သာစည်က ဓာတ်ဆီဆိုင်ဘာဖြစ်လဲ ???

Saturday, July 7, 2012

စွမ်းအင်ဝန်ကြီးဌာနပိုင်း ဓာတ်ဆီဆိုင် တဆိုင်


သို့
၁။ ဦးသိန်းစိန်
နိုင်ငံတော်သမ္မတကြီး
နိုင်ငံတော်သမ္မတရုံး
နေပြည်တော်။

၂။ နာယက
ပြည်ထောင်စုလွှတ်တော်
နေပြည်တော်။
နေစွဲ။ ။၂၀၁၂ ခု - ဇူလိုင်လ (၆)ရက်
၁၃၇၄-ခု ပထမ-၀ါဆိုလပြည့်ကျော် (၃)ရက် ၊ သောကြာနေ့ ။

အကြောင်းအရာ။ ။ မြို့လယ်ခေါင်တွင် စက်သုံးဆီဆိုင် ထားရှိခြင်းကိစ္စကို အမြန်ဆုံးဖယ်ရှားပေးရန်
တင်ပြ တောင်းဆိုခြင်း ။

အထက်အကြောင်းအရာပါကိစ္စနှင့် ပါတ်သက်၍ ကျနော်တို့ သာစည်မြို့လယ်ခေါင်တွင် ရှေးယ္ခင် က အစိုးရပိုင် ဓါတ်ဆီဆိုင်တည်ရှိခဲ့ပါသည်။ ယ္ခုအခါ အစိုးရပိုင်မှ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရောင်းချသောအခါ KZH “ကောင်းဇော်ဟိန်း” အမည်ရှိ ပုဂ္ဂလိကပိုင် ဓါတ်ဆီဆိုင်ဖြစ်လာပြီး တိုးတက်လာသောလူဦးရေ နှင့်အညီ ကား ၊ ဆိုင်ကယ်သုံးစွဲမှု မြင့်မား လာသောကြောင့် လောင်စာဆီ သုံးစွဲမှုများပြားပြီး ဆီလှောင်မှုလည်းများပြား သည်ဖြစ်၍ မြို့ပေါ်တွင်ဓါတ်ဆီဆိုင်ဖွင့်ရန် မည်သို့မျှ မသင့်တော်ကြောင်း တင်ပြရခြင်းဖြစ်ပါသည်။

အသေးစိပ်တင်ပြရပါလျှင်
- ယ္ခင် အစိုးရဓါတ်ဆီဆိုင်၏ ဆီသိုလှောင်မှုမှာ ဓါတ်ဆီ ၁၂၀၀-ဂါလံ။ ဒီဇယ် ၁၆၀၀-ဂါလံ ဖြစ်သည်။
- ယ္ခု ကောင်းဇော်ဟိန်းကုမ္ပဏီပိုင်ဆီဆိုင်တွင် ဂါလံ(၁၀၀၀၀)ဆန့် လှောင်ကန်တခု
- ဆိုင်၏ အနောက်ဖက် ပေ-၂၀အကွာ လမ်းခြားလျှက် ဂိုဒေါင်ဖြင့် ဂါလံ(၁၅၀၀)ဆန့်တိုင်ကီ(၆)လုံး
- ၎င်းတိုင်ကီများမှ ဆီများကို အရောင်းပန့်အောက်ရှိ ကန်များသို့ ပိုက်ဖြင့်သွယ်တန်း၍ ဆီဖြည့်ခြင်း
- ဆီဖိတ်စင်မှုများရှိနိုင်၍ မသမာသူများလက်ချက်(သို့) မတော်တဆမီးလောင်ကျွမ်းမှု ဖြစ်နိုင်ခြင်း
- ဆိုင်၏တောင်ဘက် ၁၅-ပေအကွာအတွင်း မူကြိုကျောင်းတကျောင်းရှိခြင်း
- အရှေ့ဘက် ပေ-၃၀ အကွာတွင် မြန်မာ့စီးပွားရေးဘဏ် ၊ လ၀ကရုံး ၊ သမဦးစီးမှူးရုံး ရှိခြင်း
- အရှေ့မြောက်ဘက် ပေ-၁၀၀ခန့်အကွာတွင် (၃၃/၁၁)KV(5)MVA လျှပ်စစ်ဓါတ်အားခွဲရုံ
- တောင်ဘက် ပေ-၃၀၀ခန့်အကွာတွင် သာစည်မြို့အထက်တန်းကျောင်း
- ဓါတ်ဆီဆိုင်သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံလမ်းမကြီးပေါ်တွင် တည်ရှိနေခြင်း
- ဆောက်လုပ်ရေးဥပဒေအရ လမ်းမကြီးနှင့် ပေ-၅၀ အတွင်း၌သာရှိနေခြင်း
- အနောက်ဘက် သာစည်အထက်တန်းကျောင်းသို့ဝင်ရာလမ်းနှင့်လည်း ပေ-၅၀အတွင်းမှာဘဲရှိခြင်း
- သို့ပါ၍ စည်ပင်ဥပဒေနှင့်လည်း ငြိစွန်းမှုရှိနေခြင်း
- မီးသတ်ဥပဒေအရ တနိုင်တပိုင်ရောင်းချသူများပင် နွေရာသီမီးဘေးအန္တရာယ်အရ မြို့တွင်း မြို့ပေါ် တွင် မရောင်းချရန် လိုက်လံသတိပေးနေသော်လည်း ဒီလိုဓါတ်ဆီဆိုင်ကြီး ဆက်လက်ရှိနေခြင်း
- လ္ဘက်ရည်ဆိုင် ၀က်သားဒုတ်ထိုးဆိုင် စသည် မီးအသုံးပြုသည့် စားသောက်ဆိုင်များနှင့် နီးကပ်စွာ ရှိနေခြင်း
- ဆီဆိုင်မှ ထုတ်ယူပြီးသောဆီများအား ပူပြင်းသောနေရောင်အောက်တွင် ပိုက်ဖြင့်ပြန်လည်ထုတ် ယူ၍ ဆီပွဲစားများက ဆီအရောင်းအ၀ယ်ပြုလုပ်နေကြခြင်း
- မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းသည် မြို့နယ်အတွက်ဖြန့်ဝေသော လျှပ်စစ်ဓါတ်အားထိန်း ဖြန့်ဖြူး စက်ရုံ (ဓါတ်အားခွဲရုံ)ကို ရုံးအတွင်းမှာပင် ဆောက်လုပ်နေ၍ ဓါတ်ဆီဆိုင်နှင့် လျှပ်စစ်ဝန်းသည် ပေ-၁၀၀တောင်မှ မကွာ ။ လျှပ်စစ်အထိုင်နှင့်လည်း ပေ-၂၀၀ သာကွာဝေးခြင်း။
- ဓါတ်ဆီဆိုင်၏ ဂိုဒေါင်ဘေးမှာ ကပ်လျှက် ထရန်စဖော်မာရှိနေခြင်း
- ဓါတ်ဆီသည် အငွေ့ဖြင့်ပင် ချက်ချင်းမီးကူးစက်လောင်ကျွမ်းရန် လွယ်ကူခြင်း
- အထက်တန်းကျောင်းသို့ဝင်ရာလမ်းဘေးဖြစ်နေပြီး ယင်းလမ်းဘေးမှာပင် ဆီမှောင်ခိုကဲ့သို့ လမ်းပေါ်သို့ နေရာယူရောင်းချနေမှုကြောင့် ကျောင်းတက်ကျောင်းဆင်းချိန်များတွင် လမ်းပိတ်ဆို့မှု များ ရှိနေပြီး ကျောင်းသားများနှင့် ရင်သွေးငယ်များအတွက် အန္တရာယ်ရှိနိုင်ခြင်း
- မြို့ပေါ်ရပ်ကွက် ကျေးရွာအသီးသီးမှ ကား ဆိုင်ကယ်များ တန်းစီ ဆီဖြည့်တင်းမှုကြောင့် လမ်းပိတ် ဆို့မှုများ ယဉ်တိုက်မှုများ မကြာခနဖြစ်ပေါ်နေခြင်း
- ဓါတ်ဆီဆိုင်ကွေ့သည် အန္တ၇ာယ်ကွေ့ဟုခေါ်ရလောက်အောင် ဆိုင်ကပိတ်ဆို့ထားမှုကြောင့် လမ်းဘေးဝဲယာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ မမြင်ရ၍ တဖက်မှလာတာကို မမြင်ရဘဲ ယာဉ်တိုက်မှုများ မကြာခန ဖြစ်ပေါ်နေရခြင်း
- ဘေးပါတ်ဝန်းကျင်နှင့် မြို့ပေါ်ပြည်သူလူထုက မည်သို့မျှလက်မခံနိုင်ခြင်း ။
- သာစည်မြို့နယ်ဓါတ်ဆီဆိုင်အတွက် မိတ္ထီလာမြို့အထွက် မြို့ပြင်နေရာတွင် နေရာပေးထား
ပြီးဖြစ်ခြင်း။
- ကမ္ဘာ့နိုင်ငံများတွင် မည်သည့်ဒေသတွင်မှ မြို့ပေါ်လူနေရပ်ကွက်တွင် လောင်စာဆီဆိုင်
ဖွင့်လှစ်ခွင့် မပြုခြင်း။

စသည်အကြောင်းအချက်များနှင့်အညီ ကျနော်တို့ သာစည်မြို့ပေါ်မြို့လယ်ခေါင်တည့်တည့် တွင် ကောင်းဇော်ဟိန်း လောင်စာ ဆီဆိုင် ဖွင့်လှစ်ရောင်းချနေမှုအပေါ် မြို့လူထုက လက်မခံနိုင်၍ တိုင်စာများဖြင့် အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း အရေးမယူခဲ့ပါ။

ယ္ခုအခါ မြို့လယ်ခေါင်တွင် တည်ရှိနေသော ဓါတ်ဆီဆိုင်မှ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အန္တရာယ်သည် သာစည်မြို့သူမြို့သားများနှင့် သက်ဆိုင်သောကိစ္စဖြစ်ပါသည်။ သို့ပါ၍ မြို့လယ်ခေါင်တွင် ဖွင့်လှစ်ရောင်း ချနေသော ကောင်းဇော်ဟိန်း ကုမ္ပဏီပိုင် စက်သုံးဆီဆိုင်ကို အမြန်ဆုံးပိတ်သိမ်းပြီး ၎င်းအတွက် ပေးအပ် ထားရာမြို့ပြင်နေရာသို့ အမြန်ဆုံးရွှေ့ပေးပါရန် သာစည်မြို့သူမြို့သားများက စုပေါင်းလက်မှတ်ရေး ထိုး၍ နိုင်ငံတော်သမ္မတကြီးထံ တင်ပြတိုင်ကြားရခြင်း ဖြစ်ပါသည်။

ဓါတ်ဆီဆိုင်၏ တည်ရှိနေသော တည်နေရာ အနေအထား မြေပုံနှင့် နောင်ဖြစ်သင့်သော အခြေအနေပြ မြေပုံ (အကြံပြုချက်) ကို ရေးဆွဲ၍ ပူးတွဲတင်ပြပါသည်။


မိတ္တူကို -
- မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ၊ စွမ်းအင်ဝန်ကြီးဌာန ၊ ရုံးအမှတ်(၆) ၊ နေပြည်တော် ။ ဖုံး - ၀၆၇-၄၁၁၁၁၇ ။
- တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ၊ မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးတိုင်း ၊ မန္တလေးမြို့ ။
- ခရိုင်အုပ်ချုပ်ရေးမှူး ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့ ။
- မြို့နယ်အုပ်ချုပ်ရေးမှူး ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သာစည်မြို့ ။
- လက်ခံ ။



1 comments :

  1. Anonymous said... :

    ST မကျဘူးထင်တယ်နော်.. စာတင်တာက.. နည်းနည်း လေ့လာပါအုန်း..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved