုရေး၊ ဘာသာရေးနဲ့နားလည်မှုဆိုတာ မရှိတဲ့သူတို့မှာ မသင်္ကာစရာလူ၊ အထင်လွဲ စရာ လူတွေအားလုံးကိုဒီလိုနည်းနဲ့ပဲ ဖြေရှင်းသတ်ဖြတ်ပစ်ကြမှာပဲ။

ကျွန်မကကသည်းသူပုန်တွေရဲ့စိတ်၊ ရက်စက်တတ်တဲ့စရိုက်တွေကို လက်တွေ့ကြုံခဲ့ရသူပါ။စ.ရ.ဖ နဲ့ အချို့သောရဲတွေက သူတို့ဆီက ငွေမက်လုံးတွေယူပြီး ပြည်သူတွေရဲ့အသက်ကို မကာကွယ်ဘဲ ပြည်သူတွေရဲ့ အခက်အခဲကို မကူညီဘဲ ဒုက္ခရောက်အောင်လုပ်သလို ဖြစ်နေပါပြီ။

၂၈.၆.၂၀၁၂ မှာညနေ(၆)နာရီလောက်မှာမြို့နယ်ရဲစခန်းရောက်ပါတယ်။ ဒုရဲအုပ်စိုးနောင်၊ နယ်ထိန်း ခေါင်းဆောင်၊ စခန်းမှူးတို့ အကြံနဲ့ ကျွန်မကို ရဲမေမပါဘဲ သက်သေခံပစ္စည်းထားတဲ့အခန်းမှာ အိပ်ခိုင်း ပါတယ်။ ပြတင်းပေါက်တွေကဂျက်မရှိဘဲ ပြုတ်နေပါတယ်။

တာဝန်မှူးက တံခါးတွေ၊ ပြတင်းတွေ သေချာစစ်ပေးမှပြတင်း ဂျက်ပြုတ်နေတဲ့ဟာကို သစ်သားနဲ့ ဂလန့်ပြီး ကန့်လန့်ထိုးထားလိုက်ပါတယ်။ ကျွန်မမှာ လူရောစိတ်ရော ပင်ပန်းလွန်းလို့ ခဏအိပ်ပျော်သွားပါတယ်။

ပြတင်းတံခါးခေါက်သံကြားမှ ကျွန်မနိုးလာတယ်။ သေချာကြည့်လိုက်တော့ပြတင်းဂျက်ပြုတ်နေတဲ့ဘက်ကနေ ခတ်ထားတဲ့ တံခါးသော့ဖွင့်ပေးပါတယ်။ ကျွန်မ စခန်းမှူးရုံးခန်းထဲက ကြမ်းပြင်ကော်ဇောပေါ်မှာပဲ အိပ်ခွင့်တောင်းပါတယ်။

ကျွန်မကို ရဲမေမပါဘဲ အိပ်ခိုင်းတာ။ ပြီးတော့ ပြတင်းတံခါးမကောင်းဘဲအပြင်ဘက်ကဆွဲဖွင့်တာတွေ ကျွန်မအသက်အန္တရာယ်၊ အဲဒီနေ့သာ တံခါးကို မစစ်ဘဲ သစ်သားနဲ့ ကန့်လန့်မပိတ်ထားရင် ကျွန်မအခုလို အသက်ရှင်တော့မှာမဟုတ်ဘူး။

တွေးမိတိုင်း ရင်နာစရာ၊ ကြက်သီးထစရာပါ။ ကျွန်မ အသက်အန္တရာယ်ကဘယ်အချိန်မှာမှ လုံခြုံစိတ်ချ ရတော့မှာလဲ။ ကျွန်မကို အခုအချိန်ထိနှုတ်ပိတ်ဖို့ကြိုးစားနေကြတုန်းပါ။ ကျွန်မဘ၀က အချိန်ပြည့် အသက် အန္တရာယ်ရှိနေပါတယ်။

ကျွန်မဘ၀ကို အမှန်တရားဘက်ကရပ်တည်ဖြေရှင်းကာကွယ်ပေးကြပါလို့ အသနားခံ တင်ပြလျှောက်ထား အပ်ပါတယ်။

မိန်းကလေးတစ်ယောက်ရဲ့ အိနြေ္ဒ၊ သိက္ခာ၊ ကိုယ့်ကျင့်တရား၊ နာမည်၊စိတ်ရောလူပါ ဘ၀များစွာ ထိခိုက်နစ်နာခဲ့ပါတယ်။ ကျွန်မရဲ့ ခေါင်းတွေနာကျင်မူးဝေနေတုန်းပါဘဲ။ ကျွန်မရဲ့ အသိဥာဏ်၊ အသိ၊ အမြင်၊ အကြားအာရုံတွေ ပျက်စီးစေ လိုသော စိတ်နဲ့ ညှင်းပန်းနှိပ်စက်ခဲ့တာပါ။ သူနဲ့ ပေါင်းစဉ်ကိုယ်ဝန်ရလျှင်လည်း ရက်ရက်စက်စက် အဓမ္မဖျက်ခိုင်းပါတယ်။

ကျွန်မဒီရဲစခန်းရောက်မှ သိရတာက သူ့မှာ မိန်းမနဲ့ ကလေးနှစ်ယောက်ရှိတယ်လို့ ပြောပါတယ်။ သားသမီးချင်းတောင် ကိုယ်ချင်းမစာတဲ့ ယုတ်မာရက်စက်တဲ့သူပါ။

မကျိန်ငိုက်မန်(ခ) မီးငယ်
၅/ ကလထ(နိုင်) ၁၇၉၉၃၀

<http://www.lubo601.com/2012/07/blog-post_9622.html>


( ၄င်းကိစ္စနှင့်ပတ်သက်၍ မကျိန်ငိုက်မန် အလုပ်လုပ်ကိုင်ရာယူနီဆက်အဖွဲ့အစည်းမှ မည်သို့ သဘောထား သည်ကို မသိရသေးပါ။ ILO သို့တိုင်ကြားထားကြောင်း သိရသည်။ မိမိတို့ တိုင်းရင်းသူ တစ်ဦး၏ အသက် အန္တရာယ်နှင့် လုံခြံရေး၊ လူမဆန်စွာ အလွယ်တကူ သတ်ဖြတ်ခဲ့ခြင်းတို့ကို တရားဥပဒေအတိုင်း ဖြောင့်မှန်စွာ ဖြစ်ပေါ်လာရေးတို့အတွက် မြန်မာနိုင်ငံတွင်းနှင့် တကမ္ဘာလုံးရှိ မြန်မာလူမျိုးအပေါင်းတို့အား အသိပေးအပ်ပါသည်။ )

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved